spot_img
Tuesday, April 30, 2024
More
    spot_img
    Homeဆောင်းပါးနိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ သည် မွန်ပြည်နယ်နှင့် သက်ဆိုင်သလော

    နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ သည် မွန်ပြည်နယ်နှင့် သက်ဆိုင်သလော

    -

    မင်းထက်အောင်

    နိုင်ငံတော်မှ ဘတ်ဂျက်ငွေကျပ်သန်း ၁၀၀၀ ချပေးခဲ့သော ရေးမြို့နယ်၊ အောင်သပြေ(နှစ်ကရင်လမ်းဝ)- နှစ်ကရင်ကျေးရွာချင်းဆက်လမ်း (၄/၃) မိုင်အား မြေသားတာဘောင်ချဲ့ခြင်း၊ (၁/၄) မိုင်အား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် တင်ဒါမခေါ်ခဲ့သည်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှုတ်မိန့်ဖြင့် ဆောင်ရွက်ခဲ့သည်ဟု ပြီးခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ဝန်ကြီးချုပ်ကိုယ်တိုင် အတိအလင်းဖြေကြားခဲ့သဖြင့် ပွဲအတော်ဆူသွားသည်။

    သို့ရာတွင် ဝန်ကြီးချုပ်က ကတ်ဘိနက်အစည်းအဝေး တစ်ခုတွင် သူ့သဘောနှင့်သူ တင်ဒါမခေါ်ဖို့ တာဝန်ယူဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးမင်းတင်အောင်ဟန်က လွှတ်တော်အစည်းအဝေးနှင့် မီဒီယာများကို ရှင်းလင်းပြောကြားခဲ့သည်။

    ဦးမင်းထင်အောင်ဟန်က “အဲဒါကြာပြီ၊ ကျနော်လျှပ်စစ်ဝန်ကြီး တာဝန်ထမ်းဆောင်စဉ်ကတည်းက ကျနော်တို့အစိုးရ ကတ်ဘိနက်မှာဆုံးဖြတ်တဲ့ကိစ္စ၊ အဲဒါဘယ်လိုဖြစ်လဲဆိုတော့ ကတ်ဘိနက်မှာ ဒီသိန်းတစ်သောင်းကျော်ကို တင်ဒါမခေါ်ဘဲနဲ့ ဦးစိန်ဝမ်းတို့ ကုမ္ပဏီကို တိုက်ရိုက်ကန်ထရိုက်ပေးမယ်လို့ ဆုံးဖြတ်ဖို့အတွက် အာဂျင်ဒါတင်လာတယ်၊ တင်လာတော့ ကျနော်ကဒီဥစ္စာကတော့ ဥပဒေနဲ့မညီဘူးပေါ့နော်၊ လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောလာတယ်၊ ခင်ဗျားတို့က သူများစီးပွားရေး လုပ်တဲ့လုပ်ငန်း၊ Development လုပ်တဲ့နေရာမှာ ဘာလို့အစိုးရပိုက်ဆံ သုံးပြီးတော့ လမ်းဖောက်ပေးရတာလဲတဲ့၊ ဒီလိုမျိုးကုမ္ပကို တိုက်ရိုက်ပေးလိုက်တာက မသင့်ဘူးပေါ့။ အဲဒီမှာ ဆရာ(ဝန်ကြီးချုပ်)ကလည်း ကျွန်တော်ကို နည်းနည်း စိတ်ဆိုးသွားတာနဲ့ တူပါတယ်၊ ဒါနဲ့ ဒီကိစ္စကို သူတာဝန် ယူတယ်တဲ့၊ လွှတ်တော်ကိစ္စလည်း သူရှင်းမယ်တဲ့၊ ဘာညာပြောပြီးတော့ သူဆုံးဖြတ်ခဲ့တာ” ဟု ပြောသည်။

    ဦးမင်းထင်အောင်ဟန် ယင်းကဲ့သို့ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှုတ်မိန့်ကိစ္စသည် လွှတ်တော်တွင် စကားပြောမှားခဲ့သည်ဟု နေပြည်တော်မှာ ဝန်ကြီးချုပ်ဒေါက်တာအေးဇံ လာရောက်ဝန်ခံခဲ့ကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သတင်းမီဒီယာများကို ရှင်းလင်းခဲ့ပြန်သည်။

    တဖန် မွန်ပြည်နယ်အစိုးရ ဆုံးဖြတ်ချက်ဖြင့် အဆိုပါ လမ်းဆောက်လုပ်ရေးအတွက် တင်ဒါမခေါ်ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းက မွန်ပြည်နယ်အစိုးရသတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်ကိုယ်တိုင် နောက်ထပ်တစ်မျိုး ဆိုလာပြန်သည်။

    ဆက်လက်၍ “နိုင်ငံတော်၏စီမံကိန်းလုပ်ငန်းကြီးများအား တင်ဒါခေါ်ယူခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ သဘောတူခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ရန်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ခွင့်ပြုချက်ရယူဆောင်ရွက်ကြရန် ဖြစ်ပါသည်” ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ညွှန်ကြားချက်အမှတ်၊ ၁/၂၀၁၇ အပိုဒ်(၆) ကို ၎င်းသတင်းစာရှင်းလင်းပွဲ၌ ၂ ကြိမ်တိတိ ဖတ်ပြခဲ့သည်။

    ယင်းကဲ့သို့ ဝန်ကြီးချုပ်ဖတ်ကြားချက်ကိုကြည့်လျင် တနည်းအားဖြင့် တင်ဒါခေါ်ခြင်းမခေါ်ခြင်းကိစ္စမှာ ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

    သို့သော် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ်၊ ၁/၂၀၁၇ အရ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်းအရ ကျပ် ၁၀ သန်းနှင့်အထက်ဖြစ်ပါက တင်ဒါခေါ်ယူရမည်ကို ဝန်ကြီးအားလုံး ယုံမှားသံသယဖြစ်စရာလိုမည်မထင်ပေ။

    နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ဧပြီလ ၂၄ ရက်က ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် လုပ်ထုံးလုပ်နည်းနှင့် မညီသည့် တင်ဒါခေါ်ယူမှုများနှင့် တင်ဒါစည်းမျဉ်းအပေါ် လက်တစ်လုံးခြား လုပ်ကိုင်မှုများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေးခဲ့ဘူးသည်။

    “သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သည့် တင်ဒါခေါ်ယူမှုများ၊ တင်ဒါ စည်းမျဉ်းများအတွင်း လက်တစ်လုံးခြား လုပ်ကိုင်ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်းကို ထပ်မံ သတိပေးလိုပါကြောင်း” ဟု သမ္မတက ပြောသည်။

    ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယသမ္မတ ၂ ဦး၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက အဆိုပါ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

    “အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မီဒီယာနဲ့ ပြည်သူတွေက မှန်ကန်စွာ ရှာဖွေဖော်ထုတ်ရေးကို ဆောင်ရွက်ပေးကြရပါလိမ့်မယ်။ လုပ်ပိုင်ခွင့်အာဏာ အရှိန်အဝါရှိသူများရဲ့ ပါဝင်ပတ်သက်မှု၊ ဝင်ရောက်စွက်ဖက်မှုတွေကို တိကျခိုင်လုံတဲ့ အချက်အလက်အထောက်အထားတွေနဲ့ တိုင်ကြားကြရန် အထူးလိုအပ်ပါတယ်” ဟု သမ္မတ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာ မိန့်ခွန်းတစ်နေရာတွင် ထည့်သွင်းပြောကြားခဲ့သည်ကိုလည်း မှတ်မိပါသေးသည်။

    ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်၌ ဇွန် ၃ ရက်က ကျင်းပသည့် ယှဉ်ပြိုင်မှုကော်မရှင် မိတ်ဆက်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က “တင်ဒါမခေါ်ဘဲနဲ့ လုပ်တယ်။ တင်ဒါခေါ်ရမယ့် စည်းမျဉ်းစည်းကမ်းထဲမှာပါရဲ့သားနဲ့ မခေါ်ဘူးဆိုရင် တိုင်ကြည့်ပေါ့ဗျာ။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှာပေါ့” ဟု ဆိုသည်။

    ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများအနေဖြင့် တင်ဒါခေါ်ယူမှုမရှိဘဲ လုပ်ငန်းများလုပ်ကိုင်ခွင့်ချပေးကြောင်း တိုင်ကြားပါက စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး ယှဉ်ပြိုင်မှုဥပဒေဖြင့် အရေးယူမည့်အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ ငွေကြေးခဝါချ မှုတိုက်ဖျက်ရေးဥပဒေ စသည့် ဥပဒေများဖြင့်ပါ အရေးယူနိုင်မည်ဖြစ်၍ တင်ဒါခေါ်ယူခြင်းမရှိဘဲ လုပ်ငန်းချပေးမှုများကို တိုင်ကြားစေလိုကြောင်း မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။

    သို့နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးတို့အား စိစစ်အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး (ရန်ကုန်ရုံးခွဲ) သို့ ဇွန်လ ၁၈ ရက်နေ့စွဲဖြင့် မွန်ပြည်နယ် လူမှုအဖွဲ့အစည်းအချို့ တိုင်ကြားထားသည့် သတင်းများကို ကြားသိရသည်။

    တင်ဒါလုပ်ထုံးလုပ်နည်းများ၊ ငွေရေးကြေးရေးလုပ်ထုံးလုပ်နည်းများနှင့် မညီပဲ လုပ်ကိုင်ခဲ့သည့်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ညိစွန်းမှု ရှိ၊ မရှိ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးပေးနိုင်ရန်နှင့် လိုအပ်သလိုအရေးယူဆောင်ရွက်ပေးနိုင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့ကိုယ်စား တိုင်ကြားခဲ့သည်ဟု ရေးမြို့နယ်အခြေစိုက် ရေတော်ဝင်သတင်းလွှာ အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက သတင်းမီဒီယာဌာနများကို ထုတ်ဖော်ပြောကြားခဲ့သည်။

    ဦးအောင်နိုင်ဝင်းက “ကျွန်တော်တို့ တိုင်တာက ဒီမိုကရေစီယန္တရား၊ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေတဲ့ကာလမှာ ဒီမိုကရေစီစံနှုန်းနဲ့ သွေဖီနေတယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဒီလုပ်ထုံး လုပ်နည်း စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို အစိုးရတစ်ရပ်က ချိုးဖောက်ပြီးတော့မှ ဆောင်ရွက်တာကို မဖြစ်သင့်ဘူးလို့ မြင်တယ်။ အဲဒီလိုမြင်လို့ ဒီအပေါ်မှာဖြစ်ပျက်နေတာတွေဘယ်လိုတွေဖြစ်နေလဲ ဘယ်လိုတွေ မှားယွင်းနေလဲ ဒါတွေကို တိတိကျကျဖြစ်စေချင်တယ်။ အဲဒါကြောင့် ဒီဟာကို လိုအပ်သလို စိစစ်နိုင်ဖို့၊ အရေးယူပေးဖို့ လိုအပ်ရင် အရေးယူပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ကျွန်တော်တို့ တင်ပြတဲ့သဘောပါပဲ” ဟု ဆိုသည်။

    အဆိုပါတိုင်ကြားစာတွင် အောင်သပြေ(နှစ်ကရင်လမ်းဝ)- နှစ်ကရင်ကျေးရွာချင်းဆက်လမ်း တင်ဒါမခေါ်သည့်ကိစ္စတွင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ်၊ ၁/၂၀၁၇ ကို ဖောက်ဖျက်ကျူးလွန်သည့် အပြင် ကျိုက်ထီးရိုးစေတီတော်အမှိုက်ဖျက်ဆီးစက် ဆောက်လုပ်ရေးလုပ်ငန်းတွင်လည်း တင်ဒါလုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ဖောက်ဖျက်သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြဌာန်းချက်များအား ချိုးဖောက်၊ ကျူးလွန်သည်ဟု အခိုင်အမာယူဆသောကြောင့် တိုင်ကြားခြင်းဖြစ်ကြောင်း ဦးအောင်နိုင်ဝင်းက ပြောသည်။

    ဇွန်လ ၁၈ ရက်နေ့စွဲဖြင့် အဆိုပါတိုင်ကြားစာကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က လက်ခံရရှိခဲ့ပြီးဖြစ်သော်လည်း မည်သူမည်ဝါတို့တိုင်ကြားထားသည်ကို ကော်မရှင်စည်းကမ်းအရ ဖြေကြားခွင့်မရှိဟု ပြန်ကြားရေး တာဝန်ခံဦးကျော်စိုးက ဆိုသည်။

    သို့ရာတွင် တိုင်ကြားစာမှာ ရက်ပိုင်းမျှသာရှိသေးသည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် မည်ကဲ့သို့ကိုင်တွယ် ဖြေရှင်းသွားမည်ကိုတော့ ယခုရက်ပိုင်းအတွင်း သိနိုင်လိမ့်မည်မဟုတ်ပေ။

    လက်ရှိတွင် တင်ဒါခေါ်ရန်အချိန်မမီသဖြင့် အစိုးရစိတ်ချသည့် ကုမ္ပဏီဖြင့် မော်လမြိုင်မြို့ပေါ်ရှိ မြိုင်သာယာဈေးကို ငွေကျပ်သိန်း ၅,၄ဝဝ ကျော်၊ သီရိမြိုင်ဈေးကို သိန်း ၁,ဝဝဝ ကျော်၊ ရွှေမြိုင်သီရိဈေးကို သိန်း ၃,၆ဝဝ ခန့်နှင့် ဒိုင်းဝန်ကွင်းပျံကျဈေးကို သိန်း ၇၉ဝ ကျော်ဖြင့် ဘတ်ဂျက်ကာလမပိတ်မီ(စက်တင်ဘာလကုန်) အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က သတင်းထောက်များကို ပြောကြားထားသည်။

    ထို့ကြောင့် တင်ဒါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့် ဖီလာဆန့်ကျင်လျက်ရှိသော မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို သိရှိနားလည်မြင်တွေ့နေရပါသဖြင့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ်၊ ၁/၂၀၁၇ သည် မွန်ပြည်နယ်နှင့် သက်ဆိုင်သလောဟု သက်ဆိုင်သူများကို မေးမြန်းလိုက်ရပါကြောင်း။


    Photo- နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ်၊ ၁/၂၀၁၇ (Copy)


    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,900SubscribersSubscribe
    spot_img

    Latest posts