မင်းချမ်းညီ (မော်လမြိုင်၊ မတ် ၄)
ရာဘာလုပ်ငန်းကို အများဆုံးလုပ်ကိုင်လေ့ရှိသည့် မွန်ပြည်နယ်အတွင်း ရာဘာမှိုင်းခံစက်ရုံများ မီးလောင်ပျက်စီးမှု ထပ်မံမဖြစ်ပေါ်စေရေး ရာဘာလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။
မွန်ပြည်နယ် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဌ နိုင်ကျန်ရစ်က “အသင်းအနေနဲ့တော့ မီးဘေးကာကွယ်ဖို့အတွက် ဘယ်လိုကာကွယ်ရမလဲ၊ ပညာပေးတွေဘယ်လိုလုပ်ရမလဲဆိုတာ ခုချိန်ထိတော့ အသင်းမှာ တခါမှ မဆောင်ရွက်ဖူးသေးဘူး။ ရာဘာဆိုတာ မီးလောင်လွယ်တယ်။ မီးနဲ့အလုပ်လုပ်ရတော့ တို့ဆီမှာ ရာဘာမှိုင်းရုံတွေက စနစ်တကျလုပ်ထားတာလည်းရှိသလို မှိုင်းရုံဖြစ်ရင်ပြီးရောတွေလည်း ရှိတယ်။ စနစ်တကျမလုပ်ဘူးဆိုရင်တော့ မီးလောင်နေဦးမှာပဲ” ဟု ဆိုသည်။
ဆာလဖြူရစ်အက်ဆစ်သုံး ရာဘာပြားများကို မှိုင်းခံပါက မီးပြင်းသည့်အခါ အရည်ပျော်လွယ်သည့်အတွက် ယင်းအက်ဆစ်အစား ဖောမစ်အက်ဆစ်ကို အသုံးပြုကြရန်နှင့် ရာဘာမှိုင်းခံရုံများမှာ မီးသတ်ဗူးရှိရုံဖြင့် စိတ်ချနိုင်လောက်သည့်အခြေအနေမဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာမှာ အများပိုင်ရာဘာအရည်အသွေးမြှင့်စက်ရုံမှ ဦးစိုးအောင်က “စက်ရုံနဲ့အနီးစပ်ဆုံး မီးသတ်ဗူး ၅ လုံးလောက်ထားထားပါတယ်။ ဖြစ်ပြီဟေ့ဆိုရင် အမြန်ဆုံး မီးသတ်လို့ရအောင်လို့ပါ၊ မီးဖြစ်ပြီဆိုရင်တော့ အရင်ဦးဆုံး ဖုန်းနဲ့ (သက်ဆိုင်ရာဌာန)ကို အကြောင်းကြားတယ်” ဟု ပြောသည်။
သို့ရာတွင် ပြည်နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေသော်လည်း ရာဘာလုပ်ငန်းရှင်များအကြား မီးဘေးအန္တရာယ်ကာကွယ်ရေးအကြောင်း ပညာပေးဆွေးနွေးခြင်းမရှိသေးကြောင်း သိရသည်။
မုဒုံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်ဦးက “မှိုင်းခံရုံတွေကို ထင်းတွေနဲ့လည်း မီးမွှေးကြတယ်။ ဖွဲတွေ၊ မီးသွေးတွေနဲ့ မှိုင်းခံကြတယ်။ များသောအားဖြင့် မီးလောင်တာကို စစ်ဆေးကြည့်လိုက်တော့ မီးထိုးများပြီးတော့ ပေါ့ပေါ့ဆဆ အသုံးပြုတဲ့အတွက် မီးလောင်မှုတွေက ဖြစ်သွားရတာပါ။ ဝန်ထမ်းတွေ လုပ်သားတွေကို ပေါ့ပေါ့လျော့လျော့မဖြစ်ဖို့အရေး စမလောင်ခင်ကတည်းက ရာဘာပိုင်ရှင်တွေအားလုံးကိုခေါ်ယူပြီးတော့ မီးနဲ့ပတ်သက်ပြီး ဆက်တိုက် လေ့ကျင့်အသိပညာပေးတာတွေ ဆောင်ရွက်နေပါတယ်။ စက်ရုံအလုပ်ရုံ စစ်ဆေးတာတွေလည်း လုပ်နေပါတယ်။ ရာဘာလုပ်ငန်းရှင်များအသင်းနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်မှသာ နောက်ထပ်ဒီလိုတွေ ထပ်မဖြစ်တော့မှာပါ” ဟု ပြောသည်။
မုဒုံမြို့နယ်အတွင်း ရာဘာမှိုင်းခံရုံများသည် မကြာခဏ မီးလောင်ခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာက တစ်ကြိမ်၊ ဇန်နဝါရီလက တစ်ကြိမ်နှင့် ဖေဖော်ဝါရီလတွင် တစ်ကြိမ် မီးလောင်မှုဖြစ်ပွားသဖြင့် သုံးလအတွင်း ငွေကျပ် သိန်းငါးရာခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ကာယကံရှင်များထံမှ သိရသည်။