Homeငြိမ်းချမ်းရေးစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုမတည်ဆောက်ပါက နိုင်ငံပြိုကွဲနိုင်ဟုနိုင်ဟံသာသုံးသပ်

စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုမတည်ဆောက်ပါက နိုင်ငံပြိုကွဲနိုင်ဟုနိုင်ဟံသာသုံးသပ်

-

မွန်သတင်းအေဂျင်စီ (ဖေဖော်ဝါရီ ၂၈)

တိုင်းရင်းသားအသီးသီးတို့သည် မိမိတို့လူမျိုးရေရှည်တည်တန့်ခိုင်မြဲရေးအတွက် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေကြသဖြင့် ပြည်ထောင်စုစစ်စစ် သို့မဟုတ် ဖက်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်နိုင်ပါက နိုင်ငံပြိုကွဲနိုင်ကြောင်း ဖက်ဒရယ်ရေးရာနှင့်ပေါ်လစီစင်တာ FAPC Center ငြိမ်းချမ်းရေးစကားဝိုင်းတွင် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာ သုံးသပ်ဆွေးနွေးပြောဆိုခဲ့သည်။

နိုင်ဟံသာက “တိုင်းရင်းသားတွေ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်လာတာ အင်အားလျော့ကျသွားတာမရှိပါဘူး၊ ဒီအပေါ်မှာ နိုင်ငံတကာနဲ့ ပညာရှင်တွေသုံးသပ်တာကတော့ ပြည်ထောင်စုစစ်စစ် တနည်းပြောရင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှ မိမိတိုင်းရင်းသားအရေးကိုမိမိတို့စီရင်ဆုံးဖြတ်ခွင့်ရှိမှ ငြိမ်းချမ်းနိုင်မယ်၊ ပြည်ထောင်စုနိုင်ငံစစ်စစ်ကို မတည်ဆောက်နိုင်ရင်တော့ နိုင်ငံပြိုကွဲသွားနိုင်တယ်” ဟု သုံးသပ်သည်။

“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး” ခေါင်းစဉ်ဖြင့် FAPC Center ၏ ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေးစကားဝိုင်းအစီအစဉ်ကို မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းအချိန်တွင်ကျင်းပရာ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာ၊ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦး၊ မွန်ညီညွတ်ရေးပါတီ တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမ၊ မွန်လူငယ်များဆုံရပ် MYF အကြံပေး နိုင်ဉာဏ်စိုက်ရာမာန်၊ FAPC အမှုဆောင်ဒါရိုက်တာ ဒေါက်တာသီရိမွန်ချမ်းနှင့် FAPC Program director နိုင်ဗညားမွန်က facilitator ဆောင်ရွက်ခဲ့ပြီး စိတ်ပါဝင်စားသူ တစ်ရာနီးပါးခန့်တက်ရောက်ခဲ့သည်။

“အင်အားအတန်အသင့်ရှိတဲ့တိုင်းရင်းသားတွေဟာ ဒီကနေ့အနေအထားမှာ လက်နက်ကိုင်ထားကြပါတယ်၊ ဘာကြောင့်လဲ သူတို့ရပိုင်ခွင့်မရှိလို့ လက်နက်ကိုင်ပြီးတော်လှန်နေရတာဖြစ်တယ်၊ သူတို့(အစိုးရ) ကလည်း စစ်အင်အားအလုံးအရင်းနဲ့ အနှစ် ၇၀ ကျော်တိုက်ခဲ့တာပဲ၊ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကမှ အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့တာ မရှိပါဘူး” ဟု နိုင်ဟံသာက ပြောသည်။

မွန်၊ ပအိုဝ်းနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့များက ၁၉၅၈ ခုနှစ်တွင် အစိုးရထံ ဒီမိုကရေစီနှင့်လက်နက်လဲလှယ်(လက်နက်ချ) ခဲ့သော်လည်း မိမိတို့တိုင်းရင်းသားအခွင့်အရေးမရသဖြင့်  လက်နက်ပြန်ကိုင်ခဲ့ရသလို ၁၉၉၅ ခုနှစ်နောက်ပိုင်း ငြိမ်းချမ်းရေးရယူခဲ့သော ပအိုဝ်းနှင့် ပလောင်အဖွဲ့များကိုလည်း အစိုးရလက်နက်ဖြုတ်သိမ်းခဲ့ပြီးနောက်ပိုင်းတွင် လက်နက်ပြန်ကိုင်ခဲ့ကြသည်ကိုထောက်ရှုခြင်းအားဖြင့် အမြစ်ပြတ်ချေမှုန်းမရနိုင်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းစစ်ဒဏ်ကြောင့် အဖက်ဖက်ကနိမ့်ကျနေသော မိမိတို့နိုင်ငံအနေဖြင့် စစ်မှန်သောဖက်ဒရယ်စနစ်တည်ဆောက်နိုင်ပါမှ ငြိမ်းချမ်းသာယာပြီး တိုးတက်လာမည်ဟု ၎င်းက ထောက်ပြသည်။

သို့ရာတွင် ဖက်ဒရယ်စနစ်ကြောင့် ယူဂိုစလားဗီးယား၊ ဆိုဗီယက်ယူနီယံတို့ပြိုကွဲခဲ့ခြင်း၊ တောင်မြောက်ဆူဒန်နှစ်နိုင်ငံကွဲထွက်သွားခြင်း စသည့်ဖြစ်စဉ်များအပေါ် စိုးရိမ်မှုများရှိခဲ့သကဲ့သို့ ဖက်ဒရယ်စနစ်တွင် မတူကွဲပြားမှုများကိုအခြေခံ၍  စည်းလုံးညီညွတ်ရေး Unity and Diversity ကိုတည်ဆောက်ခဲ့သော တိုးတက်နေသည့်ကမ္ဘာ့နိုင်ငံအများအပြားတွေ့ရှိရကြောင်း နိုင်ဗညားမွန်က ထောက်ပြသည်။

လက်ရှိ ဖက်ဒရယ်စနစ်ထွန်းကားသောနိုင်ငံများတွင် အမေရိကန်၊ ဩစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ဂျာမနီ၊ အိန္ဒိယ၊ မက္ကဆီကို၊ နိုင်ဂျီးရီးယားနှင့် ဆွစ်ဇာလန်နိုင်ငံတို့ ပါဝင်ကြောင်း တွေ့ရသည်။

Photo- ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေးစကားဝိုင်း(FAPC)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts