ရူပါဗလွဲ (ဇွန် -၂၀)
မွန်ပြည်နယ် ပေါင်မြို့နယ်၊ ကျုံဟော်ရွာရှိ ကတိုက်ဆည်ရေထိန်းတံခါးမှာ နုန်းမြေများပိတ်ဆို့မှုကြောင့် ကျေးရွာ (၁၁) ရွာတွင် မိုးစပါးစိုက်ဧက သုံးသောင်းကျော်ခန့် ရေနစ်မြှပ်နေကြောင်း ဒေသခံ တောင်သူလယ်သမားများထံမှ သိရသည်။
ဒေသခံတောင်သူလယ်သမားများ စုပေါင်း၍ ကတိုက်ဆည် ရေထိန်းတံခါးကိစ္စနှင့်ပတ်သက်ပြီး ဇွန်လ (၁၉) ရက်နေ့က ပေါင်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လယ် ၁၀ ဧကပိုင် တောင်သူတစ်ဦးဖြစ်သည့် ဒေါ်ဖွားသန့်က “မနှစ်က မျိုးတွေပြန်ရသေးတယ် ဒီနှစ်က ဘယ်လိုမှမရတော့ဘူး ဒီနှစ်ရေက လက်နှစ်လုံးလောက်လျော့ရင် မိုးပြန်ရွာချတာနဲ့ ရေတစ်တောင်လောက် ထပ်တက်လာတယ်၊ အဲ့တစ်တောင်က မလျော့တော့ပြန်ဘူး” ဟု ပြောသည်။
ယခုနှစ် မိုးဦးရာသီရေကြီးနစ်မြှပ်မှုကြောင့် မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ငွေကျပ် ၁၅ သိန်းခန့် ဆုံးရှုံးလိုက်ရပြီး ခရုအန္တရာယ်ကိုလည်း ကြုံတွေ့နေရကြောင်း ဒေါ်ဖွားသန့်က ဆက်ပြောသည်။
“အရင်နှစ်တွေရေမကြီးသလို နုန်းတွေဖျော်ပေးဖို့၊ အဲဒါမှမဟုတ်ရင် သက်ဆိုင်ရာအစိုးရအဖွဲ့ကို ကျွန်တော်ပြောချင်တာက လာမယ့်နှစ်မိုးဦးကာလမှာ ရေမနစ်မြှပ်ဖို့ အခုကတော့ မြုပ်ကုန်ပြီး”ဟု လယ်သမား ဦးလွင်အေးက ပြောသည်။
နုန်းဖျော်ပေးသည့် ကတိုက်ဆည်ရေထိန်းတံခါးမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က ဆည်ပိုလျှံရေဖြင့် နုန်းမြေများကို ပို့ချနိုင်ခဲ့သော်လည်း ယခုအခါ ဆည်ရေသောက် နွေစပါးစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးလာသဖြင့် ရေလုံမလုံလောက်သည့်အတွက် ရေမပို့နိုင်တော့ကြောင်း တောင်သူလယ်သမားတစ်ဦးက ဆိုသည်။
သို့ရာတွင် ရေကြီးနစ်မြှပ်မှုပြသနာကို ဖြေရှင်းနိုင်ရန် ဘတ်ဂျက်လိုအပ်ချက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ဆည်မြောင်းဦးစီးဌာနမှ နှန်းမြေတူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေကြောင်း သဲနှန်းတူးဖော်ခြင်းလုပ်ငန်း မြို့ပြဦးစီးမှူး ဦးဇော်မိုးဦးက ပြောသည်။
ဦးဇော်မိုးဦးက “ရေလမ်းကြောင်းရောက်အောင်ပဲ ပို့ပေးလို့ရတယ် ၆ မိုင် ၇ မိုင်လောက် ဟိုပင်လယ်ဝအထိဖောက်ဖို့ကလည်း မလွယ်ဘူးလေ၊ ကုန်ကျစရိတ်အတွက် ဘတ်ဂျက်အများကြီးကုန်တယ် ”ဟု ဆိုသည်။
ပေါင်မြို့နယ်တွင် ရင်းငြိမ်တောင်၊ ဖြူဘ၊ ပန်းကုန်း၊ သဲကုန်း၊ ကျုံဟော် စသည့် ကျေးရွာ (၁၁) ရွာ၌ မိုးစပါးစိုက်ပျိုးရာတွင် နှစ်စဉ်ရေနစ်မြှပ်လျက်ရှိပြီး ယမန်နှစ်က သက်ဆိုင်ရာဌာနကို တင်ပြထားသော်လည်း ထူးခြားမှုမရှိယုံမက ယခုနှစ်ရေကြီးမှုအဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံတောင်သူလယ်သမားများက ပြောသည်။
မွန်ပြည်နယ်တစ်ခုလုံးတွင် မိုးစပါးစိုက်ဧက ၇ သိန်းနီးပါးရှိပြီး ပေါင်မြို့နယ်တွင်ဧက ၁ သိန်း ၃ သောင်းကျော်ခန့်ရှိရာ မွန်ပြည်နယ်စပါးထွက် အများဆုံးဒေသတစ်ခုဖြစ်ကြောင်း သတင်းမှတ်တမ်းများမှ သိရသည်။