spot_img
Thursday, January 23, 2025
More
    spot_img
    Homeသတင်းလမိုင်းမြို့တွင် ငွေကျပ်သိန်းသောင်းနှင့်ချီသော အွန်လိုင်းပေါ်ငွေစုငွေချေးလေလံမဲလုပ်ငန်း မသမာမှုဖြစ်ပွား

    လမိုင်းမြို့တွင် ငွေကျပ်သိန်းသောင်းနှင့်ချီသော အွန်လိုင်းပေါ်ငွေစုငွေချေးလေလံမဲလုပ်ငန်း မသမာမှုဖြစ်ပွား

    -

    မွန်သတင်းအေဂျင်စီ(မေ ၂၂)

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် ငွေကျပ်သိန်းသောင်းချီသော အွန်လိုင်းပေါ် ငွေစုငွေချေးလေလံမဲလုပ်ငန်း မသမာမှုဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရသည်။

    “Facebook ပေါ်မှာပြန့်နေတဲ့ ဝန်ခံကတိပြုစာ ၂ စောင်မှာပါတဲ့အတိုင်းပါပဲ၊ အဲဒီအမျိုးသမီး ၂ ဦးက သီးခြားစီ အဲဒီလုပ်ငန်းလုပ်ကြတာပါ၊ စုစုပေါင်း ငွေတန်ဖိုးအတိအကျကိုတော့ ကျနော်တို့မပြောနိုင်ပါဘူး၊ ဒါပေမယ့် ရွာသားတွေခန့်မှန်းကြတာက အရေအတွက်အားဖြင့် တစ်ယောက်မှာက ကျပ်သိန်းပေါင်း ၇ သောင်း၊ နောက်တစ်ယောက်က ကျပ်သိန်းပေါင်း ၄ သောင်းလောက် ပါသွားတယ်၊ ကျနော့်အမျိုးသမီးလည်း ငွေ ၁၀ သိန်းကျော်၊ ဆွေမျိုးတွေအပါအဝင်ဆိုရင် ၂၅ သိန်းကျော် ၃၀ လောက်ပါသွားတယ်” ဟု လမိုင်းမြို့ခံ နိုင်ချခြေးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    Photo- အွန်လိုင်းပေါ် ငွေစုငွေချေးလေလံမဲလုပ်ငန်းလုပ်ကိုင်သူ ၂ ဦး၏
    ဝန်ခံကတိပြုစာ(Copy)

    အထူးသဖြင့် တစ်ဦးလျှင်အနိမ့်ဆုံး ငွေကျပ် ၅ သိန်းနှင့်အထက် အဆိုပါလေလံမဲစုငွေထည့်ဝင်ကြရာတွင် လမိုင်းမြို့ခံနှင့် မော့ကနင်ရွာမှ တန်ဘိုးငွေအများဆုံးယူဆရကြောင်း၊ ပတ်ဝန်းကျင်တဝိုက် ဘေးလမု၊ကနင်ကမော့စသည့် ကရင်ကျေးရွာများအပြင် အနင်း(သံဖြူဇရပ်မြို့နယ်)၊ နှစ်ကရင်၊ တောင်ပုံ၊ သောင်ပြင်ကျေးရွာ၊ ကလော့၊ ဟံဂံရွာသားများလည်း ပါဝင်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများ၏ ငွေကြေးများလည်း ပါဝင်ထည့်ဝင်ခဲ့သည်ဟုကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

    ထို့အတူ သောင်ပြင်ရွာသား နိုင်အောက်သာက “ကျနော်တို့ရွာသားတွေလည်း ခုအပတ်မှာ တော်တော်ထိသွားတာလို့ကြားသိရတယ်၊ ဒီစုငွေထည့်ဝင်ထားတဲ့ ကျနော့်မိတ်ဆွေတွေပြောတာက ဒီလုပ်ငန်းက တရားဝင်မဟုတ်တဲ့အတွက် ဘယ်သူမှလည်း တာဝန်ခံနိုင်မှာမဟုတ်ဘူးလို့ ငွေလက်ခံသူတွေက မူလကတည်းက ပြောထားတယ်တဲ့၊ ဒါပေမယ့် အရင့်အရင် ၆ လကျော်ကတည်းက ငွေထည့်ဝင်ထားတဲ့ လူတစ်ချို့ကတော့ အမြတ်တွေရထားပြီးတဲ့အတွက် ရှုံးရင်လည်း ရှုံးဆိုပြီး အဲဒီအမြတ်ငွေတွေနဲ့ပဲ ဆက်ကစားနေတယ်” ဟု ဆိုသည်။

    ၎င်း၏အိမ်နီးနားချင်းမိတ်ဆွေတစ်ဦးမှာ လွန်ခဲ့သည့် ၆ လကျော်ခန့်က ငွေကျပ်သိန်း ၂၀ မျှသာစုဆောင်းငွေထည့်ဝင်ရာမှ ယခုအခါအမြတ်ငွေ သိန်း ၁၀၀ ခန့်ရရှိထားသဖြင့် သိန်း ၅၀ ကို အဆိုပါ ငွေစုငွေချေးလေလံမဲလုပ်ငန်းတွင် ဆက်လက်ထည့်ဝင်ထားသည်ဟု ပြောသည်။

    သို့သော် လမိုင်းမြို့ပေါ်ရှိ အွန်လိုင်းငွေစုငွေချေးလေလံမဲလုပ်ငန်းလုပ်ကိုင်သည့်နေအိမ်တွင် မော်တော်ဆိုင်ကယ်များနှင့် လူအဝင်အထွက် အမြဲမပြတ်စည်ကားနေသည့်အတွက် ကျော်ဇောသတင်းထွက်ပေါ်နေသော်လည်း အာဏာပိုင်များက ကြိုတင်အသိပေး အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ပေ။

    အဆိုပါ အွန်လိုင်းပေါ် ငွေစုငွေချေးလေလံမဲလုပ်ငန်းလုပ်ကိုင်သူ လမိုင်းမြို့ခံ ၂ ဦးနှင့် ဒေသခံငွေစုသူများအကြား ပြဿနာဖြေရှင်းနိုင်ရေးအတွက် လမိုင်းမြို့မရဲစခန်းရှေ့နှင့် မြို့မအုပ်ချုပ်ရေးမှူးရုံးရှေ့၌ ယမန်နေ့တွင် လူစုလူဝေးများဖြစ်ပေါ်ခဲ့ကြောင်း လူမှုကွန်ယက် စာမျက်နှာ Facebook များတွင် တွေ့ရှိရသည်။

    ထို့ပြင် အဆိုပါ ငွေစုခြင်း၊ ငွေချေးခြင်း၊ လေလံမဲပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ ထုတ်ပေးရန်ကျန်ရှိသည့် ငွေစုခြင်း၊ ငွေချေးခြင်း၊ လေလံမဲပြုလုပ်သူများအား ၎င်းတို့စုငွေထည့်ဝင်ထားသည့် မဲစုငွေအရင်းအတိုင်း ပြန်လည် ရရှိသည့်အချိန်ထိ ကျွန်မအနေဖြင့် အစစအရာရာ တာဝန်ယူဖြေရှင်းညှိနှိုင်း ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဖြေရှင်းပေးနိုင်ခြင်းမရှိပါက အာမခံသူမိသားစုဝင်များထဲမှ တာဝန်ယူညှိနှိုင်းဖြေရှင်းပေးသွားမည် ဖြစ်ပါကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်၏ ခြိမ်းခြောက်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်းတို့ကြောင့် လက်မှတ်ရေးထိုးခြင်းမဟုတ်ပါကြောင်း အောက်တွင်ဝန်ခံကတိပြုလက်မှတ်ရေးထိုးပါသည်ဟု အာမခံသူမိသားစုဝင်များနှင့်အတူ မြို့မအုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့က ငွေစုငွေချေးလေလံမဲလုပ်ငန်းလုပ်ကိုင်သူ ၂ ဦးအသီးသီးက ဝန်ခံကတိပြုခဲ့ကြောင်း ၎င်းတို့၏မိတ္တူစာအရာ သိရသည်။

    သို့ရာတွင် လမိုင်းမြို့မအုပ်ချုပ်ရေးမှူးရုံး၌ မည်သူများရှေ့မှောက်တွင် မည်ကဲ့သို့ ဖြေရှင်းမှုများပြုလုပ်ခဲ့သည်ကို မွန်သတင်းအေဂျင်စီမှ သီးခြားအတည်မပြုနိုင်သေးပေ။

    Photo- လမိုင်းမြိုမ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်
    လူစုလူဝေးဖြစ်ပေါ်ခဲ့စဉ်(Facebook)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,300SubscribersSubscribe
    spot_img

    Latest posts