spot_img
Sunday, April 28, 2024
More
    spot_img
    Homeသတင်းမွန်ပြည်သစ်၏ NCA တစ်နှစ်ပြည့်ခရီး

    မွန်ပြည်သစ်၏ NCA တစ်နှစ်ပြည့်ခရီး

    -

    ဗညားအောင်

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) သည် နိုင်ငံရေးဆွေးနွေးသည့် နည်းလမ်း တစ်ခုသာဖြစ်ပြီး မိမိတို့ မွန်ပြည်သစ်ပါတီ(NMSP)၏ ရည်မှန်းချက်ပန်းတိုင် မဟုတ်ကြောင်း ယမန်နှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် NMSP ဥက္ကဌ နိုင်ထောမွန် ပြောခဲ့သော မိန့်ခွန်းတခုကို အမှတ်ရမိသည်။

    သို့နှင့် နေပြည်တော်မှာ NCA လက်မှတ်ရေးထိုးသော အခမ်းအနားပြီးသည့် နောက်တစ်လအတွင်း တပ် တည်ခွင့်ရ နယ်မြေများဖြစ်သည့် မွန်လူမျိုး အများစုနေထိုင်ရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ NMSP သထုံခရိုင်ရုံး၊ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ရွာအနီးရှိ NMSP မော်လမြိုင်ခရိုင်ရုံး၊ ရေးချောင်း ဖျား ဒေသအပြင် မွန်လူထုများနေထိုင်ရာ ရန်ကုန်(သို့မဟုတ်) ပဲခူးတိုင်းဒေသကြီးတွင် တစ်နေရာရာ မတ်လအတွင်း လူထုတွေ့ဆုံပွဲများ ကျင်းပသွားဖို့ ပဏာမတွင် မွန်ပြည်သစ် ခေါင်းဆောင်များ စဉ်းစားခဲ့ကြသည်။

    “NCA လက်မှတ် ရေးထိုးရတဲ့ကိစ္စ ပြည်သူလူထုကို အသိပေးရမယ်လို့ ကျနော်တို့ မွန်ပြည်သစ် လက်ခံထား တယ်။ UPDJC အစည်းအဝေးမှာလည်း ကျနော်တို့ တပ်တည်နေရာတွေမှာ လွတ်လွတ်လပ်လပ် တွေ့ဆုံလို့ ရမယ်လို့ အစိုးရဘက်က ပြောထားပြီးသား၊ ဒါနဲ့ပဲ မိမိတပ်တည်ဂွင်ထဲ လူထု ရှင်းလင်းပွဲတွေ လုပ်ဖို့ပြင်ဆင်တဲ့ အခါ တပ်ဘက်က ဘာပြောလာသလဲဆိုတော့ တစ်နေရာလုပ်ရင် လူဦးရေ ၂၀-၃၀ ထက်မပိုရဘူး”ဟု NMSP ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

    ထို့ကြောင့် မြို့နှင့်အလှမ်းဝေး၍ လူသူ အရောက်အပေါက်နည်း သာမန်လူများ သွားလာရခက်ခဲသော မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်နှင့်အနီးတဝိုက် မွန်ပြည်နယ် ရေးချောင်းဖျားဒေသမှာ ၂ နေရာ ကျင်းပဖြစ်ခဲ့သည်။ ထို့နောက် NCA ထိုးပြီးသော်လည်း စိတ်ကသိကအောင့်ဖြစ်စရာ လူဦးရေကန့်သတ်ခံခဲ့ရသည့်အတွက် ကရင်ပြည်နယ် NMSP ထိန်းချုပ်နယ်မြေအတွင်း ကျင်းပမည့် အစီအစဉ် များကို ဖျက်သိမ်းခဲ့ရသည်။

    “၁၉၉၅ ခုနှစ် အပစ်ရပ်ကာလလိုပဲ ခေါင်းဆောင်တွေအတွက် နှစ်သိမ့်ဇုန်(Comfort zone)တစ်ခု ဖန်တီး ပေး ထားပြီး ပါတီဝင်တွေကို ပြည်သူကနေ ဝေးကွာအောင် လုပ်ထားတာ တွေ့ရတယ်” ဟု အမေရိကန်နိုင်ငံတွင် သီတင်းသုံးနေသည့် မွန်ဆရာတော် အသျှင်ရာဝိကမှ မိန့်ကြားသည်။

    ထို့နောက် ရေးမြို့ပေါ်တွင် မေလအတွင်းက မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခဲ့ရာတွင် ကဏ္ဍ ကြီး(၅) ရပ်အတွက် အချက်(၇၁)ချက် စုစည်းနိုင်ခဲ့သည်ဟု ဆိုသော်လည်း (၂၁) ရာစုပင်လုံ (တတိယ အစည်း အဝေး) ကျင်းပရာတွင် အဆိုပါ အချက်အလက်များ ဘယ်နေရာ ရောက်သွားမှန်းမသိ ဖြစ်သွားခဲ့သည်ဟု မွန် ကိုယ်စားလှယ်များက ဆိုသည်။

    NMSP ဥက္ကဌ နိုင်ထောမွန်က “ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံက အဖြစ်သဘော ကျင်းပဖြစ်ရုံလေးပဲ မြင်မိတယ်၊ ကျနော်တို့ ပါတီ ဗဟိုအလုပ်အမှုဆောင်တွေ သုံးသပ်တာ ညီလာခံက အနှစ်သာရ မရှိပါဘူး၊ အချိန်လည်း တော်တော် လွန်နေပြီဆိုတော့ မလုပ်မဖြစ် ဝတ်ကျေတန်းကျေ လုပ်ဆောင်ပေးရတဲ့သဘော၊ အနှစ်သာရ နည်းနည်းနဲ့ လုပ်ဆောင်သွားရတာမျိုးပါ၊ ဒါကြောင့် ကျနော်တို့ ဆွေးနွေးချင်တာတွေကိုလည်း ဆွေးနွေးမရတာ မျိုး ဖြစ်ခဲ့တယ်” ဟု ပြောသည်။

    သို့သော် မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ကော်မတီ အတွင်းရေးမှူး မင်းအောင်ထူး ကတော့ မွန်ခေါင်းဆောင်များ၊ မွန်နိုင်ငံရေးပါတီများ၊ အရပ်ဖက် မွန်လူမှုအဖွဲ့အစည်းများနှင့် မွန်အရေး တက်ကြွ လှုပ်ရှားသူများ ပါဝင်သော မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းက မွန်လူမျိုး များအတွက် အင်အားတစ်ရပ် စုစည်းနိုင်ခဲ့သည်ဟု ဆိုသည်။

    “အကောင်းဘက်ကတော့ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် ရခဲ့တာတွေ၊ မွန်အမျိုးသား နိုင်ငံရေး အသိုင်းအဝိုင်းမှာ လုပ်ဆောင်နေသူတွေ အချင်းချင်း ထိတွေ့ဆက်ဆံမှုမှာ လွတ်လပ်လာတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာတယ်၊ ဒါပေမယ့် လက်မှတ်မထိုးခင် ရှိခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စ တွေ ကြားကာလ အစီအစဉ်တွေ စသည်ဖြင့် ဘာတစ်ခုမှ သေသေချာချာ လုပ်နိုင်တာ မတွေ့သေးဘူး၊ အဆိုး ကတော့ JMC-S လို အစုအဖွဲ့မှာ ဒီနေ့အထိ ပါဝင်ခွင့် မရှိနေသေးတာရယ်” ဟု ၎င်းက ဆိုသည်။

    NCA လက်မှတ်ရေးထိုးမှု (၁)နှစ် ပြည့်လာခဲ့သော်လည်း NMSP အနေဖြင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)တွင် ပါဝင်နိုင်ခြင်း မရှိသေးဘဲ တစ်ဆို့ နေရဆဲ ဖြစ်သည်။

    မွန်ပြည်သစ်ပါတီ(NMSP)ကမူ ၁၉၉၅ ခုနှစ် ပထမအကြိမ် အပစ်ရပ်ကတည်းက တပ်မတော်မှ မွန်တပ်ရင်း တပ်ဖွဲ့များနှင့် ခရိုင်အုပ်ချုပ်ရေး ရုံးများကို အခြေစိုက်ခွင့် ပေးထားသော ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးအဆင့် JMC-S တို့တွင် ပါဝင်ခွင့်ရမှသာ မွန်ပြည်နယ် JMC-S မှာ ပါဝင်မည်ဟု ဆုံးဖြတ်ထား ကြာင်း သိရသည်။

    ထို့အတူ မွန် JMC-S တွင် NMSP မပါဝင်သဖြင့် တပ်မတော်မှ ဝင်ရောက် သိမ်းဆည်းထားသည့် သံဖြူဇရပ်-ဘုရားသုံးဆူ ကားလမ်းမပေါ်က NMSP တပ်တည်စခန်း ဂိတ် (၂)နေရာကိုလည်း ပြန်လည် လွှဲအပ်ပေးခြင်း မပြုသေးပေ။

    မွန်ဆရာတော် အသျှင်ရာဝိက က “DPN (၈)ချက်ကို မညှိနိုင်ဘဲ NCA ကို လက်မှတ်ထိုးမိလို့ JMC-S လို မျိုး တောင် အဆင်ပြေအောင် မညှိနိုင်။ အရေးပါ ခေါင်းဆောင်အချို့ကို ပုဂ္ဂလိက စီးပွားရေး အခွင့်အရေး ဖန်တီး ပေးပြီး ပါတီညီညွတ်ရေး ပြိုကွဲအောင် လုပ်နေတယ်။ NCA ဟာ အမျိုးသားလွတ်မြောက်ရေးအတွက် အထောက်အကူပြုတာ မတွေ့ရသေးလို့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာနိုင်တယ်” ဟု မိန့်ကြားသည်။

    တိုင်းရင်းသား အများစုသည် စစ်မှန်သော ဖက်ဒရယ်စနစ်ကို လိုလားကြသော်လည်း လက်ရှိ မြန်မာအစိုးရ၏ ဒီမိုကရေစီ ဖက်ဒရယ်စနစ် ကျင့်သုံးနေသည့်အပေါ် NMSP အနေဖြင့် ယာယီ လက်ခံထားသည်ဟု ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်အောင်မင်းက ဧပြီလကုန်ပိုင်း ဝယ်ဇင်စခန်း ဒုတိယအကြိမ် NCA လုပ်ငန်းစဉ် ရှင်းလင်းပွဲမှာ ပြောသွားခဲ့သည်။

    ထိုပြောကြားချက်သည် ထူးခြားမှုတရပ်ဟု ဆိုနိုင်သည်။

    “ပြည်ထောင်စု တည်ဆောက်ရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ တိုင်းရင်းသားတွေက ဖက်ဒရယ် ဒီမိုကရေစီ ကို လက်ခံထားတယ်၊ အစိုးရကတော့ ဒီမိုကရေစီ ဖက်ဒရယ်ကို သွားနေတယ်၊ UNFC မှာတော့ လောလော ဆယ် ဒီမိုကရေစီဖက်ဒရယ်ကို လက်ခံတယ်လို့ ယူဆတဲ့ အဖွဲ့အစည်းတွေ ရှိနေတယ်၊ ဒါကို ကျနော်တို့ မွန် ပြည်သစ်က ယာယီအားဖြင့် လက်ခံထားတယ်” ဟု နိုင်အောင်မင်းက ဆိုသည်။

    ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဥက္ကဌ တာဝန်ယူထားသည့် NMSP အနေ ဖြင့် NCA လက်မှတ် ရေးထိုးပြီးဖြစ်သည့်အတွက် တပ်ပေါင်းစုမှ နုတ်ထွက်၍ ဆက်စပ် အဖွဲ့အစည်းအဖြစ်သာ ဆက်လက် ပါဝင်သွားရန် ဆုံးဖြတ်ထားပြီး ဖွဲ့စည်းပုံအရ လာမည့် (UNFC) နှစ်ပတ်လည် ညီလာခံ ရောက်မှသာ နုတ်ထွက်ခွင့် ရရှိမည် ဖြစ်သည်။

    ထို့ပြင် မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ်တွင် မြန်မာ့တပ်မတော်က အဓိကနေရာ၌ ဆက်လက် တည်ရှိနေခြင်း၊ စစ်တပ် အလိုကျ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်နိုင်သေးခြင်း၊ တပ်မတော် အလို ကို အစိုးရသစ်မှ လိုက်လျောနေရခြင်း၊ မြောက်ပိုင်းဒေသများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေခြင်းတို့ ကြောင့် လက်ရှိ အခြေအနေကို သတိကြီးစွာထားရန် သြဂုတ်လ ၂၉ ရက်နေ့တွင် ကျရောက်သော (၄၇) နှစ် မြောက် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – MNLA နေ့သို့ မွန်ပြည်သစ်ပါတီ(NMSP)ဥက္ကဌမှ မွန် ဘာသာဖြင့် ရေးသားပေးပို့သော သဝဏ်လွှာ တစ်စောင်မှာ ဖော်ပြပါရှိသည်။

    လက်ရှိ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကြည့်ရာမှာတော့ အစိုးရ-တပ်မတော်- လွှတ်တော် ထိပ်သီး ခေါင်းဆောင် ၁၀ ဦးနှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင် ၁၀ ဦး ပါဝင်သော ၁၀+၁၀ ထိပ်သီး အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊အောက်တိုဘာလ ၁၅-၁၆ ရက်က ကျင်းပအပြီးမှာပဲ နှေးကွေးသွားသည်ကို တွေ့ မြင်ရသည်။

    ထိုဆွေးနွေးပွဲတွင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အရေးကြီးသည့် ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် တစ်ခုတည်းသော တပ်မတော် ဖွဲ့စည်းရေး ကိစ္စရပ်များအား ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိဘဲ မကျေလည်မှုများ ဖြစ်ပေါ်သွားခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့က တရားဝင် ဆွေးနွေးပွဲများကို ယာယီ ရပ်ဆိုင်းလိုက်ကြသည်။

    ထို့ကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ(အစည်းအဝေး)များ မကျင်းပနိုင် ဖြစ်နေသကဲ့သို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တရားဝင် အစည်းအဝေးများလည်း မကျင်းပနိုင်ဘဲဖြစ်ကာ ယနေ့အထိတိုင် တစ်ဆို့မှုများ ဖြစ်ပေါ်နေသည်။

    NMSP ဥက္ကဌ နိုင်ထောမွန်က “ NCA ဟာ ကျနော်တို့ မွန်ပြည်သစ်ပါတီရဲ့ ပန်းတိုင် မဟုတ်ပါဘူး၊ နိုင်ငံရေး ဆွေးနွေးဖို့ လမ်းကြောင်းတစ်ခုပါပဲ” ဟု အခါအခွင့်ကြုံတိုင်း သူ၏ မိန့်ခွန်းများတွင် ထည့်သွင်း ပြောလေ့ရှိသည်။
    ထို့ကြောင့် အချုပ်ဆိုရသော် မွန်ပြည်သစ်အနေဖြင့် NCA တစ်နှစ်ပြည့်သော်လည်း နိုင်ငံရေးခရီးအရွေ့လုံးဝမရှိခဲ့ဟု ရိုးသားစွာသုံးသပ်မိပါကြောင်း။


    Photo-NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနား(သတင်းစဉ်)
    ညွှန်း
    -မွန်သတင်းအေဂျင်စီ သတင်း/အင်တာဗျူးများ
    -ဆက်သွယ်မေးမြန်းချက်များ

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts