spot_img
Friday, May 17, 2024
More
    spot_img
    Homeဆောင်းပါးရှဉ့်ငပေါတစ်ကောင်၏ ကြေကွဲသံစဉ်

    ရှဉ့်ငပေါတစ်ကောင်၏ ကြေကွဲသံစဉ်

    -

    ကမ်လူဝေး

    အနောက်တောင်ဖက်သို့ လှမ်းမျှော်ကြည့်လိုက်သောအခါ ကောင်းကင်တစ်ခုလုံးသည် မည်းမှောင်သော တိမ်စိုင်တိမ်လိပ်များဖြင့် ဖုံးနေသည်ကိုတွေ့ရသည်။ မကြာမှီ မိုးရွာတော့မည်။ ယခုနှစ်တွင် မိုးဦးကာလမှ စ၍ မိုးများသည်။ မိုးရွာသောအခါ မိုးရေများသည် ကောင်းကင်မှ သွန်ချလိုက်သကဲ့သို့ အားကောင်းလှသည်။ မိုးလေ လုံခြုံသော သစ်ခေါင်းထဲသို့ ပြေးဝင်လာခဲ့သည်။ ဤမြေ၊ ဤရေ၊ ဤတော၊ ဤတောင်တို့သည် ကျွန်တော်မွေးဖွားကြီးပြင်းရာ နေရာဖြစ်ပါသည်။ ကျွန်တော်သည် တောတောင်သစ်ပင်များပေါ်တွင် လွတ်လပ်စွာပြေလွှားနေတတ်သော ရှဉ့်ငပေါတကောင်ဖြစ်ပါသည်။

    ကျွန်တော်မွေးဖွားကြီးပြင်းရာ တောတောင်မှာ ယခုအခါ သစ်ပင်များကျဲပါး တောတောင်ကတုံးများဖြစ်နေပြီဖြစ်သောနေရာဖြစ်ပါသည်။ အဖိုးအဖွားများ ပြောစကားအရ ဤဒေသသည် သစ်ကြီးဝါးကြီးများနှင့် စိမ်းလန်းစိုပြေစွာ တောတောင်ထူထပ်ခဲ့သော နေရာဖြစ်သည်။ ထိုအချိန်က ကျွန်တော်တို့ မျိုးတူ ရှဉ့်ငပေါများ ကောင်ရေများပြားစွာ ပေါက်ဖွားရှင်သန်နေထိုင်ခဲ့ကြပြီး အစာရေစာပေါများကြွယ်ဝ၍ နေစရာသစ်ပင်များလည်း ပေါများခဲ့သည်ဟုဆိုသည်။

    Photo- ရှဉ့်ငပေါတစ်ကောင်(Internet)

    ယခုတော့ အခြေအနေများ ပြောင်းလဲကုန်ပြီဖြစ်သည်။ အစပထမ သစ်တောကြီးအတွင်းမှ သစ်ကောင်းဝါးကောင်းများကို ကျွန်တော်တို့ အိမ်နီးခြင်းလူများက လာရောက်ခုတ်ယူကြသည်။ နောက်ပိုင်း စက်ယန္တရားကြီးများကိုသုံး၍ တစ်တောလုံးကုန်အောင် ခုတ်ယူကြတော့သည်။ ဤသို့ဖြင့် တောတို့သည် တဖြည်းဖြည်းကျဲပါးလာပြီး သစ်ရိပ်ဝါးရိပ်တို့သည် နည်းပါးလာသည်။ တောင်များပေါ်ရှိ သစ်ပင်များ ခုတ်ယူ၍ တစ်တောလုံးကုန်ပြီး တောင်ကတုံးများဖြစ်ကုန်ကြသည်။

    အိမ်နီးခြင်းလူသားများ၏ လောဘကား တောင်ကတုံးများဖြစ်သွားသောအခါတွင်လည်း မရပ်တန့်သေး နောက်တမျိုးတိုး၍ လုပ်ကြပြန်သည်။ တောင်ကို မိုင်းခွဲ၍ လမ်းခင်းကျောက်များ ထုတ်ကြသည်။ တောင်ကတုံးများသည် ချိုင့်ဝှမ်းများဖြစ်ကုန်ကြသည်။ တချို့သောတောင်အစွယ်များ တောင်ငယ်ကလေးများ တစ်ခုလုံးပျောက်ကုန်ကြသည်။ တောတောင်တစ်ခုလုံးသည် ဗုံးကျဲထားခံရသကဲ့သို့ဖြစ်နေသည်။ တချို့သောနေရာများတွင် ခဲမဖြူ အဖြိုက်နက် ခနောက်စိမ်းများရယူရန် တောင်များကို တူးဖောက်ထားကြသည်မှာ ပျားအုံသဖွယ်ဖြစ်နေသည်။ အထက်ဖက်တောင်ကြောတစ်နေရာကား အဆိုးဝါးဆုံးဖြစ်သည်။ ရွှေထွက်သော ရွှေကြောရှိသည့်တောင်ကြီးမှာ အလုအယက် စက်ယန္တရားကြီးများဖြင့် ဖြိုချမှုကြောင့် တောင်တစ်ခြမ်းပဲ့များဖြစ်ကုန်သည်။ ထိုတောင်တစ်ခြမ်းပဲ့များဘေးတွင်ကား စည်းကမ်းမဲ့ စွန်ပစ်ထားသောမြေစာပုံများ။

    ကျွန်တော်တို့ရှဉ့်ငပေါများအတွက် နေစရာ ရှားပါးလာသည်။ စားစရာရှားပါးလာသည်။ ဤသို့ဖြင့် ကျွန်တော်တို့ ရှဉ့်ငပေါ အဆွေအမျိုးဦးရေမှာ တဖြည်းဖြည်း နည်းပါးလာခဲ့ပြီဖြစ်သည်။ ဤသို့သောအခြေအနေတွင် အသက်ရှင်နေသော ရှဉ့်ငပေါတို့၏ နောက်ဆုံးမျိုးဆက်မှ ရှဉ့်ငပေါတစ်ကောင်အဖြစ် ကျွန်တော် တည်ရှိနေခြင်းဖြစ်ပါသည်။

    ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာလျက်ရှိသည်။ မိုးရေပမာဏလည်းများသည်။ တောင်ကျရေတို့သည် သစ်ပင်များမရှိတော့သော တောင်ကတုံးများပေါ်တွင် အတားအဆီးမရှိ စီးဆင်းလျက်ရှိသည်။ ရေစီးအားများသောကြောင့် တချို့သောတောင်များ ပြိုကျကုန်သည်။ သစ်ပင်များလည်း ရေနှင့်အတူ မျောပါသွားကြသည်။ သစ်ပင်များနှင့်အတူ သစ်ပင်ပေါ်တွင်မှီခိုနေထိုင်ကြသော ကျွန်တော်တို့အမျိုးအဆွေ ရှဉ့်ငပေါများလည်း ရေနှင့်အတူ မျောပါသွားကြသည်။ တောင်ခြေတွင်လည်း ရေစီးရေလာမကောင်းခြင်း ရေစီးလမ်းများကိုပိတ်ဆို့၍ ကိုယ်ကျိုးအသုံးပြုထားခြင်း ပင်လယ်ဒီရေတက်ခြင်းစသော အကြောင်းတရားများပေါင်းစုံ၍ လူနေရွာများ ရပ်ကွက်များ အဝေးပြေးလမ်းမကြီးတို့ ရေမြုပ်ကုန်သည်။ ဒေသတစ်ခုလုံး ရေဘေးကိုရင်ဆိုင်နေရပြီဖြစ်သည်။

    ကျွန်တော်မှီခိုနေထိုင်သော သစ်ပင်သည်လည်း လဲပြိုကျ၍ရေစီးနှင့်အတူ မျောပါနေပြီဖြစ်သည်။ ရေမကူးတတ်သော ကျွန်တော်သည် ရေတွင်မျောပါလာသော သစ်တုံးတခုကို ကြောက်လန့်တကြား ဖက်တွယ်၍ ရေစီးနှင့်အတူ မျောပါခဲ့ပြီ။ ရေမွန်းသောကြောင့် အသက်ကောင်းစွာ မရှူနိုင်အောင်ဖြစ်လျှက် သတိလစ်မေ့မျောသလိုဖြစ်နေသည်။ ထိုအချိန်တွင် ကျွန်တော်၏ ဝိဉာဉ်သည် အံအားသင့်ဖွယ်ကောင်းစွာ ခန္ဓာကိုယ်မှ ထွက်ခွာ၍ ရေပြင်ပေါ်ဖြတ်သန်းပြီး နေရာပေါင်းစုံသို့ ရောက်ရှိသွားလေသည်။ ကျွန်တော်၏ဝိဉာဉ်သည် နေရာပေါင်းစုံကိုဖြတ်သန်းရင်း အဖြစ်အပျက်မျိုးစုံကို တွေ့မြင်ခွင့်ရခဲ့လေသည်။

    ရေလွှမ်းနေသော အဝေးပြေးလမ်းမကြီးအနီးရှိမြို့ကလေးတွင် လူတစ်ယောက် လမ်းဘေး ထမင်းကြော်ဆိုင်ထဲသို့ဝင်သွားသည်။ “ထမင်းကြော်ကြက်ဥကြော်နဲ့ ဘယ်လောက်လဲ” ဟုမေးသည်။ ဆိုင်ရှင်က “ထောင့်ငါးရာ” ဟုဖြေသည်။ “မလျော့ဘူးလား” ဆိုတော့ “ရေကြီးနေတာဒီဈေးပဲ” ဟုဖြေသည်။ ပုံမှန်ဈေးထက် နှစ်ဆကျော်ဖြစ်နေသည်။ တစ်ပါးသူ၏ဒုက္ခအခက်အခဲကို အခွင့်ကောင်းယူ၍ ရှာသောစီးပွားရေးနှင့် လူသားတို့၏လောဘ။

    အဝေးပြေးကားလမ်းပိတ်နေ၍ သောင်တင်နေကြသူလူများကို အနီးအနားမြို့ရွာများက လူများလာရောက်ပြီး ထမင်းထုပ်များ၊ ရေဗူးများ ဝေနေကြသည်။ တစ်နေရာတွင် ကားတစီးပေါ်မှ ပစ္စည်းများချနေသည်။ “ဝေပေးလိုက်ရတော့မလား” ဟု တစ်ယောက်က ဦးဆောင်လာသူဟု ထင်ရသူကိုမေးသည်။ “ခဏနေဦး ပစ္စည်းတွေကိုအရင်ချပြီးပုံလိုက် ဓာတ်ပုံရိုက်ရမယ်။ ပစ္စည်းတွေကိုနည်းနည်းချဲပြီးချစီလိုက် ဓာတ်ပုံထဲမှာပစ္စည်းတွေ အများကြီးလိုဖြစ်သွားအောင် ပြီးရင်ဓာတ်ပုံရိုက်မယ်။ အလှူငွေပေးလိုက်တဲ့သူတွေကိုပြန်ပြရမယ်။ ဒါမှနောက်ကိုအလှူခံရင်များများရမှာ။ ” စေတနာလော၊ လောဘလော။ ပရဟိတလော၊ အတ္တဟိတလော။ လုပ်နေကြသူများအနီးမှ ကျွန်တော်ဝိဉာဉ် ဖယ်ခွာထွက်ခဲ့ပြန်သည်။

    “ဥက္ကဌ ဒီနေ့ဘာလုပ်ရမှာလဲ” ဟု လူငယ်တယောက်က စားပွဲတွင်ထိုင်နေသူကို မေးသည်။ “ငါတို့ရဲ့ Facebook စာမျက်နှာကနေ ကူညီရေးပရဟိတအဖွဲ့အတွင်းရေးမှူးကြီး ရေဘေးကူညီရေးဆောင်ရွက်ဖို့ ဥက္ကဌနှင့် အမြန်ဆက်သွယ်ပါလို့ ရေးတင်လိုက်။ ဖုန်းဆက်ခေါ်လိုက်မယ်လေ။ ခိုင်းတာလုပ်စမ်းပါကွာ။ ငါတို့အဖွဲ့ကယ်ဆယ်ရေးလုပ်နေတယ်ဆိုတာ လူသိဖို့လိုတယ်။ အချိန်နဲ့တပြေးညီ အခက်အခဲရှိသူများဆက်သွယ်ပါ။ ကူညီမယ်လို့လည်းရေးတင်လိုက်။”

    ကျွန်တော်ဝိဉာဉ်က ရေစပ်သို့ရောက်ရှိနေပြန်သည်။ ရေကျော်ရေမြုပ်နေသော အဝေးပြေးလမ်းမကြီးရှိ ရေစပ်တွင် တစ်ဖက်မှတစ်ဖက်သို့ ဖြတ်ကူးနိုင်ရန် စက်လှေများရပ်ထားကြသည်။ အသက်ကယ်ဝတ်စုံအပြည့် ဝတ်ဆင်ထားသော တာဝန်ရှိသူများ ရေပြင်ပေါ်တွင် ကယ်ဆယ်ရေးဆောင်ရွက်ရန် ဓာတ်ပုံဆရာများကိုပါ တင်ဆောင်၍ စက်လှေတချို့ရေပေါ်တွင် မောင်းနှင်နေကြသည်။ တချို့စက်လှေများမှာ ပိတ်မိနေသော ခရီးသွားများကို ရေပြင်ပေါ်ဖြတ်၍ပို့ဆောင်ပေးရန် စောင့်နေကြသော စက်လှေများဖြစ်သည်။ စက်လှေစီးခ တစ်ဦးလျှင် လေးထောင်၊ ငါးထောင်။ ခါတော်မှီစီးပွားရေးနှင့် သူတစ်ပါးဒုက္ခကို အခွင့်ကောင်းယူ အမြတ်ထုတ်စီးပွားရှာမှုများ။

    ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုရှေ့တွင် ကားတစီးရပ်ထားသည်။ ကားဘေးတွင် အဝတ်အစား သေသေသပ်သပ် ဝတ်ဆင်ထားသော လူကြီးတစ်ယောက် ဒူးကလေးကို နည်းနည်းကွေး၍ရပ်နေသည်။ ကားပေါ်မှလူငယ်နှစ်ယောက်သည် ဆန်အိတ်တစ်လုံးကိုမပြီး လူကြီး၏ပုခုံးပေါ် တင်ဟန်ပြုနေသည်။ ရှေ့မှဓာတ်ပုံရိုက်နေသည်။ “ပုံများများရိုက်ထားနော်။ ငါ့မျက်နှာသေချာပေါ်အောင်ရိုက်နော်” စသည်ဖြင့် လူကြီးက ညွှန်ကြားနေသည်။ ဆန်အိတ်ထမ်းနေပုံ ဓာတ်ပုံရိုက်ပြီးသောအခါ ဓာတ်ပုံဆရာကပြောသည်။ “ဆရာ ရေထဲနည်းနည်းဆင်းလိုက်ပါလား။ ရေထဲမှာ သွားနေတဲ့ပုံရိုက်ရအောင်။ ဟုတ်ပြီ။ ပုဆိုးကိုသိပ်မ မနဲ့။ ရေနည်းနည်းစိုအောင်ထား။ ဒီကိုကြည့်ပါ။ ရပြီ။” ရေထဲတွင်သွားနေသောဓာတ်ပုံရိုက်ကြပြန်သည်။ သူတစ်ပါး၏ဒုက္ခကို နင်းပြီး မိမိ ထင်ပေါ်ကျော်ကြားမှုကို ရှာသူများ။

    လှိုင်းလေ အတန်ငယ်ငြိမ်၍ ရေစီးလျော့ကျသွားသောကြောင့် ရေမွန်းမှုသက်သာသွားသည်။ အသက်ကောင်းစွာရှူနိုင်လာသောကြောင့် ကျွန်တော်ဝိဉာဉ်သည် ခန္ဓာနှင့်ပြန်ကပ်ပြီး သတိရလာသည်။ ကြည့်လိုက်သောအခါ အဝေးပြေး ကတ္တရာလမ်းမပေါ်သို့ရောက်နေသည်။ ရေစပ်တွင် လူများရပ်နေကြသည်။ ရေစပ်သို့ရောက်သွားကြသော ကျွန်တော်အမျိုးအဆွေ ရှဉ့်ငပေါတို့မှာ ဝမ်းသာအားရ ကမ်းပေါ်သို့ခုန်တက်ကြသည်။ ဝမ်းသာမှုမှာကြာရှည်မခံလှပါ။ ခုန်တက်လာကြသောရှဉ့်ငပေါလေးများကို ကမ်းစပ်တွင် စောင့်နေကြသောသူများကဆီးကြို ဖမ်းဆီးပြီး ချက်ပြုတ်စားသောက်ရန် ကတ္တရာလမ်းမတွင် ရိုက်သတ်နေကြသည်။

    ကြောက်ရွံ့မှုနှင့် ကြေကွဲမှုသည် ကျွန်တော်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ထိုအချိန်တွင် ကမ်းစပ်သို့ ရောက်သွားပြီဖြစ်သော ကျွန်တော်ခန္ဓာကိုယ်ကို လူတစ်ယောက်က ဖမ်းကိုင်လိုက်သည်။ ထို့နောက် အမြှီးမှကိုင်၍ဦးခေါင်းကို ကတ္တရာလမ်းမနှင့်ရိုက်ချလိုက်သည်။ ကျွန်တော်၏နောက်ဆုံးထွက်သက်မတိုင်မှီ အတွေးစတစ်ခု ခေါင်းထဲဝင်လာသည်။ အကယ်၍ နောင်ဘဝဟူသည်ရှိခဲ့ပါလျှင် ဤမြေ၊ ဤရေ၊ ဤတော၊ ဤတောင်၊ ဤလူသားများအနီးတွင် ရှဉ့်ငပေါတစ်ကောင် ပြန်မဖြစ်ပါရစေနှင့်ဟု ဆုတောင်းမိပါသည်။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,600SubscribersSubscribe
    spot_img

    Latest posts