Homeသတင်းပြည်ပမှပြန်လာသူများကို သတ်မှတ်နေရာအဆောက်အဦ Facility Quarantine Center များတွင် ၁၄ ရက်နေထိုင်သွားရန် မွန်ပြည်နယ်အစိုးရစီစဉ်

ပြည်ပမှပြန်လာသူများကို သတ်မှတ်နေရာအဆောက်အဦ Facility Quarantine Center များတွင် ၁၄ ရက်နေထိုင်သွားရန် မွန်ပြည်နယ်အစိုးရစီစဉ်

-

မွန်သတင်းအေဂျင်စီ (မော်လမြိုင်၊ မတ်လ ၂၆)

မွန်ပြည်နယ်သို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားသည့် ပြည်ပနိုင်ငံများမှပြန်လာသူ မည်သူ့ကိုမဆို ကျန်းမာရေးကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သတ်မှတ်နေရာအဆောက်အဦ facility Quarantine Center များတွင် ၁၄ ရက် နေထိုင်သွားရန် မွန်ပြည်နယ်အစိုးရ စီစဉ်နေကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က “ Home Quarantine မအောင်မြင်ဘူး သိကြတဲ့အတိုင်းပဲ၊ Home Quarantine ကို အချို့ကျတော့ လိုက်နာတယ်၊ တချို့က မလိုက်နာဘူးပေါ့၊ အိမ်ထဲမှာ သီးခြား ၂ ပတ်နေရမယ် မလိုက်နာကြဘူး၊ လျှောက်သွားနေကြတယ်၊ ဒါကို ရွာက လက်မခံဘူး၊ အဲတော့ မနေ့က ဝန်ကြီးချုပ်နဲ့ အစည်းအဝေးမှာတော့ Home quarantine ကို လုံးဝမလုပ်တော့ပါဘူး Facility Quarantine စလုပ်မယ်”ဟု ဆိုသည်။

ပြည်ပနိုင်ငံများမှ မွန်ပြည်နယ်သို့ ပြန်လာသူများကို နေအိမ်၌ Home Quarantine အစား Facility Quarantine ပြောင်းလဲဆောင်ရွက်သွားရန် ယမန်နေ့ (မတ်လ ၂၆ ရက်) က ကျင်းပခဲ့သော မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဥပမာအားဖြင့် အထက်တန်း အလယ်တန်း စာသင်ကျောင်းတွေက ရွာတိုင်းမှာရှိတယ်လေ ဒီကျောင်းတွေမှာ Quarantine လုပ်မယ်ပေါ့ Facility ဆိုတော့ သူတို့ နေဖို့၊ အိပ်ဖို့၊ စားဖို့၊ လုံခြုံရေး လက်ဆေးဖို့ ဘာညာ အဲဒါမျိုးတွေ စီစဉ်ပေးဖို့ ဆွေးနွေးတာပေါ့”ဟု ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။

မွန်ပြည်နယ်တွင် မတ်လ ၂၆ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယစောင့်ကြည့်လူနာ ၂၁ ဦးအထိ တိုးလာကြောင်း၊ ပြည်နယ်တဝန်းတွင် စောင့်ကြည့်လူနာများထားရှိရန် ကုတင် ၈၀၀ အဆင်သင့်ပြင်ဆင်ထားကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယမန်နေ့က နေပြည်တော်၌ ကျင်းပသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၁/၂၀၂၀) တွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ နေ့စဉ်ထောင်ချီ၍ အစုလိုက် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေမှု အခြေအနေသည် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ ဖြစ်ပွားရန်အတွက် အခွင့်အလမ်း အလွန်များပြီး အန္တရာယ်လည်းကြီးမားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

သို့ရာတွင် ထိုင်းနိုင်ငံ၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အရေးပေါ်ကာလသတ်မှတ်ထားသဖြင့် ခရိုင်တစ်ခုနှင့်တစ်ခု ပို့ဆောင်သည့် ခရီးသည်တင်မော်တော်ကားများသွားလာခြင်းမရှိသလို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ဂိတ်အားလုံးကို ပိတ်လိုက်သဖြင့် အစုလိုက်အပြုံလိုက် နေရပ်ပြန်လာကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ မရှိတော့ကြောင်း ထိုင်း-မြန်မာ နယ်စပ်ဂိတ်များမှ စုံစမ်းသိရှိရသည်။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ မတ်လ ၂၇ ရက် နံနက် ၁ နာရီ ၄၅ မိနစ် သတင်းထုတ်ပြန်ချက်အရ မတ်လ ၂၆ ရက်နေ့ ညပိုင်းအထိ ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ်နှစ်ဦး တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့သူ ၅ ဦး ရှိသွားပြီဖြစ်သည်။

Photo-Guideline for Home Quarantine (ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts