spot_img
Thursday, July 18, 2024
More
    spot_img
    Homeဆောင်းပါးခေတ်ပျက်ကြီးထဲ ခုန်ဆင်းလာသောအနိဌာရုံများ

    ခေတ်ပျက်ကြီးထဲ ခုန်ဆင်းလာသောအနိဌာရုံများ

    -

    မောင်နောင်မွန်

    ……………(က)………..
    နံနက်ခင်းနေရောင်ခြည်သည် ပြတင်းပေါက်မှတဆင့် မျက်နှာပေါ်တွတ်ထိုးသောကြောင့် နိုးထလာသည်။ အရာရာသည် ပကတိကြည်လင်သော နွေဦး၏ စမ်းချောင်းငယ်လေးတစ်ခုကဲ့သို့ အေးချမ်းနေသည်။ ဦးခေါင်းထဲတွင် တဆစ်ဆစ် ကိုက်ခဲနေသောခံစားမှုက စိတ်အာရုံထဲ တံခါးမခေါက်ပဲ ဝင်လာခဲ့သည်။ ညကများသွား၍လား။ ညက အိပ်ရာဝင် နောက်ကျခြင်းကြောင့်လား။ “ဘာကြောင့်လား” ဟူသော အမေးပေါင်းများစွာ၊ လားပေါင်းများစွာဖြင့် ကြည်လင်သော နံနက်ခင်းတစ်ခုတွင် ရှုပ်ထွေးညစ်ညူးစွာဖြင့် သူ၏နေ့တစ်နေ့ကို အစပြုခဲ့သည်။

    နံနက်ခင်း၏ တေးသံသာခပ်သဲ့သဲ့ကို ကျေးငှက်တို့၏ တေးဆိုသံများနှင့်အတူ ကြားရသည်။ နွေဦးဥသြ၏ အဖော်ရှာသံကို ကြားရသည်။ နွေဦး၏ နံနက်ခင်းသည်ကာ လေပြေနှင့်အတူတူ ပါလာသောဖုန်မှုန့်များဖြင့် စည်ကားနေတော့သည်။ ညက ညဉ့်နက်သည်အထိ ရုပ်ရှင်ကြည့်ခဲ့မိသော အကျိုးဆက်အဖြစ် ခေါင်းက ခပ်မိုက်မိုက်လေးဖြစ်နေသည်။ လူတို့၏ ခန္ဓာဗေဒ ဖြစ်စဉ်သဘောတရားအရပင် နေ့နှင့်ည၊ အိပ်စက်ခြင်းကိုထိန်းချုပ်သော အာရုံခံစနစ်သည် လူတို့၏တစ်နေ့တာတွင် ပုံမှန်လုပ်ဆောင်နေကြဖြစ်သော အမူအကျင့်များကို မှတ်သားထား၍ ထို့သို့အမူအကျင့်အတိုင်း နေထိုင်နိုင်ရန်လုပ်ဆောင်ပေးသည်ဟု ဖတ်ဖူးသည်။ နံနက်လေးနာရီ ပုံမှန်ထသောသူသည် နံနက်လေးနာရီထိုးသည်နှင့် အလိုအလျောက် နိုးထနေတော့သည်။ သူသည်လည်း ယခု ထို့သို့အတိုင်းပင်ဖြစ်နေသည်။ နံနက်စားနေသောအချိန်သည် သူ၏တစ်နေ့တာ အချိန်ဇယားတွင် အလွတ်လပ်ဆုံးသော အချိန်ဖြစ်သည်။ ပူစပ်လောင်အိုက်သောအလုပ်ခွင်သို့မဝင်မှီ ထိုအချိန်လေးတွင် စိတ်ကူးများကိုတွေးမိရာရာတွေးလေတော့သည်။ ပုံစံခွက်ဘဝထဲတွင် နေထိုင်ခဲ့မှုများသော သူအတွက်ထို့ကဲ့သို့တွေးနေရသည်ကိုသဘောကျသည်။ တခါတရံ ကြည့်ခဲ့ဖူးသော ရုပ်ရှင်ဇာတ်လမ်းများတွေးလိုက်၊ တခါတရံ ဖတ်ခဲ့ဖူးသောစာအုပ်အကြောင်း၊ တခါတရံ ရောက်ခဲ့ဖူးသော သွားချင်ခဲ့သောနေရာများအကြောင်းစိတ်ကူးယဉ်မိသည်။

    နွေဦးအချိန်မို့ နံနက်စားကို သြင်္ကန်ထမင်းသာစားဖြစ်သည်။ မွန်ရိုးရာဓလေ့အစားအစာဖြစ်သော သြင်္ကန်ထမင်းကို မွန်လူမျိုးဖြစ်သော သူကြိုက်သည်။ သြင်္ကန်၏အငွေ့အသက်ကို စတင်ခံစားနေရသည်ဟု ထင်မိကာ ခပ်ဖွယ်ဖွယ်ချက်ထားသောထမင်းကို ရေခဲရေအေးအေးလေးဖြန်းကာ သရက်သီးနှင့် ငါးခြောက်ထောင်းကြော်ထားသော သြင်္ကန်ကြော်နှင့် သြင်္ကန်ထမင်းသည် သူ၏အကြိုက်ဆုံးဖြစ်ခဲ့သည်။ နားထဲတွင် တူးပို့တူးပို့တေးသံကြားရသည်။ ရပ်ကွက်ထဲရှိသက်ကြီးပူဇော်ပွဲအတွက် စေတနာထက်သန်သမျှလှူဒါန်းနိုင်ရန် နှိုးဆော်နေသော အသံကိုလည်း ကြားနေရသည်။

    …(ခ)…
    သူသည် နံနက်စာစားနေရင်းက နေ့စဉ်သတင်းစာကို ကောက်ဖတ်ကြည့်မိသည်။ တွေ့နေကြ ထူးမခြားသတင်းများသာဖြစ်သည်။ တရားမရှိသောခေတ်တွင် မျှတမှုအကြောင်းကို ထောက်ပြနေသော အယ်ဒီတာ့အာဘေ်ာသည် ညက အိပ်ယာဝင်ခါနီးကြည့်ခဲ့သော ရုပ်ရှင်ကားတစ်ကားအကြောင်း သတိရမိစေသည်။ အိန္ဒိယတမေလ်း ရုပ်ရှင်ကားတစ်ကားဖြစ်ကာ ကျည်ဆန်ရှစ်တောင့် (8 bullets) ဟုအမည်ရသောကုလားကား၊ အက်ရှင်ဇာတ်ကားဖြစ်သည်။ ယခုနောက်ပိုင်းခေတ်တွင် အိန္ဒိယကားများသည် ဇာတ်အိမ်ခိုင်၍ အတွေးအခေါ်ပါသည်ဟုယူဆ၍ သူစွဲစွဲမြဲမြဲကြည့်ဖြစ်သည်။ ရဲသားတစ်ယောက်၏ပေါ့ဆမှုကြောင့်ဖြစ်သော သူ့သေနတ်ကိုခါးပိုက်နှိုက်ခံရသည်မှစ၍ ဖြစ်ပွားသောဇာတ်လမ်းကိုဇာတ်အိမ်တည်ကာ မှုခင်းကားပုံစံရိုက်ကူးထားသေားရုပ်ရှင်ဖြစ်သည်။ အစိုးရ၏ အကျင့်ပျက်ခြစားမှုများအကြောင်းကို ရိုက်ပြနိုင်သည်။

    ဇာတ်လမ်းထဲတွင် မင်းသားသည် ကိုယ်ချင်းစာတရားရှိသော သနားတတ်သော ခပ်ထုံထုံ ရဲသားတစ်ယောက်ဖြစ်သည်။ ဗီလိန်သည် အသက်ခြောက်ဆယ်အရွယ် အဘိုးကြီးတစ်ဦးဖြစ်သည်။ ထိုအဖိုးကြီးသည် အငြိမ်းစားရဲဝန်ထမ်းတစ်ယောက်ဖြစ်ကာ သူ့၏ပင်စင်လစာနှင့် ကျန်းမာရေးအာမခံများကို အထက်လူများ လာဘ်စားထားသောကြောင့် ပင်စင်ယူချိန်တွင် စုမိဆောင်းမိသောငွေကြေးများမရှိ၍ သားနှင့်ချွေးမအိမ်တွင် ကပ်နေနေရသည်။ ရိုးသားသော ဝန်ထမ်းတစ်ယောက်၏ ဘဝနေဝင်ချိန်ကို အပြည့်အဝ ပုံဖော်ပြထားသည်။ မြေးလေးကို မွေးနေ့လက်ဆောင်ပေးရန် ပင်စင်လခ သွားထုတ်ရာ၌ လခတစ်ပြားမှမရသောအခါတွင် အဘိုးကြီးသည် မိမိရဲဝန်ထမ်းဖြစ်စဉ်က ရင်နှီးခဲ့သော ဒုစရိုက်သမားတစ်ယောက်ဆီမှ ခါးပိုက်ထားသော ရဲသား၏သေနတ်ကို ဈေးပေါပေါဖြင့်ဝယ်ယူခဲ့သည်။ ထိုနောက် မိမိနှင့်ဘဝတူ ဆင်းရဲခြင်းကိုခါးစည်းခံနေရသော အခြေခံလူတန်းစား အလုပ်သမားနှစ်ယောက်နှင့်ပေါင်းကာ ဘဏ်တစ်ခုကို ဓားပြတိုက်ရသည်။

    ထိုမှစ၍ဇာတ်လမ်းသည် ခပ်ထုံထုံရဲသားတစ်ယောက်နှင့် အဘိုးကြီးတစ်ယောက်တို့၏အားပြိုင်မှုကိုတွေ့ရသည်။ ဗီလိန်အဘိုးကြီး၏ နောက်ဆုံးအသက်ထွက်ခါနီးချိန်တွင်ပြောသော “နင်းပြားတွေက နင်းပြားတွေပါဘဲ။ ဗျူရိုက်ကရက်တစ်စု၏ အားကောင်းမောင်းတံ မောင်းနှင်မှုမှာ ခံစားနေရတာတွေကငါတို့ပါ။ လခတိုးတယ်။ ကုန်ဈေးနှုန်းက မကျလာဘူး။ ငါတို့တတွေသာလည်ပင်နစ်ရင် ထွက်သွားကြရတာပါ” ဟု ပြောသောစကားကို ပြန်ကြားမိသည်။

    ….(ဂ)……
    လက်ထဲကနေ့စဉ်သတင်းစာတွင် မြင်နေကြကြားနေကြ အကြောင်းတရားများကိုသာ ဖတ်ရသည်။ လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမလေးများ၏ လစာ တိုက်ပွဲသပိတ်သတင်းများ။ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးအကြောင်းများ။ မိုးပျံရထားနှင့် မြေအောက်မြို့တော်များအကြောင်းကို တွေ့ရသည်။ ခေတ်အဆက်ဆက် ထိုသတင်းများသာ တွေ့နေရသည်။ တစ်ခါတစ်ရံ လူမဆန်သော ရမက်ဇောနှင့် သွေးချင်းသားချင်း မုဒိန်းမှုများကိုလည်း တွေ့ရတတ်သည်။ ထို့သို့သတင်းများဖတ်ရလျှင် စိတ်ထဲဝမ်းနည်းရသည်။ တရားမစောင့်သောခေတ်တွင် လူတို့သည် ကိုယ်ကျင့်တရား ခေါင်းပါးကုန်ကြသည်။ တိရစ္ဆာန်သာသာ ပြုမူနေကြတော့သည်။ ကောသလမင်းကြီး၏ အိပ်မက်ဆယ့်ခြောက်ချက်သည် တဖြည်းဖြည်း အသက်ဝင်လာသည်။ လူသားတို့သည် ကိုယ်ချင်းစာတရား ခေါင်းပါးလာကြသည်။

    ကိုယ်ကျင့်တရားများကို အလေးထားရမည်မှန်း မသိတော့ချေ။ သစ္စာတရားကို မသိကြတော့ချေ။ လူအချင်းချင်း လှည့်စားရန်သာ ချောင်းမြောင်းနေတော့သည်။ ဆရာတစ်ယောက် ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သတိရမိသည်။ “လူတွေက Moral Value ကို အလေးမထားကြတော့ဘူးကွ။ ဦးတဲ့သူလိမ်ကြ။ စားကြတာဘဲ။ ရှက်ရကောင်းမှန်းမသိတော့ဘူးကွာ။ တို့ဆရာဝန်လောကမှာရော ဘာထူးလို့လဲ။ ဆင်းရဲသားလူနာတွေကို အဆမတန် ကုသမှုစရိတ်ပေး။ ဆေးကုမ္မဏီက လက်ဆောင်တွေကိုယူထားတော့ သူတို့ရဲ့ ဈေးကြီးတဲ့ဆေးတွေကို လူနာကိုထိုးရောင်း။ ပြီးရင် ကျောင်းတွေဘုရားတွေကို အလှူကြီးတွေလုပ်ပြီးတော့ နာမည်ယူကြတယ်၊ ဒါဟာ လူသားချင်းစာနာမှုမရှိတာပေါ့။ တချို့မရှိတဲ့၊ မတတ်နိုင်တဲ့သူတွေကို လိုအပ်တာလေးလုပ် တော်ပေါ့။ ဆေးဈေးနှုန်း သိပ်မကြီးတာပေးလည်း ရပါတဲ့ဟာတွေရှိတယ်။ ဒါတွေလုပ်လို့ရတယ်။ မလုပ်ကြဘူး” ဟူသောစကားကို ပြန်ကြားမိသည်။

    …..(ဃ)…….
    သတင်းစာထဲတွင် ဆောင်းပါးရှင်တစ်ဦးက မဂ္ဂဇင်းများ ကျဆုံးနေသောအကြောင်း ရေးထားသည်ကိုဖတ်ရသည်။ လူငယ်များစာမဖတ်ကြတော့ဟုဆိုသည်။ ထိုအခါတွင် လူသားဟုခေါ်ဆိုကြရသော လူသားဆန်သောစိတ်များ ပါးလျလာခဲ့ရသည်။ တစ်ခါက ခွဲစိတ်ဆရာဝန်ကြီး ကဗျာဆရာကမ်လူဝေးပြောသော စကားတစ်ခွန်းကို အမှတ်ရမိသည်။ “ငတ်ပြတ်မှောင်ဝေတဲ့ခေတ်ထဲမှာ လူတွေကတရားမရှိသောဘူးကွာ။ ဦးရာစားဘဲ။ လူသားဆန်တဲ့ စိတ်တွေပျောက်နေပြီး။ စေတနာထားလုပ်ပေးတဲ့ လူတွေရဲ့စေတနာကိုလည်း အသိအမှတ်မပြုကြတော့ဘူးကွ။ တစ်ခါတစ်ခါကွာ ကိုယ်တွေ ပိုးမွေးသလို တယုတယမွေးမြူးနေရတဲ့ ကိုယ်ချင်းစာစိတ်လေး မသေဆုံးအောင်မနည်း အားတင်းထားရတယ်” ဟုပြောသည်ကို ကြားခဲ့ဖူးသည်။
    ကိုယ်ချင်းစာတရားများ တဖြည်းဖြည်း ပါးလျလာသောအခါတွင် နေရသောပတ်ဝန်းကျင်သည် အရိုင်းဆန်လာသည်။ တောကြီးဥပဒေသကို လက်ကိုင်ထားကာ ကြီးနိုင်ငယ်ညှင်းများ ဖြစ်ကုန်လေသည်။ လှုပ်လေနစ်လေသော ခေတ်ကြီးထဲတွင် ချွေးထွက်မများစေရန် ဆင်ခြင်နေထိုင်ရသကဲ့သို့ ဖြစ်နေသည်။ အာမခံချက်တစ်ခုခုအတွက် လက်ထဲတွင် အသပြာလုံလောက်ရန် လိုအပ်နေဆဲဖြစ်သည်။ စက္ကူဈေးများ မိုးထိုးနေသည်။ ဖြန့်ချိရေးစရိတ်စက များပြားနေသည်။ ထိုအခါတွင် စာအုပ်များသည် ပျောက်ကွယ်လာကြသည်။ တွေ့မိသောဓာတ်ပုံတစ်ပုံထဲတွင် ကလေးများ စာအုပ်ကို အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေကြသည်။ ထိုအဖြစ်အပျက်သည် ရယ်စရာဟာသတစ်ခုကဲ့သို့ ပုံဖော်ထားသော်ငြားလည်း တွေးကြည့်လျှင် အလွန်ရင်နစ်စရာကောင်းသော သဘောတရားတစ်ခု ဖြစ်နေသည်။ ကျွန်တော်တို့၏ နောက်မျိုးဆက်များတွင် စာအုပ်သည် ပြတိုက်ထဲတွင် ရှာရမည်ဖြစ်နေသည်။

    ခေတ်၏တိုးတက်ပြောင်းလဲမှုအရ ဖြစ်မည်ထင်သည်။ ကျွန်တော်အပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးသည် အစစ်အမှန်လက်တွေ့ဘဝမှကင်းလွတ်ကာ အင်တာနက်ပေါ်မှ Virtual World ဟုခေါ်သော အတုအယောင်ကမ္ဘာဆီသို့ တွယ်ကုပ်တက်လာကြသည်။ မှီရာသဘောၤနှင့်လိုက်လာခဲ့သလိုမျိုး မျိုးဆက်တိုင်းနီးပါးသည် အပေါ်သို့ကုပ်ယက် တက်လာခဲ့သည်။ ထိုအခါတွင် အစစ်အမှန်သည် သေဆုံးသွားခဲ့သည်။ အပြုံးအစစ်အမှန်မရှိတော့ချေ။ ရင်ခုန်သံအစစ်အမှန်မရှိတော့ချေ။ လက်တွေ့ဘဝတွင် နေထိုင်မှုမရှိသောအခါတွင် လူသားတို့သည် နည်းပညာ၏ အခိုင်းအစေဘဝကို ရောက်ရှိလာချေသည်။ ထိုအရာကိုပင် ဆင့်ကဲပြောင်းလဲမှုဟု ထင်လာခဲ့ကြသည်။ ခလုတ်တစ်ချက်ခေါက်လျှင် ကမ္ဘာတစ်ခြမ်းကုန်နိုင်သော လက်နက်များကို တီထွင်လာခဲ့သည်။ လက်တစ်လှုပ်အတွင်း လူ့လောကသမိုင်းတစ်ခုလုံးကို ပြောင်းလဲစေနိုင်သော အဖြစ်အပျက်များကို ဖန်တီးလာကြသည်။ ထိုအခါတွင် အင်တာနက်သည် အသက်တမျှ အရေးပါလာသည်။ အင်တာနက် တစ်စက္ကန့် ပြတ်တောက်သွားခဲ့လျှင် သေဆုံးသွားနိုင်သော လူသားများဖြစ်လာခဲ့သည်။ အင်တာနက်ကွန်ရက်သည် အောက်စီဂျင်ပမာ အရေးပါလာခဲ့သည်။ အရာအားလုံးကို လက်တလှုပ်အတွင်း ကမ္ဘာအနှံ့ကိုရောက်နေသည်။ ထိုအချိန်တွင် တောထဲတောင်ထဲမှ မူးယစ်ရီဝေစေသော အရာများသည် လက်တစ်ကမ်း အလိုကိုရောက်လာသည်။ ငွေကြေးအနည်းငယ်နှင့် လူငယ်တို့သည် ထုံရီမောဟိုက်နေသော နတ်ဗိမာန်ကိုရောက်စေသည်။ ထိုမှသည် တဖြည်းဖြည်းဖြင့်။

    …..(င)…..
    ယခု သူနေထိုင်ရာရပ်ကွက်ထဲတွင် အော်ကြီးဟစ်ကျယ်လုပ်နေသော အရူးတစ်ယောက်ရှိသည်။ ညဘက်လူခြေတိတ်ချိန်တွင် လမ်းပေါ်တက်၍ ဆဲရေးတိုင်းထွာတော့သည်။ `စိတ်ရူးပေါက်သည်´ဟု ဆိုကာ အဖေကို အိမ်ပေါ်မှတွန်းချသည်။ တစ်ခါတစ်ခါ လက်ထဲတွင်စီးကရက်တစ်လိပ်ကိုညှပ်ကာ တွေ့သမျှသူများကို နှမ၊ မအေ တိုင်းထွာနေတော့သည်။ ညဘက်လမ်းမထက်တွင် စက်ဘီးတစ်စီးနှင့် လည်နေတတ်သည်။ ရပ်ထဲရွာထဲမှာလူကြီးများစု၍ စိတ်ငြိမ်ဆေးရုံကို ပို့ဆောင်သောအခါများရှိသည်။ ထိုမှပြန်လာလျှင် တရားဝင်ရမ်းကားခွင့်လက်မှတ်ပမာ ဆေးရုံဆင်း စိတ်ကျန်းမာရေးစာအုပ်ကိုကိုင်၍ ယခင်ကထက် ပိုမိုလုပ်ပြသည်။ ထိုလူငယ်သည် လွန်ခဲ့သောတစ်နှစ်၊ နှစ်နှစ်ခန့်တွင် ဆေးသုံးသောကလေးအဖြစ် နာမည်ကြီးသည်။ မိဘများ ငွေကြေးတတ်နိုင်သော မိသားစုတွင် ဆေးသမားဖြစ်လာသော ဖိုးလူငယ်သည် ယခုအခါတွင် အသိစိတ်လွတ်၍ ရပ်ကွက်ထဲတွင် ဆဲရေးအော်ဟစ်ရင်း အရူးတစ်ယောက်ဖြစ်နေလေသည်။ အသိစိတ်တို့သည် မူးယစ်ထုံထိုင်းစေကာ လူစိတ်နှင့်အသိဉာဏ်ကို ကင်းမဲ့စေတော့သည်။ ထို့သို့သော အဖြစ်အပျက်များသည် ရပ်ကွက်ထဲ၊ လမ်းထဲ၊ မြို့ထဲတွင် တဖြည်းဖြည်း ပေါများလာသည်။ ရူးကြောင်ကြောင် လူငယ်များ တဖြည်းဖြည်းတိုးပွားလာသည်။

    လက်တစ်ကမ်းအကွာတွင်ရနေသော ဆေးပြားအနီလေးများ၊ အရွက်ခြောက်လေးများသည် လူငယ်တို့အသိထဲတွင် တဖြည်းဖြည်း စိတ်ပန်းဖြေစရာ ထင်လာသည်။ တုန်ရီမောဟိုက်နေသော မနက်ဖြန်နေ့ရက်များအတွက် စိတ်ကူးထဲတွင် ပျော်မွေ့နေခွင့်သည် အရေးကြီးသောအခြေအနေကို ဖြစ်ေတော့သည်။ ပျော်စရာရှားပါးလာသော နေ့ရက်များအတွက် ဖြစ်သလိုပျော်စရာရှာ၍ စိတ်အပန်းဖြေကြတော့သည်။ ထိုသို့သော စိတ်လက်ပန်းဖြေခြင်းမှသည် တဖြည်းဖြည်း လုံးပါးပါးလာကြသည်။ ရီဝေနေသော မျက်ဝန်းအစုံနှင့် အနာဂတ်ပျောက်နေကြသော လူငယ်များ တဖြည်းဖြည်းပေါများလာသည်။ မူးယစ်ဆေးကြောင့် လူလက်တစ်ဆုပ်စာသည် ဆယ်ဘဝစားမကုန်သော စည်းစိမ်ချမ်းသာကို ရသွားကြသည်။ သို့သော် လူငယ်များစွာ၏ ဘဝများ ရေထဲမျှောလိုက်ရသည်။ သူတို့ရပ်ကွက်ထဲမှ ညစဉ် အော်ဟစ်နေသော လူငယ်လေးကဲ့သို့သူများ တဖြည်းဖြည်း ပေါများလာကြသည်။ ခိုးဝှက်တတ်သော ရီဝေဝေမျက်လုံးပိုင်ရှင် လူငယ်လေးများ ပေါများလာသည်။ နာကျင်သောနေ့ရက်များသည် တဖြည်းဖြည်း ရှည်ကြာလာသည်။ ထိုအခါတွင် စိတ်ထွက်ပေါက်ဟု ယူဆသော ရီဝေဝေဆေးစွဲနေ့ရက်များ တစ်စတစ်စ တိုးပွားလာသည်။ ပျော်စရာများသည် မူးယစ်စေတတ်သော အရာများဟု လူငယ်များစွာက ခံယူလာကြတော့သည်။

    ခေတ်ကြီးသည် အနိဌာရုံကို တဖြည်းဖြည်း ဆွဲခေါ်လာခဲ့လေသည်။ ကောသလမင်းကြီး၏ အိပ်မက်များ တဖြည်းဖြည်း ရုပ်လုံးကြွလာသည်။ သမ္မာကျမ်းစာလာ မြင်းစီးသမားလေးယောက်တို့ တဖြည်းဖြည်း ချဉ်ကပ်လာသည်။ အိပ်မက်များထဲတွင် အော်ဟစ်ညီညူးသံများ ဝေဆာလာသည်။ ညဉ့်ဦး၏ ကောင်းကင်ယံတွင် ငှက်ဆိုးအော်သံများ ညံဆူလာသည်။ လေအတိုက်တွင် ညှီစုပ်စုပ်အနံ့အသက်တို့သာ ပါလာတော့သည်။ ကျောပူခေါင်းမအေးသော ခေတ်ကာလကို တဖြည်းဖြည်း ဖြတ်ကျော်နေရသည်။ ဆောင်းညရှည်ကြီးတွင် အိပ်မက်တို့သည် နာကျင်စရာအပြည့် ဖြစ်နေသည်။ “ဘယ်အချိန် ကိုယ်စတေးခံရမည့်အလှည့်ကိုရောက်မည်လဲ”ဟု ကျီးလန့်စာစားနေရသော ဘဝမျိုးဖြစ်နေသည်။ တိမ်မည်းမည်းများ တရွေ့ရွေ့ ဖုံးအုပ်လာသော ကောင်းကင်ကြီးကို မော့ကြည်နေရသကဲ့သို့ နေရသောခေတ်ကြီးသည် အနိဌာရုံများဖြင့် ပြည့်လာနေသည်။

    …..(စ)…….
    တုန်ရီမောဟိုက်နေသော နံနက်ခင်းများစွာကို ပူပင်ကြောင့်ကြစွာ ဖြတ်သန်းနေဆဲဖြစ်သည်။ မိုးလင်းမျက်စိနှစ်လုံးဖွင့်မှသည် မိုးချုပ်အိပ်ယာဝင်ချိန်ထိ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားနေရသည်။ အရာရာသည်ရှားပါးလာသည်။ ပျော်ရွှင်စရာအစစ်များရှားပါးလာသည်။ ကြည်နူးစရာအစစ်များရှားပါးလာသည်။ မေတ္တာအစစ်များရှားပါးလာသည်။ လူအများစုသည် ကိုယ်ချင်းစာစိတ်နှင့် ဗြဟ္မာစိုရ်တရား ရှားပါးလာသည်။ ထိုနေရာများတွင် အတုတို့နေရာယူဝင်ယူလာကြသည်။ တစ်ကိုယ်ကောင်းစိတ်တို့ ကြီးစိုးလာကြသည်။

    “ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော” ဆိုသော အတ္တစိတ်များသည် မျက်မှောက်ခေတ်ကြီးထဲ ခုန်ဆင်းလာကြသည်။ ငယ်စဉ်ကကြည့်ခဲ့ဖူးသော နိုင်ငံခြားသရဲကားများပမာ ရုပ်မြင်သံကြားဖန်သားပြင်ကို ဖောက်၍ထွက်လာသော သရဲများကိုတွေ့ဖူးသည်။ ယခုလည်း ခေတ်ကြီးတွင် အနိဌာရုံများသည် မျက်မှောက်ခေတ်တွင် ခုန်ထွက်ကခုန်နေကြသည်။ ရှုပ်ထွေးရုန်းကန်နေသော ခေတ်တွင် ဘဝများစွာသည် တုန်ရီမောဟိုက်စွာ ရှင်သန်ရင်း အနိဌာရုံများကို ငေးနေကြရတော့သည်။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    26,200SubscribersSubscribe
    spot_img

    Latest posts