spot_img
Tuesday, April 30, 2024
More
    spot_img
    Homeဆောင်းပါးအရှေ့ပင်လယ်ဆီက ငရဲခန်းတွင်းသို့ ပို့ဆောင်ပေးနေသည့် ဝံပုလွေဆိုးများ

    အရှေ့ပင်လယ်ဆီက ငရဲခန်းတွင်းသို့ ပို့ဆောင်ပေးနေသည့် ဝံပုလွေဆိုးများ

    -

    ဗညားအောင်

    ယခင်က အနောက်ပင်လယ်တွင် အလုပ်လုပ်ကိုင်ခဲ့ကြသော ဧရာဝတီတိုင်း ကျားဖောင်လုပ်ငန်းများသည် ကမ်းခြေနှင့်နီး၍ အမြတ်အစွမ်းပိုမိုရရှိသည့် အရှေ့ပင်လယ် မွန်ပြည်နယ်ရေပိုင်နက်ဆီသို့ မသိမသာ တဖြည်း ဖြည်း ပြောင်းရွှေ့အခြေချလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုပင် မကတော့ပြီ။

    ကျားဖောင်လုပ်ငန်းများနှင့်အတူ ရွှေ့ပြောင်းလုပ်သားများသည်လည်း မွန်ပြည်နယ် ရေးမြို့အနောက်ဘက် ၅ မိုင် ခန့်အကွာ အဘော်ကျေးရွာအုပ်စု ပတ္တမြားတန်းရပ် တနည်းအားဖြင့် ဒေသအခေါ် “အဘော်ကျားတန်း”တွင် စုပေါင်းနေထိုင်ကြခဲ့ရာမှ ယခုအခါ တရားဝင်စာရင်းအရ အိမ်ခြေ ၇၀၀ ကျော်ရှိသည်ဟုဆိုသော်လည်း ထိုအနီး ပတ်ဝန်းကျင်တဝိုက်တွင် စာရင်းမဝင်ဘဲ လာရောက်အခြေချနေသူများ များစွာရှိနေသည်ကိုလည်း တွေ့ရမှာဖြစ်သည်။

    ယခုလို ကာလမျိုးသည် ပင်လယ်ငါးပုဇွန်သားပေါက်သည့် ကာလဖြစ်သည့်အတွက် ဇွန်လ ၁ ရက်မှစတင်၍ သြဂုတ်လကုန်အထိ ကမ်းဝေးငါးဖမ်းလှေအားလုံး ပင်လယ်ပြင်သို့ ငါးဖမ်းမထွက်ရန် ငါးလုပ်ငန်း ဦးစီးဌာနက အမိန့်ထုတ်ပြန်ထားသည်။ထို့ကြောင့် ကျားဖောင်အားလုံး ယခုအချိန်သည် လုပ်ငန်းများခေတ္တနားထားသည့် အချိန် ရေလုပ်သားများအတွက်လည်း အနားယူချိန်ဖြစ်သည်။

    ဒီလိုအချိန်တွင် အရှေ့ပင်လယ်ပြင်အတွင်း ငါးဖမ်းထွက်မည့် ကျားဖောင်များအတွက် ရေလုပ်သားများ လိုအပ် သည့် ကာလဖြစ်သောကြောင့် ပွဲစားများက ရေလုပ်သားစုဆောင်းခြင်းနှင့် ပြီးခဲ့သည့် ရာသီက ရေလုပ်သားများ ထိန်းချုပ်ခြင်းတို့ကို တွင်တွင်ကျယ်ကျယ်လုပ်သည့် ကာလဖြစ်သလို ဒေသအသီးသီးက သူများကို အလုပ်အကိုင်အခွင့်အလမ်း အကြောင်းပြုကာ ပွဲစားများက နည်းမျိုးစုံဖြင့် ခေါ်ယူသိမ်းသွင်းလာသည့် သူများကို ကျားဖောင်လုပ်ငန်းရှင်များထံသို့ ချိတ်ဆက်ပို့ဆောင်ကြသည့်အချိန်လည်း ဖြစ်သည်။

    ထိုသို့ရောက်လာသူအများစုမှာ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းခွင်အတွင်း လုပ်အား ခေါင်းပုံဖြတ်ခံရမှု၊ အဓမ္မစေခိုင်းမှုများနှင့် ငြင်းပန်းနှိပ်စက်ခံရမှုများဖြင့် ကြုံတွေ့နိုင်ပြီး ဥပဒေ၏ အကာအကွယ်ကင်းမဲ့သည်ကို သိရှိမှု အလွန်အားနည်းသူများဖြစ်၍ အလုပ်အကိုင်နှင့် ဝင်ငွေရရှိရန် ပင်လယ်ထဲက ငရဲခန်းဆီသို့ ရောက်ရှိ လာသူများဖြစ်သည်။

    ကျားဖောင်နားချိန် မိုးရာသီတွင် အရှေ့ပင်လယ်ပြင်ငါးဖမ်းရာသီအတွက် ရေလုပ်သားအပြိုင်အဆိုင် စုဆောင်း ကြပြီး လူပွဲစားများသည်လည်း ကျားဖောင်လုပ်ငန်းရှင်များထံတွင် စာချုပ်သစ်ချုပ်ရန် စောင့်ဆိုင်း နေကြချိန်ဖြစ် သည်။

    “လိုအပ်တဲ့ ရေလုပ်သားရရှိဖို့ ရေလုပ်သားနဲ့ မျိုးစုံတဲ့လူတွေကို ပွဲစားတွေက နည်းမျိုးစုံနဲ့ စုစောင်းတာ ထိန်း သိမ်းတာ အလုပ်အပ်တာ၊ အဲဒီနေရာမှာ လူကုန်ကူးမှုဖြစ်နေပြီး ဒါကို တကယ်ပဲ မသိကြဘူးလားလို့ မေးချင် တယ်” ဟု ရေးမြို့တွင် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသော Ye Social Society- YSS အဖွဲ့မှ ဦးအောင်နိုင်ဝင်းက ပြောသည်။

    ရေလုပ်သားပွဲစားများသည် ကျားဖောင်ရာသီပိတ်ချိန်တွင် ကုန်းပေါ်ပြန်တက်လာသည့် ရေလုပ်သားတချို့ကို အတင်းအဓမ္မပြန်ခေါ်စုဆောင်းခြင်းနှင့် နောက်ကျားဖောင်လုပ်ငန်းဝင်ချိန်ရာသီအတွက် အခြားသော ကျား ဖောင်လုပ်ငန်းရှင်များအတွက် ရေလုပ်သားအသစ်များ ထပ်ပြီး ရှာဖွေစုဆောင်းပေးကြသည့် လုပ်ငန်းကြီးက ဒီဒေသမှာတော့ ရာသီချိန်တိုင်း မြင်တွေ့နေကြ၊ ဖြစ်ပျက်နေကြဖြစ်သည်။

    “ကျနော်တို့မှာက နောက်တစ်ရာသီစာအတွက် ကျားဖောင်လုပ်သားတွေရဖို့ အခုကတည်းက ကြိုတင် ရှာထားရတယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် လူရှာဖို့မလွယ်ပါဘူး၊ ပွဲစားလူတွေနဲ့ ရှာရတာများတယ်” ဟု ကျား ဖောင်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

    လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ-လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦး တစ်ယောက်ကို ထိုသူ၏သဘောတူညီချက်ရှိ သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းရန် အလို့ငှာ၊ အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ပြီး လူများကိုသိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းသည် လူကုန်ကူးမှုမြောက်သည်။

    ရေးမြို့နယ် အဘော်ကျေးရွာအုပ်စုရှိ ကျားဖောင်လုပ်ငန်းခွင်များရှိရာ ကုန်းပေါ်နှင့် ရေပေါ်က အဖြစ်အပျက် များကတော့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေစိုးမိုးမှု၊ ထိရောက်မှု အလွန်အားနည်းလွန်သည်ဟု အထက်ပါဖြစ်ရပ်များအရ ဆိုရမည်ဖြစ်သည်။

    “ပွဲစားအိမ်တစ်အိမ်ဆိုရင် လူ ၁၅ ယောက်ကနေ ၃၀ အထိလည်းရှိတယ်၊ ကျားဖောင်မထွက်မချင်း အဲဒီမှာ ပဲသောက် အဲဒီမှာပဲစား အဲဒီမှာပဲအိပ်၊ စာရင်းတွေဘာတွေ မှတ်ထားမှာပေါ့၊ လူတိုင်းအတွက် အရက်ကတော့ ပုံမှန်ပါ၊ ကျန်တာကတော့ မပြောတတ်တော့ဘူး” ဟု အဆိုပါ ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

    ရေလုပ်သားပွဲစားများက အစင်ကျေးရွာမြို့ဟောင်းကုန်းဘက်မှာ အများစုရှိနေပြီး အိမ်နောက်ဖေးဘက်တွင် ရေလုပ်သားများအတွက် နေစရာအဆောက်အအုံများကိုလည်း ဆောက်လုပ်ပေးကြသည့်အလေ့အထရှိရာမှ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ကျားဖောင်ရာသီချိန်မှစ၍ ပွဲစားများ၏ ရေလုပ်သားစုဆောင်းမှုပုံစံပြောင်းလာပြီး ယခင် ၎င်းတို့အိမ်နောက်ဘက်တွင် ထားရာမှ စားသောက်ဆိုင်များတွင် အခန်းကျယ်များငှားကာ ၎င်းတို့စုဆောင်းထား သည့် ရေလုပ်သားများကို ထားကြသည်ဟု ကျားတန်းရွာသားတစ်ဦးထံမှ သိရသည်။

    “အခုဆိုရင် စားသောက်ဆိုင်တွေမှာ အခန်းကြီးကြီးတွေငှားပြီး သီးသန့်သွားထားတယ်၊ အဲဒီမှာအရက်သောက် ချင်သောက်၊ ဖဲရိုက်ချင်ရိုက်၊ ဒီမှာက စားသောက်ဆိုင်တော်တော်များများရှိလာပြီ” ဟု ၎င်းက ဆိုသည်။

    ရေးမြို့အောင်မင်္ဂလာရပ်ကွက်ရှိ ဘူတာရုံအနီး ကားလမ်းဘေးဝဲယာမှ အဘော်ကျေးရွာအုပ်စုပိုင် မွေးမြူ ရေးဇုံရပ်ကွက် ကင်းဘုရားဆိပ်သို့ သွားရာလမ်းပေါ်က သီးသန့်ခြံကြီးများတွင် KTV စားသောက်ဆိုင်ပေါင်း ၂၀ ထက်မနည်းရှိပြီး တချို့ဆိုင်များသာ လိုင်စင်ရှိသည်ဟု သိရသည်။

    ယခုအချိန်သည် နောက်တစ်ရာသီစာအတွက် ရေလုပ်သားများအနေဖြင့် အဆင်ပြေရာ အလုပ်ရှင်နှင့် စာချုပ် အသစ်ချုပ်ဆိုနိုင်ရန် စောင့်ဆိုင်းနေချိန်လည်း ဖြစ်သည့်အတွက် အဆိုပါ စားသောက်ဆိုင်များမှာတော့ စားသောက်သူများနှင့် စည်ကားနေသည်။

    ပြီးခဲ့သည့်နှစ်တွင် တစ်ရာသီလုပ်ခလအစာအဖြစ် ကျားဖောင်ဦးစီးတစ်ယောက်ကို ကျပ် ၁၀ သိန်းမှ ၁၂ သိန်း၊ လုပ်သားတစ်ယောက် ကျပ် ၅ သိန်းမှ ၆ သိန်းအထိ ဈေးပေါက်ခဲ့သည်။ ကျားဖောင်တစ်ခုတွင် ဦးစီးတစ်ယောက်နှင့် လုပ်သား ၂ ယောက် စုစုပေါင်း ၃ ယောက်ဖြင့်သာ ကမ်းဝေးပင်လယ်ပြင်မှာ တစ်ရာသီ(၈) လဝန်းကျင်ခန့် အလုပ်လုပ်ကိုင်ကြရသည်။

    ကျားဖောင်ရာသီစတင်ပြီးဆိုသည်နှင့် ပွဲစားများက ကျားဖောင်လုပ်ငန်းရှင်များ လိုအပ်သည့် ရေလုပ်သားရရှိရန် ပွဲစားအုပ်စုလိုက် လူလိုက်ရှာခြင်း၊ လမ်းများတွင် အရက်မူးနေသူများနှင့် စားသောက်ဆိုင်များတွင် မူးနေသူများ ကို ခေါ်ယူပြီး ကျားဖောင်ပေါ် တင်ပို့ခြင်းကို လုပ်လေ့ရှိသည်။ ပွဲစားအဆင့်ဆင့်ဖြင့် လုပ်သားလွဲပြောင်း ခြင်းများလည်းရှိသည်။

    ထိုသို့ ကျားဖောင်ပေါ်ရောက်သွားသည့်သူများသည် ၎င်းတို့ သဘောဆန္ဒအရလိုက်ပါခြင်းမျိုး မဟုတ်ဘဲ အတင်းအကြပ်အပို့ခံရသူများ၊ တချို့ သူများမှာ အလုပ်လုပ်လိုသော ဆန္ဒပါရှိသော်လည်း မနားမနေခိုင်းစေခြင်း၊ အလုပ်ကြမ်းဒဏ်မခံနိုင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ နေမကောင်းဖြစ်လာသည့်အခါတွင်လည်း ဆေးဝါးကုသမှုခံယူရန် ကမ်းခြေသို့ လွယ်လွယ်နှင့်မပို့ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်း၊ ရန်ဖြစ်ခြင်း၊ ရေထဲခုန်ချထွက်ပြေးခြင်းနှင့် သတ်ဖြတ်ခံရခြင်းများက ထိုကျားဖောင်ရာသီတွင် နေ့တဓူဝအဖြစ်အပျက်များပင် ဖြစ်နေသည်ဟု ဦးအောင်နိုင်ဝင်းက ဆက်ပြောသည်။

    ဦးအောင်နိုင်ဝင်းက “အဲဒီဖြစ်စဉ်အချို့မှာ လုပ်ငန်းရှင်ဘက်က ကလိန်ကျတာမျိုးလည်းရှိသလို လုပ်ငန်းရှင် ဘက်က နစ်နာတာမျိုးလည်းရှိတယ်၊ ပွဲစားတွေရဲ့လိမ်လည်မှုကြောင့် လုပ်ငန်းရှင်တွေ လည်စင်းခံရတာ မျိုး လည်းရှိတယ်။ ပွဲစားက သူမသိကိုယ်မသိ လူတစ်ယောက်ခေါ်လာတယ်။ လုပ်ငန်းရှင်ဆီအပ်လိုက်ပြီး သူက ငွေ ၆ သိန်းထုတ်သွားတယ်။ နောက်ကျတော့မှ ဟိုလူက ဒီအလုပ်မလုပ်ချင်ဘူး၊ ဆန္ဒမပါဘူးဆိုပြီးကလန်လို့ ကျနော်တို့လိုလူမျိုးနဲ့ ချိတ်မိသွားလို့ရှိရင် ရဲစခန်းမှာလည်းဖြေရှင်းရတယ်။ အမှုလည်းရင်ဆိုင်ရတယ်။ စားရိတ်ရှုံး ခဲ့တာမျိုးလည်း ရှိတယ်”ဟု ဆိုသည်။

    ရေးမြို့နယ် ကျားဖောင်လုပ်ငန်းခွင်များအတွင်း ၂၀၁၉ ခုနှစ်ပထမ ၆ လအတွင်းမှာပင် လူသတ်မှု ၅ မှု၊ သေမှုသေခင်း ၂၀ မှု၊ အခြားပြစ်မှု ၉ မှု ဖြစ်ပေါ်ခဲ့သည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

    ပွဲစားများတဆင့် လာသော လုပ်သားများကို ခေါ်ယူလေ့မရှိသည့်အတွက် အရှုပ်အရှင်းကင်းသည်ဟုဆိုသည့် ရေလုပ်သား ၄၀၀ ဝန်းကျင်ခန့်၊ ကျားဖောင်အစီး ၁၀၀ ကျော်ပိုင်ဆိုင်သည့် မြင့်မြတ်ချမ်းသာ ရေလုပ်ငန်းမှ ကျားဖောင်လုပ်ငန်းရှင် ကိုမြင့်မောင်က ဆိုသည်။

    “ကျနော်ပွဲစားဆီက မငှားတဲ့အတွက် ဥပဒေကြောင်းအရ ဒီလိုကိစ္စတွေတစ်ခါမှ ကျနော်မဖြေရှင်းခဲ့ရဘူး၊ ဒါပေမယ့် ရေလုပ်သားတွေ လိမ်လို့ ကျနော့်မှာဆုံးရှုံးမှုတွေက တစ်နှစ်ဆိုရင် သိန်း ၂၀၀ နဲ့အထက်မှာ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

    ကျားဖောင်ရာသီချိန်တွင် ရေလုပ်သားများကို ကြိုတင်ငွေထုတ်ပေးသည့် ဓလေ့ရှိပြီး ၎င်းတို့နှင့် စာချုပ်ချုပ် ဆိုထားသော်လည်း အခြား အလုပ်ရှင်ဘက်သို့ ပြောင်းသွားသည့်အတွက် ကြိုတင်ငွေများ ဆုံးရှုံးရခြင်းများ ဖြစ်သည်။

    ၂၀၁၈ ခုနှစ်အတွင်း ရေလုပ်သား ၄၅၀၀ ယောက်ခန့်ကို လက်မှတ်ထုတ်ပေးခဲ့သည်ဟု ရေးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

    “လုပ်ငန်းရှင်ကြီးတွေရဲ့ပူးပေါင်းပါဝင်မှုနဲ့ သူတို့လှေတွေမှာ ငါးဖမ်းထွက်မယ်ဆိုရင် ရေလုပ်သားကတ်လာ လုပ်ကြပါတယ်” ဟု ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးကိုကိုလွင်က ပြောသည်။

    ရေးမြို့နယ်တွင် ကမ်းနီးငါးဖမ်းရေယာဉ် ၃၈၇ စင်းနှင့် ကမ်းဝေးရေယာဉ် ၁၉၅ စင်း၊ ကျားဖောင် အစီး ၁၀၀၀ ကျော်ရှိပြီး အဆိုပါ ကျားဖောင်လုပ်ငန်းများတွင် လူကုန်ကူးမှုမဖြစ်ပေါ်စေရေး၊ လုပ်အားခပုံမှန်ရရှိရေးအတွက် လုပ်ငန်းရှင်များနှင့် ရေလုပ်သားများအကြား ပေါင်းစပ်ညှိနှိုင်းမှုများ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဆောင်ရွက် ပေးလျှက်ရှိသည်ဟု ဆိုသည်။

    လက်ရှိအချိန်တွင် မြို့နယ်အဆင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မရှိသလို ကျားဖောင်လုပ်ငန်းခွင်နှင့်ပတ်သက်သည့် လူကုန်ကူးမှုနှင့်အမှုဖွင့်အရေးယူခြင်းမျိုးကိုတော့ နည်းပါးလွန်းပြီး ပွဲစားများ လူကုန်ကူးမှုနှင့်အရေးယူခံရမှုများသည်လည်း လက်ရှိ ၃ နှစ်ကာလအတွင်း ၇ မှုထက်မကျော်ခဲ့ဟု ဦးအောင်နိုင်ဝင်း ဆိုသည်။

    သို့ရာတွင် မူလဇာတိနေရပ်အတိအကျမသိရသော လူပွဲစားများကတော့ နှစ်စဉ်သင်္ကြန်အပြီးတွင် အဘော်ကျား တန်းရွာတလျောက်ပြန်လည်ရောက်ရှိလာကြကာ ရေလုပ်သားစုဆောင်းခြင်းများနှင့် ကျားဖောင်လုပ်ငန်းရှင်များ ထံသို့ လုပ်သားပို့ခြင်းများ ပေါ်ပေါ်တင်တင်လုပ်ကိုင်လေ့ရှိကြပြီး ကျားဖောင်ရာသီပိတ်ချိန်တွင် ပြန်လည် ပျောက်ကွယ်သွားကြသည်က နှစ်တိုင်းလိုလိုပင်။


    Photo- အဘော်ကျားတန်းရွာနှင့် မြစ်ကမ်းနံဘေးရှိကျားဖောင်အဟောင်းများ
    ( Aung Naing Win)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,900SubscribersSubscribe
    spot_img

    Latest posts