HomeCovid 19မွန်ပြည်နယ် CBFQ စောင့်ကြည့်ရေးစခန်းမှ လူတစ်ဦး သေဆုံး

မွန်ပြည်နယ် CBFQ စောင့်ကြည့်ရေးစခန်းမှ လူတစ်ဦး သေဆုံး

-

အဂ္ဂနွန် (မော်လမြိုင်၊ ဧပြီ ၂)

မွန်ပြည်နယ် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၌ ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းက Community Based Facility Quarantine -CBFQ စောင့်ကြည့်ရေးစခန်းတစ်ခုမှ လူတစ်ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက “သူ့မှာက ကျောက်ကပ်ရောဂါရှိတယ်လို့ သိရတယ်၊ ဒါပေမယ့် ဒီသေသွားတာက အဲ့ရောဂါကြောင့်လား ဒါမှမဟုတ် COVID-19 လား ဆရာဝန်တို့လည်း စစ်ဆေးနေတုန်းဘဲ” ပြောသည်။

 အသက် ၃၈ နှစ်ရှိ အဆိုပါ သေဆုံးသည့်လူနာသည် ချောင်းဆုံမြို့နယ် ကလွီကျေးရွာ Community Based Facility Quarantine စောင့်ကြည့်စခန်း၌နေထိုင်စဉ် သတိလစ်မေ့မျောခဲ့ရာ မတ် ၁ ရက်နေ့က မော်လမြိုင်ပြည်သူဆေးရုံကြီးသို့ တက်ရောက်ကုသခြင်းဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူး ဒေါက်တာဝတ်မှုံက ဆိုသည်။

“သူက ပထမဆုံးက CBFQ မှာ ထားထားတယ်။ ကလွီကပေါ့နော်၊ Quarantine မှာ သတိလစ်နေတယ်ဆိုလို့ မော်လမြိုင်ဆေးရုံကြီးကိုရောက်လာတယ်၊ ဒီမော်လမြိုင်ဆေးရုံကြီးကိုရောက်လာလည်း သူက သတိလစ်နေတာပေါ့ ဒီမနက်မှာပေါ့ မနက်အစောမှာ ဆုံးသွားတယ်” ဟု ဒေါက်တာဝတ်မှုံက ပြောသည်။

အဆိုပါ သေဆုံးသူသည် ထိုင်းနိုင်ငံ မဲဆောက်- မြဝတီလမ်းကြောင်းမှတဆင့် ချောင်းဆုံမြို့နယ်ကို မတ်လ ၂၇ ရက်နေ့က ပြန်ရောက်လာပြီး သက်ဆိုင်ရာမှ နေရာချထားသော CBFQ စခန်း၌ ၁၄ ရက် နေထိုင်စဉ် သတိလစ်မေ့မျောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ မပြန်လာမီတွင် ဆီးချို၊ ကျောက်ကပ်ရောဂါဝေဒနာဖြင့် ထိုင်းနိုင်ငံဆေးရုံတစ်ခု၌  ၃ ရက်တာ ဆေးရုံတက်ကုသခဲ့သည့်ဆေးမှတ်တမ်းစာအုပ် သေဆုံးသူမှ တွေ့ရှိရကြောင်း၊ သေဆုံးသူအား COVID-19 ရောဂါရှိ၊ မရှိ စစ်ဆေးရန် အမျိုးသားဓာတ်ခွဲ(ရန်ကုန်) သို့ ပေးပို့ထားပြီး ယနေ့ညတွင် အဖြေသိနိုင်မည်ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အလားတူ ရေးမြို့နယ်တောင်ပိုင်း ရင်းရယ်ကျေးရွာ၊ အ-လ-က(ခွဲ) တွင် ဖွင့်လှစ်ထားသည့် Community Base Facility Quarantine စခန်း၌ ဧပြီ ၁ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံမှပြန်လာသူ အသက် ၃၉ နှစ်အရွယ်  အမျိုးသမီးတဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ရေးမြို့နယ် ဆေးရုံစစ်ဆေးတွေ့ရှိချက်အရ အဆိုပါသေဆုံးသူသည် မတ်လ ၂၅ ရက်နေ့က ရင်းရယ် CBFQ စခန်းသို့ရောက်ရှိလာပြီး ဒူးနာနှင့် အစာအိမ်ရောဂါလက္ခဏာသာရှိကြောင်း၊ ၎င်းသေဆုံးသွားသည့်အတွက် Covit-19 ရောဂါဟုတ်မဟုတ် ရန်ကုန်ဓာတ်ခွဲခန်းအဖြေရရှိပြီးမှသာ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း  ရေးမြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။

မွန်ပြည်အတွင်း COVID-19 သံသယစောင့်ကြည့် Quarantine လုပ်ဆောင်နေသည့် ကာလ ဧပြီ ၂ ရက်နေ့ ၁၀ နာရီအထိ လူသုံးဦး သေဆုံးခဲ့ပြီး Hospital Quarantine စောင့်ကြည့် လူနာလည်း ၅၄ ဦးအထိ တိုးလာသည်။

 ဧပြီ ၁ ရက်နေ့ ည ၈ နာရီခန့်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကြောင့် တစ်ဦးသေ၊ ၁၅ ဦး ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

Photo- ချောင်းဆုံမြို့နယ် စာသင်ကျောင်းတစ်ခုတွင် ဖွင့်လှစ်ထားသည့် CBFQ စခန်း (Naiaung Naing)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts