Homeသတင်းစစ်တောင်းမြစ်ကမ်းပါးပြိုကျနေမှု မွန်နှင့်ပဲခူးအစိုးရတို့ ပူးတွဲအစည်းအဝေးကျင်းပခဲ့

စစ်တောင်းမြစ်ကမ်းပါးပြိုကျနေမှု မွန်နှင့်ပဲခူးအစိုးရတို့ ပူးတွဲအစည်းအဝေးကျင်းပခဲ့

-

ရွှေရိုး(ကျိုက်ထို-ဒီဇင်ဘာ ၆)

စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုဆိုင်ရာ လေ့လာတွေ့ရှိချက်များနှင့် ကမ်းရိုးတန်းသယံဇာတ ထိန်းသိမ်းမှုကော်မတီများပါဝင်သော မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပူးတွဲညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၅ ရက်မှ ၆ ရက်နေ့အထိ ကျိုက်ထိုမြို့၊ စိမ်းလဲ့တင်အပန်းအဖြေစခန်း၌ ကျင်းပခဲ့သည်။

စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုဆိုင်ရာ လေ့လာတွေ့ရှိချက်များအား မျှဝေတင်ပြရန်နှင့် ယင်းအချက်အလက်ပေါ်အခြေခံ၍ ရှေ့ဆက်လုပ်ဆောင်သွားနိုင်မည့် အခြေအနေများအတွက် ဆွေးနွေးအကြံပြုချက်များရယူခြင်း၊ ပဲခူးတိုင်းဒေသကြီး စစ်တောင်းမြစ်ဝဒေသ သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီနှင့် မွန်ပြည်နယ် ပင်လယ်လမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်မှုကော်မတီများ ပိုမိုအသက်ဝင်လှုပ်ရှားနိုင်စေရန် လုပ်ငန်းစဉ်များအား ဖော်ထုတ်ဆွေးနွေးခဲ့ကြောင်း တွေ့ရှိရသည်။

မွန်ပြည်နယ် စိုက်ပျိုးမွေးမြုရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက “တစ်ဦးတည်း တစ်ယောက်တည်း အစိုးရတစ်ဖွဲ့တည်း၊ သက်ဆိုင်ရာဌာနတစ်ခုတည်း လုပ်ဆောင်လို့ မရနိုင်ပါဘူး။ ရေရှည်ဖွံ့ဖြိုးဖို့ဆိုရင် လုပ်ငန်းမှာ ပါဝင်ဆက်နွယ်နေသူအားလုံး လုပ်ဆောင်မှသာ ရနိုင်မယ်” ဟု ပြောသည်။

Photo- မွန်နှင့်ပဲခူးအစိုးရတို့ ပူးတွဲအစည်းအဝေးကျင်းပစဉ်(MNA)

စစ်တောင်းမြစ်ကမ်းပါးပြိုကျနေသည့်ကိစ္စတွင် ယခုအခါ ပဲခူးတိုင်းဘက်မှ လျော့ကျလာပြီဖြစ်သော်လည်း တဖက်ကမ်းရှိ မွန်ပြည်နယ်ဘက်မှ မြစ်ကမ်းပါးများ စတင်ပြိုကျလာသည်ကို တွေ့ရှိနေရကြောင်း ARCARDis Team မှ ကမ်းရိုးတန်း ဇီဝရုပ်ပိုင်းတည်ဆောက်ပုံဘာသာရပ်ဆိုင်ရာ သိပ္ပံပညာရှင် (Scientific Study on Coastat Morphology) Rob Seteiji က ဆိုသည်။

Rob Seteiji က “ဒါကတော့ ရေလမ်းကြောင်းပြောင်းလို့ ဒီလို ကမ်းပါးပြိုကျမှုတွေ ပြောင်းလဲဖြစ်ပေါ်နေတာပါ” ဟု ပြောသည်။

ယင်းအစည်းအဝေးတွင် စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုဖြစ်ပေါ်နေရသည့် အကြောင်းအရင်းများကို ARCARDis Team မှ သိပ္ပံပညာရှင်များက ရှင်းလင်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်သင့်သည့် လုပ်ငန်းများကိုလည်း အကြံပြုဆွေးနွေးခဲ့သည်။

ယခုနှစ်အတွင်း စစ်တောင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုတွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်ရှိ တံတားဦး၊ ကံတော်၊ အရိုးပုံ၊ ငှက်ကျော်၊ ကံယျနှင့် အောင်ဇေယျကျေးရွာတို့ ပြောင်းရွှေ့နေကြရပြီး သဗ္ဗာန်ဆိပ်ကျေးရွာ၊ ရွှေတဆုပ်ကျေးရွာ၊ စာဖြူစုကျေးရွာနှင့် မမောက်ကျေးရွာတို့ ပျောက်ကွယ်သွားပြီးဖြစ်ကြောင်း တွေ့ရှိရသည်။

စစ်တောင်းမြစ်ကမ်းပါးအဆက်မပြတ်ပြိုကျခဲ့မှုကြောင့် ၅ နှစ်အတွင်း ကျေးရွာ ၁၂ ရွာ ပျောက်ကွယ်ခဲ့ပြီး လက်ရှိတွင် ကျေးရွာ ၁၄ ရွာက ကမ်းပါးပြိုကျနေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts