မွန်သတင်းအေဂျင်စီ(မေ ၁၁)
အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း မဏ္ဍိုင်(၃)ရပ်က အချင်းချင်းအပြန်အလှန်လေးစားရမည်ဖြစ်ပြီး မဏ္ဍိုင်တစ်ခုနှင့်တစ်ခုဆက်နွယ်ပုံ၊ ပူးပေါင်းဆောင်ရွက်ပုံ၊ ညှိနှိုင်းဆောင်ရွက်ပုံ အင်မတန်သတိထားရမှာဖြစ်သလို ဆန္ဒ၊ ဒေါသ၊ ဘယ၊ မောဟကြောင့် မဏ္ဍိုင်တစ်ခုကိုတစ်ခု မစွက်ဖက်ရဖို့ အားလုံး သတိပြုရမှာလည်းဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
ဒုတိယအကြိမ်၊ မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မေလ ၂ ရက်နေ့က စတင်ကျင်းပခဲ့ရာ မေလ ၁၀ ရက်နေ့တွင် ပြီးစီးသဖြင့် လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခြင်း ဖြစ်သည်။
ဒေါ်တင်အိက “ကျွန်မတို့မဏ္ဍိုင်အသီးသီးက သက်ဆိုင်ရာတည်ဆဲဥပဒေ၊ ပြဋ္ဌာန်းဥပဒေ၊ သက်ဆိုင်သော အစိုးရအဖွဲ့ဥပဒေ၊ သက်ဆိုင်ရာပြည်နယ်လွှတ်တော်ဥပဒေ၊ နည်းဥပဒေအတိုင်း လိုက်နာကျင့်သုံးရမှာဖြစ်ပါတယ်။ အဓိကက ကျွန်မတို့က တရားဥပဒေစိုးမိုးရေးအတွက် ရှေးရှုနေပြီးဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတယ်ဆိုတာ မည်သူတစ်ဦးတစ်ယောက်မှ ဥပဒေအထက်မှာ ရှိမနေရပါဘူး။ မဏ္ဍိုင်အသီးသီးပေါ်မှာ ပြဋ္ဌာန်းဥပဒေ၊ တည်ဆဲဥပဒေရှိနေပါတယ်” ဟု ဆိုသည်။
လွှတ်တော်စုံညီအစည်းအဝေးသို့ အုပ်ချုပ်ရေးမဏ္ဍိုင်က ရွေးကောက်ခံကိုယ်စားလှယ်များ၊ ဥပဒေပြုရေးမဏ္ဍိုင်က ရွေးကောက်ခံကိုယ်စားလှယ်များအပါဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံး အားလုံးမျက်နှာစုံညီ တက်ရောက်ရပါကြောင်း၊ မိမိတို့ ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် ပြည်သူအတွက် လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရမည့်ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် သက်ဆိုင်တဲ့ မေးခွန်းများကို မေးမြန်းရခြင်းဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ပြောသည်။
“အဲဒီလိုမေးခွန်းမေးတဲ့နေရာမှာ လွှတ်တော်နည်းဥပဒေအရ ကန့်သတ်ချက်တွေ၊ စည်းကမ်းချက်တွေကို လိုက်နာရသလို အဆိုနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်တဲ့ ကန့်သတ်ချက်တွေ၊ စည်းကမ်းချက်တွေကို ကိုယ်စားလှယ်တွေအားလုံး တိတိကျကျ လေးစားလိုက်နာရမှာဖြစ်ပါတယ်။ ကန့်သတ်ချက်ကို သေချာဖတ်ပါ၊ စည်းကမ်းချက်ကိုလိုက်နာပါ။ အဆိုမှာရော၊ မေးခွန်းတွေမှာရော ဥပဒေ၊ နည်းဥပဒေအရ အတိအကျပြဋ္ဌာန်းထားပါတယ်” ဟု လွှတ်တော်ဥက္ကဌက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်မည် စီမံကိန်းကြီးများပြုလုပ်မည်ဆိုပါက ၂၀၁၇ ခုနှစ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့အတိုင်းလိုက်နာရမည်ဖြစ်ကြောင်း ၎င်းညွှန်ကြားချက်သည် ယနေအထိအတည်ဖြစ်ပါကြောင်း လွှတ်တော်ဥက္ကဌက ဆက်ပြောသည်။
အဆိုပါ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ မှာ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်းများဖြစ်ကြောင်း သိရသည်။
မွန်လွှတ်တော်စောင့်ကြည့်လေ့လာသူ ရေးတော်ဝင်သတင်းလွှာအယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက “မွန်ပြည်နယ်အစိုးရအနေနဲ့ ဒီမိုကရေစီစနစ်နဲ့အညီ လွှတ်တော်အပေါ်မှာ အလေးဂရုပြုခြင်း အတော်လေးကို အားနည်းတာတွေ့ရတယ်၊ လွတ်တော်က ပြုစုပြဌန်းထားတဲ့ဥပဒေကို အသုံးမပြုတာ မလိုက်နာတာတွေ၊ လွှတ်တော်ကို မတင်ပြဘဲ ဥပဒေနဲ့မညီဘဲ ကျော်လွန်လုပ်ဆောင်တာတွေ၊ လွတ်တော်က ဆုံးဖြတ်သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေမှာ ချိုးဖောက်ကျူးလွန်တာတွေဟာ ယခုအပတ်ကျင်းပသွားတဲ့ မွန်လွှတ်တော်ကို ပွဲဆူစေခဲ့ပါတယ်၊ ဒီဖြစ်စဉ်တွေကို ပြည်ထောင်စုအစိုးရက ဘယ်လိုထိန်းညှိပေးမလဲဆိုတာ စိတ်ဝင်စားစရာပါ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။
အထူးသဖြင့် ရေးမြို့နယ် သပြေရွာသစ် ရေနက်ဆိပ်ကမ်းသို့သွားရာ အဓိကလမ်းကြောင်းဖြစ်သည့် အောင်သပြေ-နှစ်ကရင်လမ်းကို တင်ဒါမခေါ်ဘဲ ပြည်နယ်အစိုးရက Southern Myanmar Development Co,Ltd (SMD) ကုမ္ပဏီပေးလိုက်သည့်ကိစ္စနှင့် ကျိုက်ထီးရိုးစေတီ အမှိုက်ဖျက်စက်အတွက် ဘုရားဘဏ္ဍာထက်ဝက် အသုံးပြုခဲ့သည့်ကိစ္စရပ်များမှာ ယခုကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေး၌ ဝေဖန်ခံရဆုံးပွဲဆူသည့်ကိစ္စ ဖြစ်လာသည်။
“ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရသဘောအရ လုပ်ရမဲ့ လုပ်ငန်းစဉ်တွေကို NLD ဦးဆောင်တဲ့ မွန်ပြည်နယ်အစိုးရအနေနဲ့ ကျော်လွန်ချိုးဖောက်လုပ်ဆောင်ခဲ့တာတွေ၊ လွှတ်တော်နဲ့ အစိုးရ အပြန်အလှန် လေးစားမှု အားနည်းတာတွေ၊ ကိုယ်စားလှယ်အချို့ရဲ့ ကျင့်ဝတ် သိက္ခာပိုင်းဆိုင်ရာကိုထိခိုက်စေတဲ့ ပြောဆိုသုံးနှုံးမှုတွေကို တွေ့ရတယ်” ဟု ဦးအောင်နိုင်ဝင်းက ဆက်လက်သုံးသပ်သည်။
ထို့နည်းတူ ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်ကြသော အုပ်ချုပ်ရေးမဏ္ဍိုင်က တာဝန်ရှိသူ ဝန်ကြီးများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈၊ အစိုးရအဖွဲ့ဥပဒေ၊ နည်းဥပဒေအတိုင်း လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ယင်းသို့ လိုက်နာဆောင်ရွက်တဲ့နေရာတွင် မိမိမဏ္ဍိုင်က ဥပဒေကို မိမိတို့အလုပ်လုပ်စေလိုကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင်ဘက်ကလည်း မိမိတို့မဏ္ဍိုင်၏ဥပဒေ၊ နည်းဥပဒေအတိုင်းအလုပ်လုပ်မည်ဆိုပါက လွှတ်တော်နှင့်အစိုးရ မဏ္ဍိုင်(၂)ခုသည် ညှင်သာချောမွေ့စွာဖြင့် ပြည်သူ့အကျိုးကို အတူတကွဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌ နှုတ်ခွန်းဆက်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

Photo-မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ
နှုတ်ခွန်းဆက်အမှာစကားပြောကြားစဉ် (မွန်ပြည်နယ်လွှတ်တော်)