Homeငြိမ်းချမ်းရေးJICM အစည်းအဝေးတွင် ၂၁ ရာစုပင်လုံဆက်လက်ကျင်းပရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၈ ချက်ချမှတ်ခဲ့

JICM အစည်းအဝေးတွင် ၂၁ ရာစုပင်လုံဆက်လက်ကျင်းပရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၈ ချက်ချမှတ်ခဲ့

-

မွန်သတင်းအေဂျင်စီ(ဇန်နဝါရီ ၉)

ကျင်းပပြီးစီးခဲ့သည့် ၈ ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိုနှိုင်းအစည်းအဝေး(JICM) ၌ အစိုးရနှင့် NCA-S EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သဘောတူညီချက် ၈ ချက်ရရှိခဲ့ပြီး ဧပြီလမကုန်မီ ၂၁ ရာစုပင်လုံ(စတုတ္ထအစည်းအဝေး) ဆက်လက်ကျင်းပသွားရန် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ သဘောတူညီချက်များတွင် NCA အကောင်အထည်ဖော်မှုအတွက် နှစ်ဦးနှစ်ဖက်ကြား မူဘောင်သဘောတူညီချက်များရယူရန်၊ ၂၀၂၀ အလွန် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဆင့်လိုက်ဆောင်ရွက်ရန်နှင့် ပြည်ထောင်စုသဘောတူညီမှုစာချုပ် အစိတ်အပိုင်း ၃ တွင် ချုပ်ဆိုမည့် စာချုပ်ပုံစံတို့ကို သသောတူမှုရရှိခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူ မွန်ပြည်သစ်ပါတီကိုယ်စားလှယ် နိုင်အောင်မငေးက ပြောသည်။

နိုင်အောင်မငေးက “ကျနော်တို့ Working Committee အစည်းအဝေးဆက်လုပ်သွားမယ်၊ အဲဒါပြီးရင် UPDJC နဲ့ JMC အစည်းအဝေးတွေ ကျင်းပခေါ်ယူသွားမယ်” ဟု ဆိုသည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းမှု ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲကော်မတီ JMC အစည်းအဝေးများ နှစ်လအတွင်း ခေါ်ယူကျင်းပရန်၊ NCA ဝေါဟာရ အဓိပ္ပာယ်ဖွင့် ဆိုချက်များနှင့် ပတ်သက်၍ အလုပ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်၊ NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပါဝင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် စသည့်အချက်များကို သဘောတူညီခဲ့ကြောင်း သိရသည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ဘုံအားဖြင့် ကျနော်တို့သဘောတူထားတဲ့ ဖက်ဒရယ် အခြေခံမူတွေရှိတယ် ဒါတွေနဲ့ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းလိုက်မယ်ဆိုရင် အားလုံး သဘောတူ လက်ခံတဲ့ ဖက်ဒရယ်မူတွေ ရနိုင်သမျှရမယ်ပေါ့။ ရလာတဲ့ ဟာတွေကိုလည်း ဒီအပိုင်း ၃ အနေနဲ့ ထည့်ချုပ်မယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ၏လက်ထက်၌ နောက်ဆုံးကျင်းပမည်ဖြစ်သည့်အတွက် ၂၁ ရာစု ပင်လုံ (စတုတ္တအကြိမ်အစည်းအဝေး) တက်ရောက်ရန် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားမည်ဟု ဦးဇော်ဌေးက ဆိုသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ ဇန်နဝါရီ ၈ ရက်နေ့နံနက်ပိုင်းက JICM အစည်းအဝေးကျင်းပခဲ့ရာတွင် အစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ဘက်မှ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

Photo- ၈ ကြိမ်မြောက် JICM အစည်းအဝေးအမှတ်တရဓါတ်ပုံရိုက်ကူးထားစဉ်(NRPC)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts