spot_img
Thursday, May 2, 2024
More
    spot_img
    Homeဆောင်းပါးထွက်ပေါက်

    ထွက်ပေါက်

    -

    ရာမည မင်းငြိမ်းချမ်း

    အုပ်ဆိုင်းဆိုင်းနှင့် အညိုရောင်သမ်းနေသော ဇွဲကပင်တောင်တန်းကြီးကို ငေးမောလျက် တစ်ကိုယ်ရည်အတွေးစများ ဖြန့်ကျက်မိသည်။ ဆည်းဆာချိန်ဖြစ်၍ ပုစွန်ဆီရောင် တိမ်တိုက်များသည် ညနေခင်းကို ပိုမိုပြည့်စုံအောင် ထပ်ဆင့်တန်ဆာဆင် ထားသကဲ့သို့ပင်။ လေအဝှေ့တွင် တိမ်စိုင်အဆုပ်များလည်း ဟိုတစ်ဆုပ်ဒီတစ်ဆုပ် လွင့်မျောနေသည်။ အိပ်တန်းပျံငှက်များ အုပ်စုလိုက် အိပ်တန်းဆီသို့ ပျံသန်းနေကြသည်။ တစ်ခါတစ်ရံ ဟိုင်းဝေးလမ်းမတစ်ဖက်ရှိ တောအုပ်ဆီမှ ငှက်ဆိုးအော်မြည်သံများလည်း ကြားရသည်။ ငှက်ဆိုးထိုးသံနှင့်အတူ တပြိုင်တည်း ထွက်ပေါ်လာသော ပေါက်ကွဲသံစဉ်များ။ အနောက်ဖက် တောင်စဉ်တန်းကို နောက်ခံထားသော စက်ရုံကြီး၏ ခေါင်းတိုင်များ။ ခေါင်းတိုင်ထွက်ပေါက်မှ အလုအယက် တိုးထွက်နေသော မီးခိုးလုံးကြီးများ။ မြင်ကွင်းများသည် တဖြည်းဖြည်းနှင့် ဝေ့ဝါးလာနေပြီ။ နေဝင်ဆည်းဆာ ပန်းချီကားချပ်သည်လည်း မကြာမီအချိန်တွင် ပျောက်ကွယ်တော့မည် ဖြစ်သည်။

    ညဉ့်နက်ဆီ အမြန်ရောက်ရန် မျှော်လင့်နေသူများလည်း ရှိသည်။ ညရင်ခွင်ကို အကာအကွယ်ယူ၍ ရှာဖွေစားသောက်နေသူများ လုပ်ငန်းခွင်ဝင်ရန် ကြိုတင်ပြင်ဆင်နေကြပြီ။ နေမင်းသည် အနောက်ဘက် ဂေါ်ယာကျွန်းဆီ ခေါင်းငိုက်စိုက်သွားသည်။ မကြာမီအချိန်တွင် ညငှက်များမြူချိန် ရောက်တော့မည် ဖြစ်သည်။ ဤအနီးအနားတွင် လင်းနို့ဂူရှိသည်။ ညဉ့်ငှက်အနွယ်ဝင်ဖြစ်သော လင်းနို့များသည် ဂူအောင်းသတ္တဝါအမျိုးအစား ဖြစ်သည်။ ညဘက်ရောက်မှသာ အစာရှာထွက်ကြသည်။ အစားအစာ ရှာဖွေစားသောက်ရန်နှင့် ပင်လယ်ဆားငံရေ သောက်သုံးရန်အတွက် ညရင်ခွင်ထဲ စီးမျောနေကြသည်။ လင်းနို့အုပ်များမှာ ကောင်းကင်ယံပေါ် သန်းပေါင်းများစွာ။ လင်းနို့များ အုပ်စုလိုက်ပျံသန်းနေသော မြင်းကွင်းကို ငေးမောလျက် ညနေခင်းသည် ပိုမိုပြည့်စုံသွားသကဲ့သို့ ထင်ရသော်လည်း ဆည်းဆာချိန်၏ အကျည်းတန်မှုကို ထပ်မံမြင်ရပြန်သည်။

    ယမ်းပြင်းအားကောင်းကောင်းနှင့် ပြင်းထန်သော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်သည်။ ကုက္ကိုပင်ကြီးထိပ်တွင် အိပ်တန်းတက်ရန် ခေတ္တနားနေသောငှက်များ တဖျပ်ဖျပ် ထပျံသွားသည်။ ကမ္ဘာမြေတုန်ဟီးမတတ် ပြင်းထန်သော ပေါက်ကွဲသံများ။ ပေါက်ကွဲသံနှင့်အတူ `တဝေါဝေါ´ လွင့်စင်ပြိုကျလာသော ကျောက်သားအစိုင်အခဲများ။ ပြိုကျလာသော ကျောက်သားအစိုင်အခဲနှင့်အတူ ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံသွားသော ဖုန်မှုန့် အမှုန်အမွှားများ။ ဤပတ်ဝန်းကျင်တွင် နေထိုင်သူများ နေ့စဉ်ရက်ဆက် ရှူရှိုက်နေရသော အမှုန်အမွှားများ။ တောင်ကလပ်တစ်ခုလုံး ဟောင်းလောင်းပေါက်များစွာ။ ဤဝန်းကျင် ပူလောင်ပြင်းရှနေရမှုသည် သိပ်မဆန်းကြယ်တော့ပါ။ ဤဝန်းကျင်မှမဟုတ်ပါ။ တစ်နိုင်ငံလုံး ပူလောင်မှုဒဏ်ကို ခံစားနေရသည်ဟု ကျွန်တော်ထင်သည်။ လေအဝေ့တွင် ရိုးတံပြိုင်းပြိုင်းနှင့် ယိုင်တိုင်တိုင် ယိမ်းနွဲ့လှုပ်ရှားနေသော မွဲခြောက်ခြောက်သစ်ပင်များ။ ခေါင်းတိုင်ထွက်ပေါက်မှ အငွေ့တလူလူထွက်နေသော မီးခိုးလုံးကြီးများကို ကျွန်တော် ငေးနေမိပြန်သည်။

    ဆောင်းသည် ဆောင်းသိပ်မဆန်သကဲ့သို့ ကျွန်တော့်စိတ်ထဲ ခံစားလာမိသည်။ တစ်နှစ်ပတ်လုံး ပူလောင်မှုဒဏ်ကို ကျွန်တော်တို့ ခါးစည်းခံနေရသည်။ ပူလောင်ပြင်းရှလွန်းသည့် ဆောင်းညချမ်းသည် အရာရာတိုင်း ပူလောင်နေရသလိုပင်။ တစ်ကိုယ်စာ ဝမ်းမီးတောက် ငြိမ်းရေးအတွက် ကျွန်တော်ပူနေရသည်။ ရုန်းကန်သံကြားမှ ကန်ထွက်လာသည့် တစ်ကိုယ်ရည်အပူမီးများ။ လုပ်ငန်းခွင်ဖိအားကြား မွန်းကျပ်နေသည့်အပူ။ ငှက်မြန်လေးများ၏ အနာဂတ်အတွက် အိမ်ထောင်ဦးစီးတစ်ယောက်၏ ရင်တွင်းအပူ။ ပြည်တွင်းစစ်ပွဲများကြောင့် အိုးအိမ်စွန့်ခွာနေရသော ဌာနေတိုင်းရင်းသားလူမျိုးစုများ၏ ရင်တွင်းအပူ။ သစ်ပင်များ လျော့နည်းလာမှုကြောင့် တရိပ်ရိပ်တိုးလာသည့် ခန္ဓာပြင်ပအပူ။ နေရာတိုင်း မင်းမူနေရာယူထားသော အပူမီးများ။ ကျောက်မီးသွေးလောင်ကျွမ်းရာမှ ကျွန်တော်တို့ဝန်းကျင်ကို တမြေ့မြေ့တိုက်စားနေသော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအပူများ။ ထိုအပူများသည် နေ့စဉ်ရက်ဆက် ကျွန်တော်တို့ပတ်ဝန်းကျင်ကို တဖြည်းဖြည်း ဝါးမြိုနေသည်။

    ညနေဆည်းဆာနှင့်အပြိုင် ကျွန်တော့်စိတ်များ ဖမ်းဆုပ်ခက်ခဲစွာ လွင့်ချင်တိုင်းလွင့်နေသည်။ ကြယ်ငေးသူ၊ တိမ်ငေးသူတို့သဘာဝ စိတ်နယ်လွန်နေမှုသာဖြစ်သည်။ ငယ်ရွယ်သူတို့ ဘာသာဘာဝ ကြယ်မစုံညသည် အိပ်တန်းတက်ချိန် နောက်ကျမြဲ နောက်ကျလျက်။ အိပ်ပျက်ညသည် အတွေးစများကို ပိုမိုရှည်လျားစေသည်။

    ထိုအတွေးစနှင့်အတူ ညနေခင်းတွင် ကျွန်တော်တွေ့မြင်ခဲ့သော ကျောက်မီးသွေးများ သယ်ဆောင်နေသော ကုန်တင်ကားကြီးများအကြောင်းလည်း ပါသည်။ သံလွင်မြစ်ဆိပ်မှ စက်ရုံကြီးဆီသို့ သယ်ယူနေသော ကျောက်မီးသွေးကားကြီးများ။ ကားကြီးများဖြတ်သန်းရာ လမ်းတစ်လျောက် မဲနက်သောကျောက်မီးသွေးများ လမ်းကျဉ်းကလေးပေါ် ပြန့်ကျဲလျက်။ လမ်းကျဉ်းကလေး ပိုမိုအကျည်းတန်သွားသည်ဟု ကျွန်တော်ထင်သည်။ မဆိုင်းမတွ “ကျောက်မီးသွေးသုံးမှတိုးတက်မယ်” ဆိုသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏စကားကို ဘာရယ်မဟုတ် ပြန်လည်အမှတ်ရမိသည်။ မိုးကြိုးပစ်သည်ကို ထန်းလက်ဖြင့် ကာကွယ်တားဆီးသကဲ့သို့ ဖြစ်နေသည်ဟု ကျွန်တော်ထင်သည်။

    ကမ္ဘာကြီးပူနွေးလာမှုသည် စက်ရုံ၊ အလုပ်ရုံများနှင့် မော်တော်ယာဉ်များမှထွက်သော စွန့်ပစ်လောင်စာများနှင့် မီးခိုးငွေ့များကြောင့်ဖြစ်သည်။ စိုက်ပျိုးရေးကိုအခြေခံသော ကျွန်တော်တို့နိုင်ငံသည် တဟုန်ထိုးတိုးတက်နေသော နည်းပညာခေတ်ထဲ အမှီလိုက်ရန် စီးပွားရေးနည်းနာသစ်များ အမျိုးမျိုး စမ်းသပ်ကျင့်သုံးလာသည်။ စက်မှူလုပ်ငန်းများနှင့် သက်ဆိုင်သော စက်ရုံ၊ အလုပ်ရုံများ တိုးချဲ့ဆောက်လုပ်ခဲ့ကြသည်။ အလုပ်ရုံများ တိုးချဲ့ဆောက်လုပ်ခဲ့သော်လည်း အလုပ်လက်မဲ့ဦးရေ မလျော့ချနိုင်ပါ။ တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေဆဲ။ အလုပ်အကိုင်ရှားပါးမှုကြောင့် ပြင်ပထွက်၍ ရွေ့ပြောင်းလုပ်သားဘဝဖြင့် ဘဝဇာတ်ခုံပေါ် ဆက်လက်အသုံးတော်ခံနေရဆဲ။ လူသားအရင်းအမြစ်များ ဆုံးရှုံးမှန်းမသိ ဆုံးရှုံးနေဆဲ။ တိုး၍ဆောက်လုပ်လိုက်သော စက်ရုံ၊ အလုပ်ရုံများသည် အလုပ်အကိုင်ရှားပါးမှုကို နည်းနည်းလေးမှ မလျော့ချနိုင်ပါ။ ထိုစက်ရုံ၊ အလုပ်ရုံများမှပေးသော ဒဏ်ခတ်မှုလက်ဆောင်အဖြစ် ကျောက်မီးသွေးငွေ့များသာ ထိတွေ့လာရသည်။

    အရာရာကပ်ဆိုက်နေသည့် အခြေအနေတွင် ကိုယ်ချင်းစာတရား ရှားပါးမှုသည် အဆိုးရွားဆုံးပင်။ မိမိတစ်ကိုယ်ရည် ကောင်းစားရေးအတွက် ဘဝပေါင်းများစွာ လောင်ကျွမ်းခဲ့ရသည်။ သက်ရှိပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရသည်။ ယခုပတ်ဝန်းကျင်သည် နောင်ဆယ်စုနှစ်ကြာသော် မမျှော်မှန်းနိုင်သော ရောဂါဘယများ ထူပြောလာတော့မည် ဖြစ်သည်။ သက်ရှိမျိုးစိတ်များ တဖြည်းဖြည်း ပျောက်ကွယ်လာတော့မည် ဖြစ်သည်။ ဥတုရာသီကို ထိန်းညှိပေးသော သစ်ပင်ကြီးများ မတွေ့သလောက်ရှားပါးလာသည်။ ဟန်ပြ အစားထိုးစိုက်ပျိုးရေးပြကွက်များသည် ယခုတိုင် ထိရောက်မှုမရှိသေး။ တိုက်ရိုက်ထိတွေ့နေသော တုန်ခါမှုကြောင့် ရှေ့ဟောင်းအမွေအနှစ်များ ဆုံးရှုံးရတော့မည်။ ဆူညံသံများလည်းနေ့စဉ်ရက်ဆက်။ သစ်ပင်များလျော့နည်းလာမှုကြောင့် မြေဆီလွှာ အဆီအနှစ်များလည်း မစုပ်ယူနိုင်တော့ပါ။ မြေဆီလွှာများမှာလည်း အသုံးပြုရန်ခက်ခဲသော အခြေအနေသို့ ဆိုက်ရောက်လာတော့မည် ဖြစ်သည်။

    အိပ်ပျက်ည၏ ဆွဲဆန့်ထားမှုနှင့်အတူ အဝေးတစ်နေရာမှ “တရှီးရှီး” လောင်ကျွမ်းသံများကို ကြားနေရသည်။ စက်ယန္တားကြီးများ၏ လည်ပတ်သံများလည်း ကြားရသည်။ ထိန်ထိန်ညီလင်းလက်နေသော မာကျူရီမီးရောင်များကြောင့် ထိုအရာဝတ္ထုများကို သဲကွဲစွာမြင်နေရသည်။ ခေါင်းတိုင်ထွက်ပေါက်မှ တလူလူလွင့်တက်နေသော မီးခိုးလုံးကြီးများ။ ပိုးဆိုသည်မှာ အစားထိုးလောင်စာအဖြစ် အသုံးပြုနေသော ကျောက်မီးသွေးများပင်ဖြစ်သည်။ ထိုမီးခိုးလုံးများကြား ဆယ်စုနှစ်ကြာ ရှူရှိုက်နေရသော ဘဝများစွာ၏ ကံကြမ္မာသည် မတွေးဝံ့စရာ။ ထိုဝန်းကျင်တွင် ရှင်သန်ရသော ကလေးငယ်များ၏ အနာဂတ်သည် မမျှော်မှန်းရဲတော့။

    ပူလောင်ခြောက်ကပ်လွန်းသော ပတ်ဝန်းကျင်တွင် ရှင်သန်ခဲ့ရသော အောက်ခြေမှဘဝများ။ နေ့စဉ်ရက်ဆက် နှိပ်စက်နေသော ကမ္ဘာမြေတုန်ဟီးမတတ် ပေါက်ကွဲသံစဉ်များ။ ထိုအရာအားလုံးကို မည်သူတစ်ဦးတစ်ယောက်မှ တာဝန်ယူဖြေရှင်းခြင်းမရှိ။ ရပ်နားထားသည်မှာ ကြာမြင့်ရာမှ အစားထိုးလောင်စာဖြစ်သည့် ကျောက်မီးသွေးကို ပြန်လည်အသုံးတော့မည်ဟု ထွက်လာသောအသံများ။ နေရာအနှံ့ ခြိမ်းခြောက်လာသော ကျောက်မီးသွေးတစ္ဆေများ။ ကျောက်မီးသွေးကို အကြောင်းပြု၍ အရောင်ပြောင်းသွားသော ကိုယ်ထည်များ။ ဆန့်ကျင်ဖက်လျှောက်လမ်းမှ သွေဖယ်သွားသော ယုံကြည်ချက်မခိုင်မာမှုများ။ မျက်စိပိတ်လျက် တစ်ဖက်သတ် ငြင်းဆန်နေဆဲ။ လိုဘများကြောင့် တဖြည်းဖြည်း အရိုင်းဆန်လာသော ကိုယ်ထည်များပင်ဖြစ်သည်ဟု ကျွန်တော်တွေးမိသည်။

    မြင်ကွင်းများသည် သဲကွဲစွာ ပုံဖော်မိပြန်သည်။ ယခုချိန်တွင် တစ်ကမ္ဘာလုံးမှ ကျောက်မီးသွေးကို ကန့်ကွက်မှုပြုနေသည်။ ထိုသို့ ကမ္ဘာမှ လက်မခံသော ကျောက်မီးသွေးကိုပင် နည်းအမျိုးမျိုးဖြင့် အကောင်းမြင်ပြနေသည်မှာ အံ့သြစရာပင်။ တချို့နေရာများတွင် ကျောက်သားအစိုင်အခဲကိုမှီငြမ်း၍ ကျောက်ထုတ်လုပ်မှုဖြင့် ရှာဖွေစားသောက်မှုရှိသည်။ သို့သော် ထိုရှာဖွေစားသောက်မှုသည် တရားသောနည်းဖြစ်လား။ မတော်လောဘကြောင့်လား ကျွန်တော်သေချာမသိပါ။ ထိုတောင်စဉ်တန်းသည် ယဉ်ကျေးမှုဆိုင်ရာနယ်မြေနှင့် ထိစပ်နေသောကြောင့် အများစုမှထောက်ခံ၍ ပိတ်ပင်တားမြစ်ခဲ့ကြသည်။ ထိုပိတ်ပင်မှုကိုပင် မှားယွင်းနေသယောင် ပုံမှားရိုက်၍ “ထမင်းအိုးကွဲသွားသည်” ဟု အကြောင်းပြလျက် လောဘသားကောင်များ၏ လက်မှတ်ထိုးထောက်ခံပွဲများ။ အမှောင်နံရံပေါ်က ပိတ်ထားသောတံခါးများ၏ နောက်ကွယ်မှ နေရာယူထားသော ပုံရိပ်ယောင်များ။

    ဆောင်းသည်ဆောင်းမဆန်တော့။ ပူလောင်ပြင်းရှလွန်းသည့် ဆောင်းညချမ်းသည် ကျွန်တော်တို့ ပို၍ပူလောင်နေသလိုပင်။ ထိုအတူ ပြင်းထန်သော ပေါက်ကွဲသံများကြောင့် ထိခိုက်လာသော လူနေမှုစနစ်များ။ တုန်ခါမှုကြောင့် ကွာကျပျက်စီးတော့မည့် ယဉ်ကျေးမှု အမွေအနှစ်များ။ နေ့စဉ်ရက်ဆက် ပတ်ဝန်းကျင်ကို လွှမ်းခြုံတိုက်စားနေသော အမှုန်အမွှားများ။ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ထူပြောလာတော့မည့် ရောဂါဘယများ။ အလဲအထပ် ပေးဆပ်မှုကြီးခဲ့သည်ပင်။

    ခေါင်းတိုင်ထွက်ပေါက်မှ အရှိန်မှန်မှန်ပတ်ဝန်းကျင်ဆီ စိမ့်ဝင်ပျံ့နှံ့နေသော မီးခိုးလုံးကြီးများကို ကျွန်တော် ငေးနေမိသည်။ ငြင်းဆန်မှုကြားမှ အန္တရာယ်အလွန်များသော ဓါတ်ငွေ့အစားထိုး ကျောက်မီးသွေးလောင်စာများ။ တဖြည်းဖြည်း မျိုးတုံးပျောက်ကွယ်တော့မည့် သက်ရှိမျိုးစိတ်များ။ ညရင်ခွင်ထဲ ခြောက်ကပ်ကပ် ဝန်းကျင်ကိုဖြတ်၍ တိုက်ခတ်လာသော လေပူများကို ကျွန်တော်ရှူရှိုက်မိသည်။ “ခါးသက်နေသလား” ကျွန်တော်စိတ်တွင် ထင်နေမိသည်။ သိပ်တော့မသေချာ။ လေသည် “အရောင်၊ အနံ့၊ အရသာ” မရှိဟု ငယ်စဉ်က အတန်းစာများတွင် သင်ယူခဲ့ဖူးသည်။ ဤသို့နှင့် အတွေးနွံကြား အချိန်များတရွေ့ရွေ့ကုန်ဆုံးလာသည်။ သန်းခေါင်ယံချိန်ကျော်လွန်ပြီးဖြစ်သည်။ အိပ်ပျက်ညထဲ ပျံ့လွင့်နေသောစိတ်ကို ဖမ်းဆုပ်လျက် ညနေခင်းတွင် မြင်ခဲ့ရသော ကုန်တင်ကားကြီးများ ကျောက်မီးသွေး သယ်ဆောင်နေသည့် မြင်ကွင်းများသာ ကျွန်တော့်စိတ်အား စိုးမိုးနေရာယူထားပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts