Homeသတင်းဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်စခန်းတားဒိန်ရွာကို KNU ဝန်းရံပိတ်ဆို့ထားဟုဆို

ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်စခန်းတားဒိန်ရွာကို KNU ဝန်းရံပိတ်ဆို့ထားဟုဆို

-

မွန်သတင်းအေဂျင်စီ(မေ-၂)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီတပ်တည်စခန်းဖြစ်သည့် တားဒိန်ရွာ ဝင်ထွက်သွားလာရာလမ်းကြောင်းများကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များ ဝန်းရံပိတ်ဆို့ထားကြောင်း ဒေသခံများပြောကြားချက်အရ သိရှိရသည်။


ဧပြီလ ၂၉ ရက်နေ့ညနေပိုင်းက တားဒိန်ချောင်းဖျား(သံပုရာချောင်း) ၌ သစ်ထုတ်သည့်ကိစ္စနှင့် နယ်မြေအငြင်းပွားကြရာမှ မွန်ပြည်သစ်နှင့် KNU အောက်ခြေတပ်ဖွဲ့တို့ မိနစ် ၂၀ ခန့်အကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တားဒိန်ရွာဝင်ထွက်လမ်းကြောင်းများကို ပိတ်ဆို့ထားသဖြင့် အခြေအနေတင်းမာနေသည်ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူမြို့နယ် ဥက္ကဌ နိုင်အာကာက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ကျနော်တို့နေရာဟောင်းမှာပါ၊ အရင့်အရင်ကလည်း ထုတ်လုပ်ခဲ့တာပဲ၊ အဓိက သစ်ထုတ်တဲ့ကိစ္စနဲ့ နယ်မြေအငြင်းပွားတဲ့ပြဿနာ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အဆင့် တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့အကြိမ်ကြိမ် ကြိုးစားရင်းနဲ့ ခုလိုဖြစ်သွားတာ” ဟု နိုင်အာကာက ဆိုသည်။

အဆိုပါအငြင်းပွားသည့်နေရာမှ မွန်ပြည်သစ်တပ်ဖွဲ့များ ရုတ်သိမ်းပြီးမှသာ KNU ဘက်မှ လက်ခံဆွေးနွေးမည့်အနေအထားဖြစ်နေသည်ဟု ၎င်းကဆက်ပြောသည်။

KNU ဝင်းရေးမြို့နယ်ဥက္ကဌ စောမောင်ရွှေက “ဖြစ်နေတာက တပ်ပိုင်းကပဲ၊ ကျနော်တို့အုပ်ချုပ်ရေးပိုင်းနဲ့ ဘာမှမဆိုင်ဖြစ်နေတယ်၊ သူတို့က တပ်အချင်းချင်းဖြစ်တာ၊ ဒီနေ့မနက် တစ်ချက်လောက်တော့ မေးဖြစ်တယ်၊ မွန်ပြည်သစ်ပါတီတပ်မှူးနဲ့ တပ်ရင်း ၁၆ (KNU) နဲ့ ဒီနေ့တွေ့ဆုံမယ်လို့ပြောတယ်” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

သို့ရာတွင် ဘုရားသုံးဆူမြို့ရှိ KNU ဆက်ဆံရေးရုံးတာဝန်ခံ စောအက်ဒဝပ်ကလည်း နှစ်ဖက်တွေ့ဆုံကြမည့်ကိစ္စကိုအတည်မပြုသလို လက်ရှိဖြစ်ပေါ်နေသည်အခြေအနေအရပ်ရပ်ကို မွန်သတင်းအေဂျင်စီအား ဖြေကြားရန်ငြင်းဆိုခဲ့သည်။

မွန်ပြည်သစ်နှင့် KNU တို့ကြား ဖြစ်ပေါ်နေသည့်ပြဿနာဖြစ်သည့်အတွက် အချင်းချင်းငြိမ်းချမ်းရေးရရှိရန် လိုအပ်နေပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့နားလည်မှုများရှိရန်လည်း လိုအပ်နေကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက မကြာသေးမီရက်ပိုင်းက တိုက်တွန်းခဲ့သည်။

“နှစ်ဖွဲ့မျက်နှာချင်းဆိုင်တွေ့နေတဲ့ကိစ္စပဲ မရှင်းနိုင်စရာအကြောင်းမရှိဘူး။ ရှင်းတတ်ဖို့ပဲ လိုတယ်။ စာပွဲပေါ်မှာထိုင်ပြီး ဆွေးနွေးဖို့ပဲ လိုတယ်။ဆွေးနွေးပြီးတော့မှ အောက်ခြေကလည်း သိဖို့ လိုတယ်။ အပေါ်ကလူကြီးတွေ ဆွေးနွေးပြီးတော့ အောက်ခြေက မသိရင်လည်း အဆင်မပြေဘူး။ အဲဒီတော့ ကိုယ့်အဖွဲ့အစည်းကို ပိုင်ပိုင်နိုင်နိုင်လေးနဲ့ အောက်ခြေအထိ သိအောင်လုပ်ရမယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ အိမ်ခြေ ၇၀ ဝန်းကျင် လူဦးရေ ၃၀၀ ကျော်ခန့်နေထိုင်လျက်ရှိသည့် တာဒိန်ရွာ(ပုံကတာ) ခန့်မှန်းမြေပုံအညွှန်း D-255198 သည် အစိုးရနှင့် ၂၀၁၂ ခုနှစ် အပစ်ရပ်စဲရေးသဘောတူညီချက် Bilateral အရ မွန်ပြည်သစ်ပါတီတပ်ခွဲရုံး တပ်တည်နေရာအတွက် ထပ်မံခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ၁၉၉၅ ခုနှစ် စစ်အစိုးရနှင့် အပစ်ရပ်စဲပြီးနောက် မွန်ပြည်သစ်တပ်ဖွဲ့မိသားစုဝင်များနေထိုင်ရန်အတွက် အမြဲတမ်းတပ်တည်နေရာနှင့် ကျေးရွာအဖြစ်တည်ထောင်ခွင့်ရရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။


Photo-လက်နက်ကိုင်ပဋိပက္ခမဖြစ်ပေါ်စေရေး KNU နှင့် NMSP ခရိုင်အဆင့်အလွတ်သဘောတွေ့ဆုံစဉ်-09/09/2016(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts