spot_img
Sunday, April 28, 2024
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် 2020 Deadline

    ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် 2020 Deadline

    -

    ဗညားအောင်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက တတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ ၂၀၂၀ ခုနှစ်တွင် ငြိမ်းချမ်းရေးအပြီးသပ်မည်ဆိုသော Deadline တခုအနေဖြင့် မိန့်ခွန်းပြောရာမှာ ထည့်ပြော သွားခဲ့သည်။

    တဖက်မှာတော့ တခုတည်းသော တပ်မတော်နှင့် ခွဲမထွက်ရေးဆိုသော ကိစ္စနှင့်ပတ်သက်ပြီး အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား အဖြေရှာမတွေ့သေးပဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ထစ်ဆို့လာခဲ့သည်။
    ထို့နောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရှေ့ဆက်မတိုးနိုင်ဘဲ နှေးကွေးမှုဘက်သို့ ရောက်ရှိနေခြင်းကြောင့် အားလုံးက ပြန်လည် တည့်မတ်နိုင်ရေး ကြိုးပမ်းနေရသည်။

    ဒေါ်အောင်ဆန်းစုကြည်က “လက်ရှိ ၂၀၁၈ ခုနှစ် အတွင်းမှာ နောက်ထပ် ညီလာခံ (၁)ကြိမ်၊ လာမယ့် ၂၀၁၉ ခုနှစ် အတွင်းမှာ နောက်ထပ် ညီလာခံ (၂)ကြိမ်၊ ၂၀၂၀ ပြည့်နှစ်မတိုင်မီ နောက်ထပ် ညီလာခံ(၃)ကြိမ် ကျင်းပ နိုင်ဖို့၊ ဒီညီလာခံ (၃)ကြိမ်မှာ အရေးကြီးလှတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူတွေ အပြီးအပြတ် ချမှတ်ပြီး အနာဂါတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်တွေ ခိုင်ခိုင်မာမာ တည် ဆောက်ပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်”ဟု ဇူလိုင်လတွင် ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံ (တတိယအစည်း အဝေး) ဖွင့်ပွဲမိန့်ခွန်းတွင် ပြောခဲ့သည်။

    ထို့နောက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅-၁၆ ရက် ၁၀+၁၀ ထိပ်သီးခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ ခုနှစ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြီးမြောက်စေရေး၊ တိုင်းရင်း သား ပြည်သူလူထု လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေး ပြည်သူ့လက်ကို အရောက် အပ်နှင်း မည်ဟု ဆိုခဲ့သည်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တပ်မတော်အနေနဲ့လည်း ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်စေရေး သန္နိဋ္ဌာန်ချထားကြောင်းကိုလည်း ကျွန်တော့်ရဲ့ ပြီးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောကြားပြီး ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီသန္နိဋ္ဌာန်အတိုင်းပဲ ဖြစ်မြောက်အောင် ဆောင် ရွက်ပြီး တိုင်းရင်းသား ပြည်သူလူထု လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက် အပ်နှင်းမှာဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်” ဟု ပြောခဲ့သည်။

    ဤနောက်ပိုင်းတွင် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ၅ လနီးပါး အသံတိတ်ဆိတ်သွားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ အစည်းအဝေးလည်း ယနေ့အထိ ဆက်လက် ကျင်းပနိုင်ခြင်း မရှိတော့ပေ။

    KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက “ငြိမ်းချမ်းရေးက ၂၀၂၀ မှာ တကယ် အဆုံးသတ်သွားမှာ လား၊ ၂၀၂၀ ပြီးရင်ရော မဆက်တော့ဘူးလား၊ SSR-DDR ကိစ္စတွေ မဆွေးနွေးတော့ဘူးလား၊ လုံခြုံရေးကဏ္ဍ ဆိုင်ရာ ဆွေးနွေးပွဲတွေလည်း ကျနော်တို့ ဘယ်တော့ ဘယ်လိုလုပ်ကြမှာလဲ၊ ပြည်ထောင်စု တပ်မတော် ကိစ္စ ကော ဆွေးနွေးဖို့ အစီအစဉ် ဘယ်လိုရှိသလဲ၊ ဒါကို ကျနော်တို့ ဘက်ကတော့ သက်ဆိုင်ရာ အစိုးရ၊ တပ်မတော် တို့နဲ့ ရှင်းရှင်းလင်းလင်း ပြန်မေးဖို့ လိုပါတယ်” ဟု မကြာသေးမီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သော NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အထူးအစည်းအဝေး နောက်ဆုံးနေ့ သတင်းစာ ရှင်းလင်းတွင် သတင်းထောက်များကို ပြောသွားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ဖက်ဒရယ်ကို ချီတက်မည်ဟု ပြောထားသော်လည်း အမှန်တကယ် ဖက်ဒရယ် တစ်ခု လုံးကို သွားရမည့် Frame Work- လမ်းပြမြေပုံ Road Map မရှိကြောင်း၊ NCA တွင် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ ဆွေးနွေးရမည့် Frame Work သာ ရှိသေးကြောင်း ၎င်းက ဆိုသည်။

    တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်စိုးနိုင်ဦးကတော့ မိမိတို့အနေဖြင့် NCA လမ်းကြောင်း ပေါ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးသွားနိုင်အောင် ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို DDR (လက်နက်ဖြုတ်၊ တပ်ဖျက်သိမ်း၊ ပြန်လည်ပေါင်းစည်းခြင်း)တို့ လုပ်ခိုင်းခြင်းမဟုတ်သေးဘဲ ဆက်လက် ပြီး လက်နက်များ ကိုင်ဆောင်ပြီး ဆွေးနွေးနိုင်ကြောင်း၊ သေနတ်သံ မထွက်ရန် ကြိုးစားသွားရန် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်က တပ်မတော်သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့သည်။

    “ကျနော်တို့ သွားမှာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးဟာ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီးတော့ NCA လမ်းကြောင်းပေါ်မှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးသွားနိုင်အောင် ကျနော်တို့ ဆောင် ရွက်မယ်။ အဲဒီအချိန်မှာ သေနတ်သံတွေ ရပ်သွားမယ်။ သူတို့ကို ကျနော်တို့ DDR လုပ်ခိုင်းလိုက်တာ မဟုတ် သေးဘူး။ သူတို့ လက်နက်တွေကို သူတို့ဟာ သူတို့ သိမ်းထားရမယ်။ လက်နက်တွေ မပစ်နဲ့တော့။ ကျနော်တို့ ဆွေးနွေးပွဲပေါ်မှာပဲ လမ်းကြောင်းပေါ်မှာပဲ ဆွေးနွေးပြီး အဖြေရှာ ကြမယ်ဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက် အောင် ကျနော်တို့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

    မည်သို့ပင် ဆိုစေကာမူ (၅)လကြာ နီးပါး ရပ်တန့်နေသည့် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၏ သက်ရောက်မှုအရ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး(PPST ဥက္ကဌတာဝန်ယူထား)နှင့် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး (PPST ဒုဥက္ကဌတာဝန်ယူထား)ယွက်စစ်တို့ PPST အဖွဲ့ခေါင်းဆောင်များ တာဝန်ကနေ နှုတ်ထွက်သွားခဲ့ပြီး ပဒိုစောတာ ဒိုမှူးနှင့် စပ်ဘောင်ခေးတို့က အစားထိုးဝင်ရောက်လာခဲ့ကြသည်။

    စောမူတူးစေးဖိုးက “လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ ရောက်ရှိနေတဲ့ NCA အကောင်အထည်ဖော်မှု လမ်း ကြောင်းဟာ မူလက ကျနော်တို့ ရည်မှန်းထားတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေး တွေ၊ အာမခံချက်တွေ အပြည့်အဝရှိပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ရောက်ရှိ စေမယ့် လမ်းကြောင်းကနေ သွေးဖီသွားပြီ ဖြစ်ပါတယ်” ဟု တာဝန်မှ မနုတ်ထွက်မီ အဆိုပါ အထူး အစည်း အဝေးတွင် ပြောခဲ့သည်။

    ဤသို့ဆိုလျင် ယခင် သမ္မတ ဦးသိန်းစိန်(ငြိမ်း) လက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်ခဲ့ သော တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့တို့ NCA လက်မှတ် စတင်ရေးထိုးခဲ့အပြီး (၃) နှစ်ခွဲခန့်အကြာ အနေ အထားနှင့် လက်ရှိ ငြိမ်းချမ်းရေးအရွေ့ တနည်းအားဖြင့် မြန်မာ့ငြိမ်းချမ်းရေးခရီး တိုးတက်မှုရေချိန်ကို အကဲ ခတ် နိုင်လောက်ပြီဟု ယူဆရပါသည်။

    သို့ရာတွင် မတ်လ ၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ ရောက်ရှိလာသော ငြိမ်းချမ်းရေးကော်မရှင် (PC)မှ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) ဦးဆောင်သည့် အဖွဲ့ NCA ထိုးထားသော (၁၀)ဖွဲ့စလုံးဖြင့် လည်းကောင်း၊ KNU (NCA ထိုးထားသည့်အဖွဲ့ဖြစ်ပြီး သီးသန့် ထပ်တွေ့ခြင်း)နှင့် KNPP အဖွဲ့များဖြင့်လည်း သီးသန့် အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးနောက် တိုးတက်မှုရှိလာသည်ဟု အကောင်းဘက်က ယူဆ စရာ ရှိပြန်သည်။

    ဗိုလ်မှူးချုပ်ဘောင်ခေး ဦးဆောာင်သော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်သို့ သွားရောက်၍ (PC)အပြင် တပ်မတော်ညှိနှိုင်းရေးအဖွဲ့တို့ဖြင့် မတ်လ (၁၁) ရက် နေ့က တရားဝင် ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး မတ်လ ၁၈ ရက်နေ့တွင်လည်း ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီ တိုးတက်ရေးပါတီ (KNPP)တို့ ဆွေးနွေးကြမည်ဖြစ်သလို ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့်လည်း ဆွေးနွေးမည့် ရက်ချိန်း ရွေးနေကြကြောင်း သိရသည်။

    ထိုသို့ဆိုလျှင် ငြိမ်းချမ်းရေးကော်မရှင်(PC)အဖွဲ့ ချင်းမိုင်မှအပြန် တရားဝင်ဆွေးနွေးပွဲများ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်လာသည်ဟု ဆိုရပါမည်။
    တဆက်တည်းတွင်ပင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်(၈)ဖွဲ့တို့အား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရန် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့စွဲဖြင့် ဖိတ်ကြားထားပြီ ဖြစ်သည်။

    NCA မထိုးရသေးသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ရှမ်းပြည် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားရေးပါတီ(MNTJP)၊ ပလောင် ပြည်နယ် လွတ်မြောက် ရေး တပ်ဦး(PSLF)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) စသည့် မြောက်ပိုင်းမဟာမိတ်(၇)ဖွဲ့နှင့် (KNPP)တို့အား လာမည့် မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ NRPC ရုံး၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ခေါ်ထားသည်။

    သို့ရာတွင် NCA လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းမည့် NCA လက်မှတ်ထိုး(၁၀)ဖွဲ့က ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ် ပြည်ထောင်စုလမ်းကြောင်းမှ သွေးဖီသွားပြီဟုဆိုပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ခြေလှမ်းများ တုန့်ဆိုင်းနေသည့်အချိန်တွင် NCA လမ်းကြောင်းပြင်ပမှ ငြိမ်းချမ်းရေး လျှောက်လှမ်းမည်ဆိုသည့် မြောက်ပိုင်းမဟာမိတ် (၇)ဖွဲ့တို့အနေဖြင့် အစိုးရ ကမ်းလှမ်းချက်ကို လက်ခံတက်ရောက်ဆွေးနွေးမည်ဆိုရာတွင် လက်ဆုပ်လက်ကိုင်ပြုနိုင်မည့် ငြိမ်းချမ်းရေးအဖြေရလဒ်များကိုတော့ စောင့်ကြည့်နေရဦးမည် ဖြစ်ပါသည်။

    မည်သို့ပင်ရှိစေကာမူ ပြည်သူများ၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံဖြိုးတိုးတက်မှုကို ခံစားနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်နက်စွန့်ကြရန် တိုက်တွန်းမှုနှင့် ၂၀၂၀ ခုနှစ်တွင် ငြိမ်းချမ်းရေးရရှိရန် တပ်မတော်က မျှော်လင့်ထားကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မရှိတော့ဘဲ တိုင်းပြည် ငြိမ်းချမ်းသွားသည့် အချိန်တွင် နိုင်ငံရေးလမ်းကြောင်းမှ တပ်မတော်စွန့်ခွာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့ တပ်မတော်သတင်းစာရှင်းလင်းပွဲ ပြောကြားချက်သည် တပ်မတော်၏ Road Map လမ်းပြမြေပုံနှင့် Deadline ကို အသိပေးပြောထားပြီး ဖြစ်ပါကြောင်း လေ့လာသုံးသပ်မိသည်။



    Photo- ၁၀+၁၀ ထိပ်သီးသီးသန့်အစည်းအဝေး (သတင်းစဉ်)

    ဆက်စပ်သတင်း

    1 COMMENT

    1. အမြင်ဆောင်းပါးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်တစ်ခု Point Out လုပ်ချင်တာလဲ မသည်းကွဲပါဘူး။ ဒီထက်ပိုပြီး ဒေါက်စေသင့်ပါတယ်။ အခုဟာက DDR SSR ကို ပြောနေတာလား။ Process တစ်ခုလုံးကို ပြောနေတာလား။ တစ်ခါတစ်လေမှာ တစ်ဆို့ရတဲ့ အကြောင်းအရာတွေက မူဘောင်တွေနဲ့လည်း ဆက်စပ်နေတတ်တယ်။ DDR SSR လို့ပြောရင်တော့ လက်ရှိအခြေအနေထက်စာရင်တော့ ဒါတွေကို ဆွေးနွေးဖို့အတွက် မူဘောင် အခက်အခဲကြောင့်လို့ ဖြစ်မယ်ထင်ပါတယ်။ နည်းနည်း ပိုပြီး အချက်အလက်တွေရဲ့ တည်ချက်ကို အားကောင်းသင့်ပါကြောင်း။

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts