Homeသတင်းမော်လမြိုင်တွင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကျင်းပ

မော်လမြိုင်တွင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကျင်းပ

-

မွန်သတင်းအေဂျင်စီ(မတ် ၂၅)

မွန်ပြည်နယ် ၁၀ မြို့နယ်မှ လူထုများပါဝင်သော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒထောက်ခံပွဲကို မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်ပန်းခြံ၌ ယမန်နေ့က ကျင်းပခဲ့ရာ လူ ၄၀၀၀ ကျော်ခန့် ပါဝင်လှုပ်ရှားခဲ့ကြောင်း တွေ့ရှိရသည်။

“၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး-ဒို့အရေး၊ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီသောအခြေခံဥပဒေများ ရေးဆွဲ ပြဌာန်းရေး-ဒို့အရေး၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့၏ ဆောင်ရွက်ချက်များအား ထောက်ခံမည်” စသည့် ကြွေးကျော်သံများဖြင့် တောင်းဆိုခြင်း ဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း ၈ ခန်းကို ပုဒ်မ ၄၃၆ နဲ့ပိတ်ထားပါတယ်၊ အဲဒီမှာ ဥပဒေပုဒ်မတွေ ၁၀၃ ခုရှိပါတယ်၊ လွှတ်တော်ထဲမှာ ဒီ ၄၃၆ ကြောင့် ၂၅% တပ်မတော်သားတွေ ဝင်ထိုင်လို့ရတာပါ၊ ဒီဥပဒေကိုမပြင်ရင် သူတို့ဆက်ထိုင်နေမှာပဲ၊ ဒီအခြေခံဥပဒေပြင်မှလည်း ပြည်သူအများနဲ့ ဖွဲ့စည်းထားတဲ့အစိုးရတရပ် ပီပြင်စွာ ပေါ်ပေါက်လာမှာပါ” ဟု အောင်ဆန်းကွန်ယက် တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်သိန်းက ပြောသည်။

ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုပြင်ဆင်ပါက လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနှင့်အထက် သဘောတူပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ရမည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

ရေးမြို့နယ်မှ ထောက်ခံပွဲတက်ရောက်လာသူတစ်ဦးက “ ဒီဖွဲ့စည်းပုံပြင်မယ်ဆိုရင် ကျနော်တို့လူထုက ထောက်ခံမှာပဲ၊ တတ်နိုင်ရင် အသစ်ရေးဆွဲနိုင်ရင် ပိုပြီးတော့ထောက်ခံမယ့်အကြောင်း ပြောချင်လို့ ရေးကနေ မော်လမြိုင်အထိ လာပြီး ကြိုဆိုထောက်ခံပွဲလာတက်တာပါ” ဟု ဆိုသည်။

အလားတူ လူထုထောက်ခံပွဲကို ပြင်ဦးလွင်မြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ယမန်နေ့ကကျင်းပခဲ့ပြီး “၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ၊ ဒီမိုကရေစီ ဖက်ဒရယ်စနစ် ပေါ်ပေါက်ရေး အခြေခံဥပဒပြင်ဆင်ပေး၊ တိုင်းရင်းသား ပြည်သူခွင့်တူညီမျှရရှိရေး ဖွဲ့စည်းပုံပြင်ဆင်ပေး” စသည်အချက်တွေကို ဒေသခံ တစ်ထောင်ခန့်က တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။


Photo-
မော်လမြိုင်တွင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲ ကျင်းပစဉ်(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts