မွန်သတင်းအေဂျင်စီ(ဇွန် ၂၃)
ထိုင်းဘတ်ငွေသန်း ၃၄၀ တန်ဘိုးခန့်ရှိ အလေးချိန် ၃၀၀ ကီလိုဂရမ်ကျော် Ice မူးယစ်ဆေးဝါးဟုခေါ်ဆိုသော မက်သာဖက်တမင်းပုံဆောင်ခဲ Crystal methamphetamine များကို ကန်ချနပူရီဘက်သို့ သယ်ဆောင်သူယာဉ်မောင်းများနှင့်အတူ ပစ်ကပ်ထရပ်ကားများပေါ်မှ ဇွန်လ ၂၁ ညပိုင်းက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
အဆိုပါ ညပိုင်း ၈ နာရီအချိန်ခန့်တွင် ထောင်ဖာဖွန် Thong Pha Phum ၃ လမ်းဆုံ စစ်ဆေးရေးဂိတ်၌ ယာဉ်မောင်း Wissanu Chanma (အသက် ၃၃ နှစ်) ထံမှ ၁၂၆ ထုတ်ရှိ Ice မူးယစ်ဆေးစုစုပေါင်း ၁၂၆ ကီလိုဂရမ်၊ ယာဉ်မောင်း Narong Suksaraphan (အသက် ၃၆ နှစ်) ထံမှ ၇ ထုတ်ပါ စိတ်ကြွဆေး ၁ သောင်း ၄ ထောင်ပြား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ယာဉ်မောင်း Narong က ၎င်းမူးယစ်ဆေးများကို မြန်မာလူမျိုး Nueng ဆိုသူထံမှ ဘတ်ငွေ ၃ သိန်း ၅ သောင်းတန်ဘိုးဖြင့် ဝယ်ယူခဲ့သည်ဟု ထိုင်းအာဏာပိုင်ထံ ဝန်ခံခဲ့သော်လည်း နေရာဒေသကို သတင်းတွင် ဖော်ပြခဲ့ခြင်းမရှိပေ။
ထို့အတူ ယာဉ်မောင်း Wissanu ထုတ်ဖော်ပြောဆိုချက်အရ ညသန်းခေါင်ကျော်အချိန်ခန့်၌ Sai Yok စစ်ဆေးရေးဂိတ်တွင် ကားနှစ်စီးကို ဆက်လက်ရှာဖွေဖမ်းဆီးခဲ့ရာ Nissan ပစ်ကပ်ကားတစ်စီးထဲမှ Ice မူးယစ်ဆေး ၂၁၁ ကီလိုဂရမ်ကို လူ ၃ ယောက်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးမိသော အလေးချိန် ၃၃၇ ကီလိုဂရမ်ရှိ Ice မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံပြင်ပ မှောင်ခိုဈေးကွက်သို့ ရောက်ရှိသွားပါက ဘတ်ငွေ ၁ ဒဿမ ၇ ဘီလီယံအထိတန်ဖိုးရှိနိုင်ကြောင်း ကန်ချနပူရီ Lat Ya စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး Sarawut Chaisit က ဆိုသည်။
အလားတူ Ice မူးယစ်ဆေးဝါး အလေးချိန် ၉၈၅ ကီလိုဂရမ်ကို ချွန်ပူရီသင်္ဘောဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ ပို့ဆောင်မည့်ကွန်တိန်နာသေတ္တာတွင်၎င်း၊ Ice မူးယစ်ဆေးဝါး အလေးချိန် ၁ တန်ခွဲခန့်ကို ဖထုံဌာနီ Pathum Thani တွင်၎င်း ယခုလအတွင်း စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။