spot_img
Thursday, May 2, 2024
More
    spot_img
    Homeဆောင်းပါးသံလွင်တံတားထိပ်မှဖိတ်ခေါ်နေမည်

    သံလွင်တံတားထိပ်မှဖိတ်ခေါ်နေမည်

    -

    ရာမညမင်းငြိမ်းချမ်း

    “မြစ်သုံးတန်ကာရံစီး၊ ရာမညမွန်ဌာနီ” ရာမညဒေသဟုဆိုသော် မြန်မာနိုင်ငံ၏ “တတိယမြို့တော်” အဖြစ် ယခင်ချိန်က သတ်မှတ်ချက်များကို အားလုံးကြမည် ထင်ပါသည်။ “စစ်တောင်း၊ သံလွင်၊ အတ္တရံမြစ်” များ ဝိုင်းရံကာဆီးထားသကဲ့သို့ တန်ခိုးကြီးဘုရားများစွာကိုလည်း တန်းညှိမြင်နိုင်မည် ဖြစ်ပါသည်။ “သံလွင်” သည် မော်ရွှေမြိုင်၏ ညနေဆည်းဆာ ပန်းချီကားချပ်ပင် ဖြစ်သည်။ “အိပ်မက်တံတားကြီး” သည် မော်ရွှေမြိုင်၏ လက်ပင်ဖြစ်သည်။

    မြို့နယ်(၁၀)ခုဖြစ် ဖွဲ့စည်းထားသော မွန်ပြည်နယ်သည် “ကျိုက်ထိုမြို့နယ်” မှ အောက်ပိုင်း `ရေးမြို့နယ်´ ထိ ပါဝင်သည်။ ဆံတော်ရှင် “ကျိုက်ထီးရိုး” စေတီတော်မြတ်ကြီးသည် ရာမညဂုဏ်ဆောင် ပြယုဂ်တစ်ခုအဖြစ်ရှိနေသည်။ ထို့အပြင် “ဘီးလင်းမြို့” ရှိ “ကျောက်တံခါးနှင့်ကျောက်ပိဘုရား” ၊ “ဇုတ်သုတ်ရွာ” ၌ တူးဖော်လျှက်ရှိသော “သုဝဏ္ဏဘုံမိမြို့ဟောင်း” သည်လည်း ဘီးလင်းမြို့၏ အထင်ကရ နေရာများဖြစ်သည်။ ယနေ့တိုင် သမိုင်းဆရာများ အငြင်းပွားမှုနှင့်အတူ ဘီးလင်းမြို့နယ်၊ ကင်းရွာ၌ မြန်မာရာဇာဝင်တွင် တန်ခိုးထွားခဲ့သော “ဦးအောင်ဇေယျ (ခေါ်) အလောင်းမင်းတရား”၏ အုတ်ဂူသည်လည်း အခရာဖြစ်သည်။ မည်သို့ပင် အငြင်းပွားဖွယ်ရာ ရှိနေပါသည်ဆိုစေ ယင်းအရာများသည် အဖိုးတန်သော သမိုင်းအမွေအနှစ်များပင် ဖြစ်သည်။

    “သထုံမြို့” သို့ရောက်ခဲ့လျှင် ရှေးမွန်မင်းများ၏ အငွေ့အသက်များကို ခံစားရမည်ဖြစ်သည်။ သထုံ”ရွှေစာရံဘုရား”၏ ဝင်းထောင့်တစ်နေရာတွင် စိုက်ထူထားသော “ကျောက်စာတိုင်”များသည် တန်ဖိုးမဖြတ်နိုင်သော သမိုင်းအမွေအနှစ်များပင်ဖြစ်သည်။ “သုဝဏ္ဏဘုမ္မိ”ဟုဆိုလိုက်လျှင် “မနုဟာမင်း” နှင့် “ရဟန်းမြတ်ရှင်အရဟံ” ၏ အကြောင်း တွဲလျှက်မြင်မိမည် ဖြစ်သည်။ “ရှင်အရဟံ” ထွန်းညှိပေးခဲ့သော သာသနာအရောင်သည် မြန်မာပြည်တစ်ခွင်လုံး လွှမ်းခြုံခဲ့သည်မှာ ယနေ့တိုင်ပင်။ ယခုပစ္စုပ္ပန်တွင် မင်းဂွတ်၊ ဒူးရင်း၊ လှိုင်လှိုင်ထွက်ရာ စိုက်ပျိုးရေးကို အလေးပေးနေသော နေရာဟုလည်း ဆိုနိုင်သည်။ ရွှေစာရံဘုရားကိုဖူးမျှော်ရင်း သထုံမြို့၏ (၁၅)ရက်ကြာ ခင်းကျင်းပြသထားသည့် ဆယ့်နှစ်ရာသီပွဲတစ်ခုဖြစ်သော “တပေါင်းပွဲ” ကိုလည်း ပါဝင်ဆင်နွှဲနိုင်ပါသည်။

    ပေါင်မြို့သည် မြို့အဝင် ထန်းတန်းအလှဖြစ် အလည်လာသူများ၏ စိတ်ဝိဉာည်ပသာဒကို ဖမ်းစားထားပါသည်။ မိုးရာသီမှသာ တောင်ကျရေများဖြင့် ရစ်ခွေစီးဆင်းတတ်သည့် “ဇင်းကျိုက်ရေတံခွန်” သည် ပေါင်မြို့နယ်၏ ပြယုဂ်တစ်ခုပမာ တွဲလျက်မြင်နိုင်ပါသည်။ မိုးရာသီ စိတ်ပြေလက်ပျောက် အပန်းဖြေခရီးထွက်သူများ၏ စိတ်ကိုဆွဲဆောင်ထားသော နေရာလေးဟုလည်း ဆိုနိုင်သည်။ ဇင်းကျိုက်တောင်ပေါ်ရှိ ဆံတော်ရှင်သည်လည်း သမိုင်းဝင်ဘုရားတစ်ဆူပင်ဖြစ်ပါသည်။ မွန်သံဝဲဝဲ စကားသံ မပီကလာပီကလာသည် ပေါင်မြို့နယ်သူများ၏ ချစ်စဖွယ်အမှတ်အသားအဖြစ် ရှိနေသည်။

    “မုတ္တမ၏တစ်ဖက်ကမ်း၊ လှလွန်းတဲ့မော်ရွှေမြိုင်၊ ဟင်္သာတွေနေတဲ့မြို့” စသည့် ဝိသေသများစွာဖြင့် “မော်လမြိုင်”သည် မြန်မာနိုင်ငံ၏ “တတိယမြို့တော်” အဖြစ် ရှိခဲ့ဖူးသည်။ သံလွင်သည် မော်ရွှေမြိုင်၏ အလှတရားစစ်စစ် ပင်ဖြစ်သည်။ “နာဂဝံသ” တောင်တန်းပေါ်မှ သံလွင်မြစ်ပြင်ကျယ်ကို ငေးမောပြီး အပန်းဖြေနိုင်သည်။ ကျိုက်သန်လန်၊ ဦးဇိန၊ ဦးခန္တီ၊ တောင်ပေါ်တန်း အလှတရားတို့သည် တုပ၍မမှီနိုင်သော သဘာဝပန်းချီကား တစ်ချပ်ပင်ဖြစ်သည်။ ကမ်းနားလမ်းအလှကို တဝကြီးခံစား၍ သံလွင် လေနုလေအေး ရှူရှိုက်ရင်း ညနေဆည်းဆာချိန်ဝယ် ငွေစင်ရော်လေးများကို အစာကျွေးနိုင်သည်။ “မော်လမြိုင်သား”ဟု ဆိုလိုက်လျှင် ကျောက်စာဝန်ဟောင်း မစ္စတာတောစိန်ခို၊ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသမ္မတ ဦးချစ်လှိုင်၊ ကတိုးရွာမှ မွန်သူဌေးကြီးဦးနာအောက်၊ စာပေပညာရှင်သိပ္ပံမောင်ဝ၊ နှင့် မျက်မှောက်ခေတ် ဂီတနတ်ဘုရားဟု အများကသမုတ်ထားကြသော မွန်လူမျိုးမိဘနှစ်ပါးမှ ပေါက်ဖွားလာသော “ထူးအိမ်သင်” ၏ ဂီတအစပျိုးရာ ဘူမိနက်သန် နေရာလည်းဖြစ်ခဲ့ဖူးသည်။ မော်ရွှေမြိုင်၏ ကျက်သရေဆောင် “တောင်ဝိုင်းဘုရား”ကိုလည်း ဝင်ရောက်ဖူးမြော်နိုင်ပါသည်။

    မော်လမြိုင်မြို့၏ အရှေ့တောင်ဘက်တွင် တည်ရှိသော ထန်းတန်းအလှဖြစ် ကမ္ဘာကျော်သော “ကျိုက်မရောမြို့” သို့လည်း သွားရောက်လည်ပတ်နိုင်ပါသည်။ ထိုထန်းတန်းအလှနေဝင်ဆည်းဆာချိန်ကို နိုင်ငံခြားဧည့်သည်များမှ တကူးတကလာရောက် ကြည့်ရှူလေ့ရှိသည်။ ထိုမျှမက သမိုင်းတွင် ထင်ရှားကျော်ကြားလှသည့် တစ်ဦးတည်းသော မွန်ဘုရင်မကြီး “ရှင်စောပု” ၏ ကောင်းမှု ဆုတောင်ပြည့်ဘုရားနှင့် ကျောက်စာတိုင်ကိုလည်း သွားရောက်လေ့လာနိုင်ပါသည်။ သမိုင်းသုတေသန စိတ်ဝင်စားသူများအတွက် စိတ်ဝင်စားဖွယ်ရာများဖြင့် ပြည့်နှက်နေပါလိမ့်မည်။

    မော်ရွှေမြိုင်၏တစ်ဖက်ကမ်း ဘီးလူးကျွန်း၏ သဘာဝ အလှတရားကိုလည်း သွားရောက်ခံစားနိုင်ပါသည်။ (၂၀၁၇)ခုနှစ်မှစ၍ သွယ်တန်းလိုက်သည့် သံလွင်မြစ်ကူးတံတားကြောင့် သီးခြားကမ္ဘာကဲ့သို့ ရပ်တည်ခဲ့သော ဘီးလူးကျွန်းသည် လူအများ စိတ်ဝင်ဖွယ်နေရာလေး ဖြစ်ခဲ့သည်။ ကမ္ဘာကျော်ဆေးတံ၊ ဂဠုန်ဆရာစံ၊ ကျောက်သင်ပုန်း စသောပုံရိပ်များဖြင့် ရှေးယခင်ကတည်းက ဝင့်ကြွားနိုင်ခဲ့သော ဘီးလူးကျွန်းသည် သဘာဝအလှတရားဖြင့် ပြည့်စုံနေလိမ့်မည်။ တစ်ခေတ်တစ်ခါက ပညာရေးတွင် အသုံးဝင်ခဲ့သော ကျောက်သင်ပုန်းထွက်ရာ ကျောက်သင်ပုန်းတောင်သည် ဘီးလူးကျွန်း၏ ဂုဏ်အင်ပင်ဖြစ်သည်။ ဘီးလူးကျွန်း၏ ရာသီပွဲများတွင် မွန်လူမျိုးတို့၏ ဓလေ့ရိုးရာအငွေ့အသက်များ ကိန်းအောင်းနေသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။ နှစ်စဉ် ဘီးလူးကျွန်း၏ ဘုရားပွဲတော်များတွင် မွန်ဓလေ့ရိုးရာတစ်ခုဖြစ်သော လှည်းယာဉ်မောင်းပြိုင်ပွဲကို ထည့်သွင်းကျင်းပလေ့ရှိသည်။

    မြို့ရွှေဒုံဟုခေါ်သော “မုဒုံမြို့” သည်လည်း လည်ပတ်စရာကောင်းသော နေရာတစ်ခုဖြစ်သည်။ မြို့ဂုဏ်ဆောင် “ကန်တော်ကြီး” စေတီကို ဖူးမြော်ပြီး ကန်တော်ကြီးအလှတရားကိုလည်း ခံစားနိုင်ပါသည်။ မြို့၏ခပ်လှမ်းလှမ်းရှိ အေးချမ်းတိတ်ဆိတ်သော “ဂျုံးဂျုံးကျတောရကျောင်း” သည်လည်း ဗုဒ္ဓဘာသာဝင်များအတွက် နှစ်လိုဖွယ်နေရာတစ်ခုဖြစ်သည်။ မုဒုံမြို့၏ အဓိက ဇာတ်ဆောင်တစ်ခုဖြစ်သော မုဒုံစောင်ကိုလည်း အလည်လာသူများ အားပေးဖို့မမေ့ရန် မှာကြားလိုပါသည်။ မုဒုံစောင်သည် တစ်ခေတ်တစ်ခါ မြန်မာ့ယက်ကန်းစင်၏ အနှစ်သာရ အမွေတစ်ခုဖြစ်ကြောင်း သက်သေပင်။မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာ၊ ဝင်းစိန်တောရတွင် တည်ရှိသော ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားသည်လည်း မြို့၏မျက်နှာဖုံးပင်ဖြစ်သည်။ တစ်ဆက်တည်း ကော့ခပုံရွာရှိ “ဘင်လှိုင်” ဘုရားကိုလည်း ဝင်ရောက်ဖူးမြော်နိုင်သည်။ ကမာဝက်မြို့ရှိ ကျိုက်ကမော့ဘုရားနှင့် ဓါတ်တော်ပေါင်းစုံကိုလည်း ဝင်ရောက်လေ့လာသင့်သည်။ ဆရာတော် “ပါလိတမထေရ်မြတ်” နှင့်အတူ မွန်စာပေ သမိုင်းမှတ်တမ်းများကိုလည်း သိရှိရမည်ဖြစ်သည်။

    “စကားတဝဲဝဲနဲ့ စိတ်ထားဖြူ သံဖြူဇရပ်သူ” ဟု အလည်လာသူများမှ ပြောဆိုတတ်ကြပါသည်။ မွန်တိုင်းရင်းသားအများစု စုပေါင်းနေထိုင်သည့်ဒေသ ဖြစ်သည့်အလျှောက် တိုင်းရင်းသားရိုးရာသံ ဝဲနေခြင်းသည် တစ်မျိုးလေး ချစ်စရာကောင်းနေသလိုပင်။ သံဖြူဇရပ်မြို့ရှိ သမိုင်းဝင် “သေမင်းတမန်” ပြတိုက်ကိုလည်း လေ့လာနိုင်သည်။ “စက်စဲ” ကမ်းခြေတွင် ပင်လယ်ရနံ့ကို ရှူရှိုက်ပြီး ပင်လယ်စာ ကြိုက်နှစ်သက်များအတွက် အပန်းဖြေစရာ နေရာကောင်းတစ်ခုဖြစ်သည်။ ပင်လယ်ရေကစားခြင်းဖြစ် ပင်ပန်းနွမ်းနယ်ထားသမျှ စိတ်အမောကို ပြေစေပါသည်။ မွန်ပြည်နယ်၏ တစ်ခုတည်းသော ရေလယ်ဘုရားတစ်ဆူဖြစ်သည့် သမိုင်းဝင်ဆံတော်ရှင် “ကျိုက္ခမီရေလယ်ဘုရား” ကိုလည်း ဖူးမျှော်နိုင်ပါသည်။ ဆံတော်ရှင်၏ အေးရိပ်ကြောင့် အလည်လာသူမိတ်ဆွေများ စိတ်ဘဝင်ချမ်းမြေ့စေမှာ မလွဲဧကန်ပင်။

    “ရေးမြို့” သို့ရောက်လျှင် ထွက်ကုန်ငါးပိ၊ ငါးခြောက်များ ဝယ်ယူအားပေးဖို့မမေ့ပါရန် အလည်လာသူမိတ်ဆွေများအား မှာကြားချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရေထွက်ပစ္စည်းများ အများအပြားထွက်ရာဒေသဖြစ်၍ ဈေးနှုန်းချိုသာသောကြောင့် ဖြစ်သည်။ ရေမြို့၏ ကျုံးနှင့် ဆံတော်ရှင် ကျိုက်ကေလာသဘုရား၊ ကိုရင်လေးကျောင်းနှင့် လေးမျက်နှာဘုရား တို့ကိုလည်း ဖူးမြော်နိုင်ပါသည်။ အသစ်ဖွင့်လှစ်ထားသော “ကဗျာဝ” ကမ်းခြေတွင် အလည်လာသူများ၏ စိတ်အမောကို ပြေပျောက်စေပါသည်။

    အလှတရားများ ပေါင်းစုထားသည့် မွန်တို့ဌာနေ “ရာမညမြေ” သို့ ခရီးသွားမိတ်ဆွေများ လာရောက်လည်ပတ်နိုင်ရန်အတွက် လမ်းညွှန်လိုက်ရပါသည်။ အလည်သူ၏ စိတ်နှလုံးချမ်းမြေ့မိမှာ မလွဲပေ။ မွန်လူမျိုးတို့၏ ဓလေ့ရိုးရာ၊ ယဉ်ကျေးမှု၊ ဆင်ယင်ထုံးဖွဲ့မှုများကို သိရှိခံစားသွားရမည် ဖြစ်သည်။ ထိုမျှမက ရာသီပွဲများ၊ ဂူဘုရားများ၊ တန်ခိုးကြီးဘုရားများဖြစ် စုံလင်စွာ ဖူးမြော်နိုင်မည်ဖြစ်သည်။ မွန်တို့ဌာနေ ရာမညမြေသို့ အလည်လာသူမိတ်ဆွေများအား သံလွင်တံတားထိပ်မှ ရွှေဟင်္သာကြီးမှ အပြုံးပန်းကလေးဖြင့် ဆီးလို့ကြိုဖိတ်ခေါ်နေမည် ဖြစ်ပါသည်။ ။

    မှတ်ချက်-၂၀၁၇ခုနှစ်တွင် ထုတ်ဝေသော မော်လမြိုင်မြို့နယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသည့်စာမူဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts