ကမ်လူဝေး
ယောကျ်ားတန်မဲ့ ဝေ့သီလာသော မျက်ရည်များကို တွေ့မြင်ရသောကြောင့် ဂရုဏာဒေါသဖြင့် ဆူနေသော ခွဲစိတ်ဆရာဝန်၏အသံသည် အနည်းငယ် ပျော့ပျောင်းသွားသည်။
“ခင်ဗျားစကားနားမထောင်ဘူးဗျာ။ ခင်ဗျားရဲ့ရောဂါကို စဖြစ်ကတည်းက သေသေချာချာ ရှင်းပြထားခဲ့တာပဲ။ ခင်ဗျားလည်းသိတယ်။ ခင်ဗျားရောဂါက လိင်တံမှာ ကင်ဆာရောဂါ ဖြစ်တာ။ ဒါကြောင့်လည်း မလွဲမရှောင်သာ ကျွန်တော်က ခင်ဗျားရဲ့လိင်တံကို ဖြတ်တောက်ပြီး ကုသပေးခဲ့ရတာ မဟုတ်လား။”
“ကင်ဆာရောဂါဆိုတာက ခွဲစိတ်ပြီးယုံနဲ့ အပြီးပျောက်သွားတတ်တာမှ မဟုတ်တာ။ ခွဲစိတ်ပြီးပေမဲ့ ကင်ဆာအမြစ်တွေ ပြန်မတွယ်အောင် အမြစ်ပြတ်အောင် ဓာတ်ရောင်ခြည်တွေပေးရမယ်။ ကင်ဆာဆေးတွေ သွင်းရမယ်ဆိုပြီး ကင်ဆာအထူးကုဆရာဝန်ကြီးဆီကို လွှဲပေးခဲ့တာမဟုတ်လား။”
“ခင်ဗျား အဲဒါတွေမလုပ်ဖြစ်ဘူးနဲ့တူတယ်။ အခု ခင်ဗျားရဲ့ ပေါင်ခြံကအနာကြီးက ကင်ဆာအမြစ်တွယ်ပြီး ဖြစ်လာတာဗျ။”
“အဲဒီအနာကိုပဲ ဆရာကောင်းသွားအောင် ပြန်ခွဲပေးပါဆရာ။ အနာကောင်းရင်တော်ပါပြီ။”
“ဒီအနာက လှီးထုတ်လို့မရတော့ဘူးဗျ။ ဒီအနာသေးသွားအောင်လို့ ဓာတ်ရောင်ခြည်ပေးဖို့လိုမယ်။ ကင်ဆာဆေးတွေ ပြန်သွင်းဖို့လိုလိမ့်မယ်။ ခင်ဗျားကိုကျွန်တော် အဲဒါတွေလုပ်ဖို့ လွှတ်ခဲ့တုန်းက မသွားခဲ့ဘူးနဲ့တူတယ်။”
လူနာက ဘာမှပြန်မဖြေ။ ဘေးမှအတူပါလာသော လူနာစောင့်က မအောင့်နိုင်တော့သဖြင့် ဝင်ပြောလေသည်။
“ဆရာခိုင်းလို့ သူကင်ဆာဆရာဝန်ကြီးနဲ့ပြတယ်။ ကင်ဆာဆေးတွေလည်းသွင်းတယ်။ ရန်ကုန်မှာ ဓာတ်ရောင်ခြည်ပြဖို့အတွက် ရက်ချိန်းယူဖို့လည်း စီစဉ်ပြီးသား။”
“အေးလေ။ခင်ဗျားပြောသလို အဲဒါတွေလုပ်ရင် အခုလိုကင်ဆာအမြစ်တွေက ပေါင်ခြံမှာတွယ်ပြီးပွားလာစရာ အကြောင်းမှမရှိတာ။”
“ဟုတ်တယ်ဆရာ။ ဆရာပြောသလိုပါပဲ ဆေးသွင်းတာနှစ်ကြိမ်မြောက်မှာ ပြဿနာဖြစ်လို့ သူက ဆေးရုံလည်းမသွားတော့ဘူး။ ဆေးလည်းမသွင်းတော့ဘူး။ သူ့ကလေးနှစ်ယောက်ကို လုပ်ကျွေးရမယ်ဆိုပြီး အလုပ်ပြန်လုပ်နေတာ။ အခုပေါင်ခြံမှာ အနာပြန်ဖြစ်ပြီး အလုပ်လုပ်လိုမရတော့လို့ ဆရာ့ဆီပြန်လာပြတာ။”
“အေးဗျာ။ ဘာပြဿနာရှိရှိ ကင်ဆာဆေးဆိုတာမျိုးက သူ့အချိန်နဲ့သူ ဆေးပတ်လည်အောင် သွင်းခဲ့ရမှာ။ ဆေးဖိုးတွေကကုန် စားဝတ်နေရေးကလည်း တစ်ဖက်ကရှိပြန်ဆိုတော့ အခက်အခဲတွေက အများကြီးဖြစ်မှာပေါ့။”
“တကယ်တော့ဆရာရယ်။ ပြဿနာမဖြစ်ရင် သူဆေးပတ်လည်အောင် ကုဖြစ်မှာပါ။”
“နေပါဦး။ သူက ဘာပြဿနာဖြစ်လို့လဲ။”
“ဒီလိုဆရာရေ။ သူဆေးသွင်းတဲ့ ဒုတိယအကြိမ်မှာဖြစ်တာ။ သူ ဒုတိယအကြိမ် ဆေးသွင်းလို့ ဆေးရုံတက်နေတုန်း သူ့မိန်းမက သူနဲ့ကလေးနှစ်ယောက်ကို ထားခဲ့ပြီး နောက်ယောက်ျားတစ်ယောက်နဲ့ လိုက်ပြေးသွားလို့ ဆရာရေ။”
“ဗျာ!။ ဘယ်လိုဖြစ်ရတာလဲ။ ခင်ဗျားတို့ရွာကလူနဲ့ပဲလား။”
“မဟုတ်ပါဘူးဆရာရယ်။ သူ့မိန်းမလိုက်ပြေးသွားတဲ့ လူကလည်း ဆေးရုံလာတက်တဲ့ လူနာတစ်ယောက်ရဲ့ လူနာစောင့်ပဲ။ အဲဒီလူရဲ့ မိန်းမက ရင်သားကင်ဆာဖြစ်လို့ ရင်သားကိုဖြတ်ထားပြီး ဆေးလာသွင်းနေရတာ။ အဲဒီကောင်က သူ့မိန်းမကိုခိုးပြေးသွားတာ အခုထိ သတင်းအစအနတောင် မရတော့ဘူး။”
“အဲဒီကတည်းက သူက ဆေးဆက်မကုတော့ပဲ သူ့ကလေးလေးနှစ်ယောက်ကို ရှာကျွေးရမယ်ဆိုပြီး အလုပ်တွေပဲဖိလုပ်နေတာ။”
ခွဲစိတ်ဆရာဝန်သည် ပြန်ပြောစရာစကားလုံး မရှိတော့သည့်အလား နှုတ်ဆိတ်သွားလေသည်။ မျက်ရည်ဝေ့နေသော မျက်လုံးအစုံဖြင့် ကြည့်နေသော လူနာ၏ရင်ထဲမှ နာကျင်မှုကို အတိုင်းသားမြင်နေရသည်။ ရောဂါသည်လင်ယောကျ်ားနှင့် လူမမယ် ကလေးနှစ်ယောက်ကို စွန့်ထားခဲ့ပြီး နောက်ယောက်ျားတစ်ယောက်နှင့် ပျော်ပါးနေသောမိန်းမသည် အမှန်တကယ်ပျော်ရွှင်နေမည်လား။ မသိနိုင်ပါ။ လူသည် လူပီသဖို့တော့ လိုအပ်ပါသည်။ တစ်ခါတစ်ရံ လူသည် လူပီသလွန်းအားကြီးသည့်အခါ “လူမဆန်ဘူးဖြစ်ပြန်ရော” ဟု ခွဲစိတ်ဆရာဝန်သည် တွေးရင်းနှုတ်ဆိတ်နေမိသည်။ ။