Homeသတင်း၀ဥ ဈေးကောင်းရသော်လည်း နည်းပညာအားနည်းနေ၍ တောင်သူများအခက်ကြုံ

၀ဥ ဈေးကောင်းရသော်လည်း နည်းပညာအားနည်းနေ၍ တောင်သူများအခက်ကြုံ

-

မင်းချမ်းညီ(ရေး၊ ဇန်-၁၇)

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် တစ်နှစ်ထက်တစ်နှစ် ဝဥ ဈေးကောင်းရလာသော်လည်း စိုက်ပျိုးနည်းပညာ အားနည်းနေ၍ တောင်သူများအခက်ကြုံနေရကြောင်း ဝဥစိုက်တောင်သူများက ပြောသည်။

ဝဥ ကို ရေးမြို့နယ်တောင်ပိုင်း၌ အများဆုံးစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ဌာနဆိုင်ရာများက ရာဘာ၊ ဆန်စပါး နှင့် အခြားသီးနှံများအတွက် ကူညီထောက်ပံ့ပေးသကဲ့သို့ စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးစေလိုကြောင်း ရေးမြို့နယ် ဝဥစိုက်ပျိုးထုတ်လုပ်မှုကူညီရေးအသင်းတာဝန်ခံ ဦးတင်သိန်းက ပြောသည်။

“ဝဥစိုက်ပျိုးမှုက အရင်ကထက်တော့ နည်းနည်းများလာတယ်။တရုတ်ကုန်သည်တွေကလည်း ရွာအထိလာပြီး လာဝယ်ကြတယ်။ ရေးမြို့နယ်မှာရှိတဲ့ ဂျပန်စက်ရုံကလည်း ဝယ်တယ်။ အရင်ထက်စာရင်ဈေးကောင်းရလာလို့ နောက်နှစ်တွေမှာလည်း စိုက်ဖို့ (တောင်သူတွေ) တာစူနေကြပြီ။ တော်တော်များများစိုက်ကြမယ်။ စိုက်မယ့်မြေနေရာက ရှိပြီးသားဖြစ်ပေမယ့် အရင်းအနှီးနဲ့ နည်းပညာအခက်ခဲတော့ရှိတယ်။ ဝဥ က သဘာဝပေါက်နေတာလည်းရှိတယ်၊ စိုက်ပျိုးလို့လည်းဖြစ်ထွန်းတယ်ဆိုတော့ ဝမ်းစာအတွက်ရော စီးပွားဖြစ်ပါ စိုက်ပျိုးမယ်ဆိုရင် အောင်မြင်နိုင်တယ်။ ဒါကြောင့် ပြည်နယ်အစိုးရအနေနဲ့လည်း အကူအညီထောက်ပံ့ပေးစေချင်တယ်” ဟု ၎င်းက ပြောသည်။

ဝဥ ကို ဧပြီလ (သို့မဟုတ်) မေလပိုင်းက စတင်စိုက်ပျိုးလေ့ရှိကာ သက်တမ်း ၆ လပြည့်သည့် စက်တင်ဘာလ နှင့် အောက်တိုဘာလတို့တွင် စတင်တူးယူနိုင်ကြောင်း သိရသည်။

ဝဥ စိုက်ပျိုးလုပ်ကိုင်နေသည့် ရေးမြို့နယ်၊ ဟံဂံကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်က “မိုးတွင်းပိုင်းဆိုရင် ဝဥတွေ ပိုးထိတယ်။ အရွက်တွေက ပိုးတွေစားပြီး အရောင်တွေပြောင်းတယ်။ အပင်ဝါပြီး အပင်ပုပ်တယ်။ တစ်ပင်နဲ့တစ်ပင်ကူးတော့ စိုက်ပျိုးနည်းပညာပိုင်းတွေ အကူအညီလိုအပ်လာတယ်။ အခုက စိုက်အား တော်တော်ကောင်းလာတယ်” ဟု ပြောသည်။

ရေးမြို့နယ်အတွင်း ဝဥအစိုတစ်ပိဿာပေါက်ဈေးမှာ ၂၀၁၆ ခုနှစ်က ၆၀၀ ကျပ် ၊ ၂၀၁၇ ခုနှစ်က ၁၅၀၀ ကျပ်ဝန်းကျင်နှင့် ၂၀၁၈ ခုနှစ်နောက်ပိုင်း ကျပ် ၂၀၀၀ ကျော်လာပြီး ဝဥအခြောက်တစ်ပိဿာကို ကျပ် ၁၂၀၀၀ ဝန်းကျင် ဈေးရရှိလာသည့်အတွက် ဝဥစိုက်ပျိုးရန် စိတ်ဝင်စားသူများပြားလာမည်ဖြစ်ကြောင်း စိုက်တောင်သူများက ပြောသည်။

ဝဥ တစ်ပင်ကို တစ်ပိဿာခန့်ထွက်နိုင်ပြီး တစ်ဧကတွင် အပင် ၅၀၀၀ ခန့်စိုက်ပျိုးနိုင်သဖြင့် ပိဿာ ၅၀၀၀ ထွက်နိုင်သည့်အတွက် မြန်မာ့ဈေးကွက်ပေါက်ဈေး တစ်ပိဿာ ကျပ် ၂၀၀၀ ရရှိပါက တစ်ဧကကျပ်သိန်း ၁၀၀ ခန့် ဝင်ငွေရရှိနိုင်ကြောင်း ခန့်မှန်းကြသည်။

ရေးမြို့နယ်ထွက် ဝဥကို တရုတ်ကုန်သည်များက အဝယ်လိုက်နေပြီး ပြည်တွင်းဈေးကွက်အနေဖြင့် မန္တလေးဘက်သို့ တင်ပို့ကြကြောင်း သိရသည်။

လက်ရှိ ရေးမြို့နယ်အတွင် ဝဥ စိုက်ပျိုးတောင်သူ ၄၀ ဦးရှိပြီး ပျမ်းမျှအားဖြင့် တစ်ဦးကို ၂ ဧကနီးပါး စိုက်ပျိုးကြကြောင်း၊ ရေးမြို့နယ်တောင်ပိုင်းက ရင်းဒိန်း၊ ကဗျာနှင့် ဆင်ဂူရွာသစ် စသည့်ကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဝဥကို အမှုန့်ကြိတ်ကာ ဆေးဖက်ဝင်ပစ္စည်းအဖြစ်လည်းကောင်း၊ သရေစာ နှင့် တိရိစ္ဆာန်အစာအဖြစ်လည်းကောင်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်းများနှင့် ကမ်းလွန်ရေနံတူးဖော်ရေးလုပ်ငန်းများ၊ စာရေးကိရိယာများ၊ ခေါက်ဆွဲနှင့် အသားတုပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုကြသည်ဟု သိရသည်။

ဝဥသည် မွန်၊ ကရင်၊ ရှမ်း၊ ကချင်၊ ချင်းပြည်နယ်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သဘာဝအလျောက် အမြောက်အများ ပေါက်ရောက်လျက်ရှိပြီး ယခုအခါ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ဝယ်ယူမှုများပြားနေသည့်အတွက် စီးပွားဖြစ် စိုက်ပျိုးရန် တောင်သူများ ပိုမိုစိတ်ဝင်စားလာခြင်း ဖြစ်သည်။


Photo- ရေးမြို့နယ် ဟံဂံကျေးရွာက ဝဥစိုက်ခင်း(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts