spot_img
Monday, April 15, 2024
More
    spot_img
    Homeဆောင်းပါးအသက်ကိုဆွေမျိုးက စောင့်သည်

    အသက်ကိုဆွေမျိုးက စောင့်သည်

    -

    ကမ်လူဝေး

    ”စမယ်နော်”
    ”စပါ”
    ခွဲစိတ်ဆရာဝန် နှင့်မေ့ဆေးဆရာဝန်တို့၏အပြန်အလှန် အချက်ပြစကားသံအဆုံးတွင် ခွဲစိတ်ဆရာဝန်သည် လက်ထဲတွင်ကိုင်ထားသောဓားဖြင့် လူနာ၏ဗိုက်ကိုခွဲချလိုက်သည်။ လျှင်မြန်စွာ ခွဲစိတ်ဖြတ်တောက်ပြီး ဝမ်းဗိုက်အမြှေးပါးကို ဖောက်လိုက်သောအခါ ဝမ်းဗိုက်အတွင်းမှပြည်နှင့်အတူ အလွန်ဆိုးဝါးနံစော်လှသော အပုတ်နံ့ ထွက်လာလေသည်။

    ”နံလိုက်တာဟေ့။ မျက်စိ့တောင်စပ်တယ်။ ဘာပဲဖြစ်ဖြစ်ပြဿနာတွေ့ပြီဆိုတော့ ဖြေရှင်းလို့ ရသွားတာပေါ့။ လူနာအတွက်တော့ အဆိုးထဲက အကောင်းလို့ပဲ ပြောရမယ်။”

    ခွဲစိတ်ဆရာဝန်၏ရေရွတ် ပြောဆိုသံ အဆုံးတွင် မေ့ဆေးဆရာဝန်က ရယ်မောလျှက် ”မျက်စေ့စပ်တာက အနံ့အသက်အငွေ့တွေကြောင့်လား။ အချိန်ကြောင့်လား” ဟုဆိုသည်။ ခွဲစိတ်ဆရာဝန်သည် ခေါင်းမော့၍နံရံတွင်ရှိသော နာရီကိုကြည့်လိုက်သောအခါ အချိန်က မနက် ၃ နာရီ ၂၅ မိနစ်ကိုပြလျှက်ရှိသည်။


    x x x x x x

    ဖန်တွတ်တွတ်ဖြစ်နေသော မျက်လုံးအစုံကို လက်နှင့်ပွတ်ရင်း ခွဲစိတ်ဆရာဝန်သည် သူ့ရှေ့တွင်ထိုင်နေသော လူနာ၏တစ်ဝမ်းကွဲမောင် ဆရာဝန်အား လူနာနှင့်ပတ်သက်၍ရှင်းပြနေသည်။

    ”မင်းမြင်တဲ့အတိုင်းပဲ ပုတ်နေတဲ့အူအတက်ကတော့ ထုတ်လိုက်ပြီ။ သွေးဆိပ်တက်နေတဲ့ ပြဿနာကတော့ ရှိသေးတယ်။ လူနာကအသက်ငယ်သေး တယ်ဆိုတော့ ခံနိုင်ရည်ရှိမယ်လို့ထင်ရတာပဲ။ စောင့်ကြည့်ရတော့မှာပေါ့။”

    ”ကျေးဇူးတင်ပါတယ်ဆရာ။ ဘာပဲဖြစ်ဖြစ် ပြဿနာ ပြေလည်သွားတယ်ဆိုတော့ အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသွားတာပေါ့။”

    x x x x x x

    ယနေ့ “မမိုးဝါ´ တစ်ယောက် ဗိုက်နာ၍နေမထိထိုင်မသာ ဖြစ်နေသည်။ “အစားမှားလို့လားမသိဘူး” ဟုတွေးမိသည်။ ညနေစောင်းအထိမသက်သာသဖြင့် လင်တော်မောင်က အိမ်နားရှိဆေးခန်းကို ခေါ်သွားပြသည်။ ဆေးခန်းရောက်တော့ ဆရာဝန်မှ စမ်းသပ်ပြီး အစာအိမ်ရောင်တာဟု ပြောကာ ဆေးတလုံးထိုးပေးလိုက်ပြီး စားဆေးများပေး၍ ပြန်လွှတ်လိုက်သည်။

    ထိုညက အိမ်ပြန်ရောက်တော့ တစ်ညလုံး သိပ်မသက်သာလှ တလူးလူး တလိမ့်လိမ့်နှင့် မိုးလင်းသည်။ နောက်နေ့လည်း သက်သာမလားလို့နေရင်း နေ့လည်ရောက်သည်အထိ မသက်သာ။

    ညနေ အလုပ်ကပြန်လာသော ယောက်ျား “ကိုဇော်ဝင်း” က မသက်မသာဖြစ်နေသော သူ့မိန်းမကို ကားပေါ်တင်၍ အထူးကုဆေးခန်းသို့ ခေါ်သွားလေတော့သည်။
    x x x x x x

    အထူးကုဆေးခန်းသို့ ရောက်သောအခါ ဆေးခန်းမှ ဆရာဝန်ကကြည့်၍ သမားတော်နှင့်ပြခိုင်းလေသည်။ သမားတော်က စမ်းသပ်ပြီးသည်နှင့် သွေးပေါင်ချိန်မကောင်းဟု ဆိုကာ အကြောဆေး ပုလင်းကြီးသွင်းခိုင်းသည်။ ဗိုက်ကို ဓာတ်မှန်၊ တီဗီဓာတ်မှန်များ ရိုက်ခိုင်းသည်။

    ထို့နောက် လူနာရှင် ကိုဇော်ဝင်းကိုခေါ်၍
    ”ခင်ဗျားလူနာက သွေးပေါင်ချိန်မကောင်းဘူး။ ဗိုက်ထဲမှာလည်းပြဿနာ ပေါ်နေတယ်။ ခွဲစိတ်အထူးကု ဆရာဝန်ကြီးနဲ့ပြဖို့လိုမယ်။ ”

    ”ဟုတ်ကဲ့ပြ ဖို့လိုရင်ပြပါ့မယ်။” ကိုဇော်ဝင်းကဆိုသည်။
    ဒီနောက်တော့ မမိုးဝါကို ခွဲစိတ်အထူးကုဆရာဝန်ကြီးက လာကြည့်သည်။

    ”လူနာအခြေအနေကတော့ ရောဂါသည်းတယ်။ အခုလက်ရှိသွေးပေါင်ချိန် မကောင်းဘူး။ ခွဲစိတ်ဖို့ကလည်း သွေးပေါင်ချိန် ကောင်းဖို့လိုတယ်။ သွေးပေါင်ချိန် မကောင်းဘူးဆိုတော့ သွေးတွေဘာတွေလိုချင်လိုမှာ။ ဒီတော့ ဒီအပြင်ဆေးခန်းထက်စာရင် သွေးအလွယ်တကူရနိုင်မယ့် ပြည်သူ့ဆေးရုံကို သွားပြီးကုတာ ပိုကောင်းပါတယ်။”

    ခွဲစိတ်အထူးကုဆရာဝန်ကြီး စကားဆုံးတော့ ကိုဇော်ဝင်းတယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။
    ”ဆရာကြီးတို့သဘောပါ။” ဟုသာဆိုနိုင်တော့သည်။
    x x x x x x x

    ဤလိုနှင့် မမိုးဝါ ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ဆောင်ပေါ်သို့ ရောက်သွားလေတော့သည်။ တာဝန်ခံ ခွဲစိတ်အထူးကုဆရာဝန်ကြီးက လူနာရှင် ကိုဇော်ဝင်းတို့ကို “သွေးငါးပုလင်းရှာပေးပါ” ဟုခိုင်းလေသည်။ မမိုးဝါ၏ခြေဖျားလက်ဖျားတို့က အေးစက်လို့နေပြီး။ နှုတ်မှလည်း နာကျင်မှုကြောင့် ညီးညူနေရလေသည်။ ကိုဇော်ဝင်း စိတ်ပျက်လက်ပျက်ဖြင့် မမိုးဝါ ကုတင်ဘေးကထိုင်ခုံပေါ် ထိုင်ချလိုက်တော့။

    ”ကိုဇော်ဝင်း ရှင် မျိုးနိုင်ကိုဖုန်းဆက်ပြီးတိုင်ပင်ကြည့်ပါလား”

    ”ထူးမယ်မထင်ပါဘူးကွာ။ မင်းမောင်ကလည်း ဆရာဝန်သာဆိုတယ်။ ဘာမှကောင်းကောင်း တတ်တာမှ မဟုတ်တာ။”

    ”ဘာပဲဖြစ်ဖြစ် တိုင်ပင်ကြည့်ပါဦး။ ကျွန်မ မခံနိုင်တော့ဘူး။”

    ”အေးအေး ငါအခု ဖုန်းဆက်ကြည့်လိုက်မယ်။”

    လက်ကိုင်တယ်လီဖုန်းကို ထုတ်၍ ကိုဇော်ဝင်း ဖုန်းဆက်လေသည်။
    x x x x x x x

    “မျိုးနိုင်” ။ ယခုတော့ “ဒေါက်တာမျိုးနိုင်” ။ မျိုးနိုင်သည် တစ်ဦးတည်းသောသား။ မိဘက စီးပွားရေး ချောင်လည်သည်။ ထို့ကြောင့် ငယ်ငယ်ကတည်းက ဖူးဖူးမှုတ် အလိုလိုက်ထားခံရသူဖြစ်သည်။ မည်သို့ဖြစ်ဖြစ် မိဘများပံ့ပိုးမှုဖြင့် ဆယ်တန်းတွင် အမှတ်ကောင်းကောင်းဖြင့်အောင်ပြီး ဆေးကျောင်း တက်ခွင့်ရလေသည်။

    ဆေးကျောင်းကိုရောက်တော့ ဝါသနာမပါ၊ စိတ်မပါသော စာများကိုသင်ယူရသဖြင့် မျိုးနိုင်မပျော်ပိုက်။ စာမေးပွဲတွေလည်းကျသည်။ သို့သော် ငယ်ကတည်းက အလိုလိုက်ခံရသော်လည်း ကိုယ့်တာဝန်ကိုယ်သိတတ်သော မျိုးနိုင် အချိန်တန်တော့ ဆရာဝန်ဘွဲ့ရသည်။ ဤတော့လည်း “ဒေါက်တာမျိုးနိုင်” ဖြစ်လာခဲ့ရသည်ပေါ့။

    ဆရာဝန်ဖြစ်လာတော့လည်း ဝါသနာမပါလှဟုဆိုကာ ကိုယ်ပိုင်ဆေးခန်းမဖွင့်။ အိမ်မှာပင်နေသည်။ မိဘများမှ မနေသာ၍ အထူးကုဆေးခန်းတစ်ခုတွင် အလုပ်သွင်းပေးသောကြောင့် “တာဝန်ခံဆရာဝန်” အလုပ်ကို တာဝန်ကြေလုပ်နေသူဖြစ်သည်။ ထိုသို့သော ဒေါက်တာမျိုးနိုင်ကို တစ်ဆွေတစ်မျိုးလုံးက ဆရာဝန်ဟု မထင်၊ အထင်လည်းမကြီး။
    x x x x x x x

    ကိုဇော်ဝင်း ဖုန်းဆက်ခေါ် သဖြင့် မမိုးဝါ ဆေးရုံတက်နေရသော ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ဆောင်သို့ ဒေါက်တာမျိုးနိုင် ရောက်လာသည်။ မမိုးဝါ၏ အခြေအနေနှင့် လူနာမှတ်တမ်းများကိုကြည့်ပြီး
    ”ကိုဇော်ဝင်း ဒီအတိုင်းထားလို့တော့ မဖြစ်ဘူးနဲ့တူတယ်။ မနက်အထိခံမှာမဟုတ်ဘူး”

    ”ဘာလုပ်ရင်ကောင်းမလဲ။ ပြောပါဦး။”

    ”အခုက သွေးတွေ ဆေးတွေသွင်းနေတာ။ ဒါတွေသွင်းနေယုံနဲ့ ပြဿနာကပြေလည်သွားမှာ မဟုတ်ဘူးဗျ။ ခွဲဖို့ကိုကော ဘာပြောသေးလဲ။”

    ”တာဝန်ခံဆရာဝန်ကြီးပြောတာက အခြေအနေ စောင့်ကြည့်ပြီး အဆင်ပြေရင် မနက်ကျခွဲမယ်တော့ ပြောတယ်။”

    ”မနက်ထိစောင့်ရင်လုံးပါးပါးသွား လိမ့်မယ်ထင်တယ်။ စောစောစီးစီး ခွဲဖို့လိုတယ်ဆိုရင်လည်း စောစောခွဲလိုက်တာ ပိုကောင်းမယ်။”

    ”လုပ်ပါဦး မျိုးနိုင်ရေ။ မင်းအစ်မကိုကယ်ပါဦး။ ဘယ်လိုလုပ်ရမလဲ စီစဉ်ပေးပါဦး။ ငါလည်း ဘာမှမလုပ်တတ်တော့ဘူးကွာ။”

    ”ဒါဆိုဒီလိုလုပ်ရအောင်။ အစ်မကို ရန်ကုန်ခေါ်သွားမယ်လို့ ခွင့်တောင်းပြီး ဆေးရုံကနေ လက်မှတ်ထိုး ဆင်းကြမယ်။”

    ”ဖြစ်ပါ့မလား။ မနက်အထိထားရင်တောင် မလွယ်ဘူးဆိုတော့ ရန်ကုန်ခေါ်သွားရင် ပိုမဆိုးဘူးလား။”

    ”ရန်ကုန်မခေါ်ဘူးလေ။ ဒီကနေ အဲဒီလိုအကြောင်းပြပြီး အစ်မကို ဆေးရုံကနေ ခေါ်ဆင်းကြမယ်။ ပြီးတော့မှ ကျွန်တော် အလုပ်လုပ်တဲ့ဆေးခန်းကို ခေါ်သွားမယ်။”

    ”မင်းဆေးခန်းရောက်တော့ ဘာလုပ်နိုင်မှာမို့လဲ။ တခြားဆေးခန်းကတောင် ဆေးရုံကြီးကို လွှတ်ထားတာ။”
    ”ရတယ်။ ကျွန်တော့်ဆရာ ခွဲစိတ်ဆရာဝန်ကို လှမ်းခေါ်ပြီး ကုခိုင်းမယ်။ အခုအခြေအနေက အဲဒါ အကောင်းဆုံးပဲ။ ကိုဇော်ဝင်း ဘယ်လိုသဘောရ သလဲ။”

    ”မင်းဟာကဖြစ်ပါ့မလား။”

    ”ကိုဇော်ဝင်း ကျွန်မ မခံနိုင်တော့ဘူးနော်။ ရှင်တို့တစ်ခုခုလုပ်ကြဦး။”
    မမိုးဝါ၏ နောက်ဆုံးစကားသည်ပင်လျှင် ဆုံးဖြတ်ချက်ဖြစ်လေသည်။
    x x x x x x x

    ဒေါက်တာမျိုးနိုင် အလုပ်လုပ်သော ဆေးခန်းသို့မမိုးဝါရောက်သွားသော အချိန်မှာ မနက်၂ နာရီထိုးနေလေပြီ။ မျိုးနိုင်၏ဆရာ ခွဲစိတ်ဆရာဝန်သည် မမိုးဝါကိုစမ်းသပ်ပြီး ခုံတွင်ပြန်ထိုင်လိုက်သည်။

    ”ဘာဖြစ်နေလဲဆိုတာကတော့ တိတိကျကျ ပြောဖို့ ခက်တယ်။ အဖြစ်နိုင်ဆုံးကတော့ အူအတက်ယောင်ပြီး ပုတ်သွားလို့ ပေါက်ထွက်ပြီး ဝမ်းခေါင်း တစ်ခုလုံး ယောင်နေတာဖြစ်နိုင်တယ်။ နောက်တစ်ခုက သွေးကြောတွေပိတ်ပြီး အူတွေပုတ်နေတာမျိုးလည်း ဖြစ်နိုင်တယ်။ သေချာတာကတော့ ချက်ခြင်းခွဲဖို့လိုနေပြီ။ မျိုးနိုင်သူ့မိသားစုကို တိုင်ပင်ကြည့်ပါဦး။”

    ”ဆရာတို့သင့်တော်သလိုလုပ်ပါ။” ဟု ကိုဇော်ဝင်းက ဝင်ပြောသည်။

    ”ဘာပဲဖြစ်ဖြစ် အန္တရာယ်တော့ ရှိတယ်။ ဒါပေမဲ့ စောင့်ရင်တွေ့နိုင်တဲ့ အန္တရာယ်ထက်စာရင် စောစောစီးစီး ဝင်ခွဲလို့တွေ့ရမယ့်အန္တရာယ်က ပိုသက်သာလိမ့်မယ်လို့ ထင်ရတာပဲ။”

    ”သဘောတူတယ်ဆိုရင် ခွဲခန်းကို အကြောင်းကြားပြီး ပြင်ခိုင်းလိုက်ပါ။ မေ့ဆေးကိုလည်း အကြောင်းကြားပါ။ အဆင်သင့်ဖြစ်ရင် ခွဲဖို့ ငါဒီမှာပဲ စောင့်လိုက်တော့မယ်။ ကဲကဲ လုပ်တော့လုပ်တော့။” ဟုပြော၍ခွဲစိတ်ဆရာဝန်က စကားကို လက်စသတ်လိုက်သည်။
    x x x x x x x

    မမိုးဝါ နေကောင်း၍ ဆေးရုံမှဆင်းသွားသောအခါ ဆွေမျိုးများ အိမ်လာပြီးသတင်းမေးကြသည်။ အဖြစ်အပျက်တွေကို ပြောကြဆိုကြသည်။ မမိုးဝါ နေမကောင်းသည်ကို အကြောင်းပြု၍ မမိုးဝါတို့အဆွေအမျိုး တစ်သိုက်ကြားတွင် ကျန်းမာရေးနှင့် ပတ်သက်၍ အလွန်အားကိုးရသော အတိုင်ပင်ခံ ဆရာဝန် တစ်ဦးပေါ်လာလေသည်။ ထိုသူကား “ဒေါက်တာမျိုးနိုင်” ဖြစ်သည်။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,200SubscribersSubscribe
    spot_img

    Latest posts