spot_img
Wednesday, December 4, 2024
More
    spot_img
    Homeသတင်းအလင်းမဲ့ဘဝများ

    အလင်းမဲ့ဘဝများ

    -

    ရေးသားသူ-ကမ်လူဝေး

    မှောင်မိုက်သောညသည် တစ်ခါတရံ အတွေးစတို့ကို ရှည်လျားစေသည်။ ကာလကြာပြီဖြစ်သော ကိစ္စတို့သည် တိုက်ဆိုင်သောအခါ အတွေးထဲသို့ အလိုအလျှောက် တိုးဝင် ရောက်ရှိလာတတ်သည်။ မထူးဆန်းလှပါ။

    အိမ်ရှေ့ကိုလှမ်းကြည့်လိုက်တော့ မီးမလင်း၍ မှောင်နေသော လမ်းမီးတိုင်ကို တွေ့သည်။ မှောင်ပေမှာပေါ့ မီးပျက်နေတာကိုး။ မီးပြန်လာချိန်မှာတော့လင်းမှာပေါ့။ ဤကဲ့သို့တွေးမိတော့ အတွေးစတို့က ဆက်လာပြန်သည်။ အိမ်ရှေ့က လမ်းမီးတိုင် မီးလင်းဖို့ ကြိုးစားခဲ့ရသော အကြောင်းတွေ။

    အိမ်ရှေ့လမ်းမီးတိုင်မှ မီးလုံးမကောင်း၍ မီးမလင်းသည်မှာ အတော်ကြာခဲ့ပြီ။ ဘယ်လောက်တောင်ကြာပြီလဲ ဟုဆိုလျှင် တစ်လလား၊ သုံးလလား၊ တစ်နှစ်လား ဆိုသည်ကိုပင် မသိလောက်အောင် ကြာခဲ့ပြီ ဖြစ်သည်။ မီးလုံး မကောင်း၍ မီးမလင်းကြောင်း လျှပ်စစ်ရုံးသို့သွားရောက် ပြောဖြစ်သည်။ လျှပ်စစ်ရုံးကလည်း မီးလုံးလဲပေးမည်။ သို့သော် ဘတ်ဂျက်ကျသောအခါမှ လဲပေးနိုင်မည် ဟုရှင်းပြလေသည်။ ဟုတ်ပေသားပဲ။ ဘတ်ဂျက်မရှိပဲ မည်သို့လုပ်ရမည်နည်း။ ဤသို့နှင့် အိမ်ကို တပ်ဆုတ်ပြန်ခဲ့ရသည်။

    “မီးလုံးက ဦးလေးတို့ အိမ်ရှေ့က ဓာတ်တိုင် တခုတည်းမီးမလင်းတာမဟုတ်ဘူးလေ။ ဦးလေး ညဖက် လမ်းတွေကို လိုက်ပတ်ကြည့်လိုက်ပါ။ တော်တော်များများမီးလုံးတွေ မလာတာ တွေ့မှာပါ။ ကျွန်တော်တို့လည်း ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်း အဆင့်ဆင့်အတိုင်း မီးလုံးတွေလဲဖို့ တင်ပြပြီး ဘတ်ဂျက် တောင်းထားပါတယ်။ ဘတ်ဂျက်ရတာနဲ့မီလုံးတွေလဲပေးမှာပါ” လို့ အီးပီစီရုံးက ဝန်ထမ်း၏ ရှင်းပြသံ နားထဲတွင် ဖန်တလဲလဲကြားလို့ နေမိသည်။ ဤသို့နှင့် ကျလာမည့် ဘတ်ဂျက်ကြီးကို မျှော်ရင်းအချိန်တွေ အတော်ကြာခဲ့ပြန်သည်။ အိမ်ရှေ့မှ လမ်းမီးတိုင်ကတော့ မှောင်ဆဲ မှောင်မြဲ။

    ဤသို့နှင့် တစ်နေ့တော့ ခေတ်စားနေသော စကားလုံးများ ဖြစ်သည့် “ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုး” ဆိုသည့် စကားလုံးများအတိုင်း ကြံရဖန်ရ ပြန်သည်။ လျှပ်စစ်ရုံးသို့ သွား၍ မီးလုံးကို ဘတ်ဂျက်ကျမှ မဟုတ်ပဲကိုယ့်အားကိုယ်ကိုး ဝယ်ပေးမည့် အကြောင်း လဲပေး၊ တပ်ပေးဖို့ အကြောင်းပြောတော့” ဟုတ်ပြီလိပ်စာပေးခဲ့ပါ။ သက်ဆိုင်ရာ လိုင်းမင်းကိုလွှတ်လိုက်ပါမယ်။ လုပ်ပေးပါလိမ့်မယ်” လို့ ဆိုသည်။

    လိုင်းမင်းလာမည့် အချိန်ကို အိမ်မှမျှော်ရင်း၊ စောင့်ရင်း အချိန်တွေသာကုန်သွားသည်။ လိုင်းမင်းကတော့ ပေါ်မလာပါ။ ဤသို့နှင့် အချိန်တွေကြာ မနေသာတော့မှ လျှပ်စစ်ရုံးမှာ အလုပ်လုပ်သော မိတ်ဆွေ ဝန်ထမ်းတယောက်ကိုပြောပြ အကူအညီတောင်းဖြစ်သည်။ မိတ်ဆွေက အရန်ကောဟူသော မျက်နှာပေးနှင့် ပြုံးသည်။ “လိုင်းမင်းတွေ လွှတ်လိုက်ပါ့မယ်။ သူတို့တွေ လဲပေးပါလိမ့်မယ်။ အားလုံးပြီးရင်တော့ မီးတိုင်တစ်တိုင်ကို ဒီ၍ဒီမျှ မုန့်ဖိုးလေးတော့ ပေးလိုက်ပါ”လို့မှာသည်။ “ပေးရမှာပေါ့ဗျာ။ ဒီခေတ်ကြီးမှာ မပေးလို့မှမရတာ။ စားဝတ်နေရေးက အားလုံးအတွက် ခက်ခဲနေတာပဲ” လို့ ပြန်ပြောဖြစ်သည်။

    နောက်ရက်သိပ်မကြာခင်မှာပင် သူ့ဟာနှင့်သူဆိုတော့ အဆင်ပြေ ချောမွေ့စွာ လမ်းမီးတိုင်က မီးလင်းသွားလေသည်။ မီးက လင်းသမှ မီးခလုတ် မပိတ်လျှင် နေ့ပါလင်းနေပြီး မီးခလုတ်မဖွင့်မိလျှင် မလင်းပြန်။ လမ်းမီးတိုင်များအတွက် သီးသန့် လျှပ်စစ်မီးလိုင်း မရှိတော့ဟုဆိုသည်။ လမ်းမီးတိုင်မှ မီးခလုတ်ကိုမနက်ပိတ်၍ ညမှောင်လျှင်ပြန်ဖွင့် ပေးရသည်။ ကိုယ်ထူကိုယ်ထ ပဲပြောပြော ကိုယ့်အားကိုယ်ကိုးပဲပြောပြော ဘယ်လိုကြီးလဲဟု မေးခွန်းမထုတ်ရဲပါ။ လမ်းမီးတိုင်မီးလင်းသွားသည်ကိုပင် ကျေနပ် ကျေးဇူးတင်နေရသည့် ဘဝမဟုတ်လား။

    မီးလင်းသွားသော အိမ်ရှေ့က လမ်းမီးတိုင် အကြောင်တွေးရင်း ငယ်ဘဝဆီ အတွေးရောက်မိပြန်သည်။ ကျွန်တော်ငယ်ငယ်က သူငယ်ချင်း တယောက်ရှိခဲ့ပါသည်။ နှစ်ပေါင်း သုံးဆယ့်ငါးနှစ်လောက်ကြာခဲ့ပါပြီ။ သူတို့မိသားစုဆင်းရဲသည်။ သူနှင့်၊ ကျွန်တော် တစ်တန်းတည်း၊ တစ်ခန်းတည်း၊ ဘေးခြင်းကပ် ထိုင်ဖြစ်သောသူငယ်ချင်း။ ကျွန်တော်က စာတော်သောကျောင်းသား။ သူကစာသိပ်မရ။ သို့သော် ကြိုးစားသူ။ ကျောင်းမှအိမ်စာ လုပ်ခိုင်းလျှင် တစ်ခါတရံ ပြီးအောင်လုပ်မလာ။ ကျောင်းရောက်မှ အသည်းအသန် ပြီးအောင်လုပ်တတ်သည်။ မနေနိုင်သော ကျွန်တော့်မှာ အိမ်စာပြီးအောင်လုပ်ခဲ့ဖို့ တိုက်တွန်းဖြစ်သည်။
    ထိုအခါ သူသည် အားငယ်သော အကြည့်ဖြင့် ကြည့်ရင်း “ရေနံဆီကုန်သွားတော့ ဖယောင်းတိုင်လည်း မရှိတာနဲ့ စာဆက်လုပ်လို့မရဘူး” ဟု ပြောပါသည်။ ကျွန်တော် ရုတ်တရက် နားမလည်ခဲ့ပါ။ နားလည်အောင် သေသေချာချာ မေးသောအခါမှ အကြောင်းစုံသိလာရပါသည်။

    Photo-ရေနံဆီ မီးခွက်အလင်း(Internet)

    သူတို့မိသားစု လက်လုပ်လက်စား ဆင်းရဲသည်။ နေတော့မြို့ စွန်ရပ်ကွက်။ သူတို့အိမ်မှာ လျှပ်စစ်မီတာမရှိ။ အီးပီစီမှလျှပ်စစ်မီး မသွယ်နိုင်။ ညဖက်မှောင်လျှင် ရေနံဆီ မီးအိမ်ထွန်း။ အချိန်တန်လျှင်မှောင်ထဲမှာအိပ်။ ဤကသူတို့ ဘဝ။ ရေနံဆီမှာလည်း တစ်နေ့စာ တစ်နေ့စာ သူ့ အတိုင်းအဆနှင့်။ အဆင်ပြေ၍ မိဘမှ ဖယောင်းတိုင် ဝယ်ပေးထားလျှင် ဖယောင်းတိုင်မီးနှင့် စာဆက်လုပ်။ ဖယောင်းတိုင်မရှိလျှင် ထိုနေ့အဖို့ပြီးပြီ။

    ကျွန်တော် ကြားတော့ စိတ်မကောင်းဖြစ်ရသည်။ “ဒါဆို မင်းစာကောင်းကောင်းဖတ်လို့ မရဘူးပေါ့” ဟု စိုးရိမ်စွာ ပြောတော့ သူငယ်ချင်းမှရယ်သည်။ “ဒီလောက်လည်း မဆိုးပါဘူးကွာ။ မိုးတွင်း မိုးရွာရင်သာ ဒုက္ခတွေ့တာပါ။ ကျန်တဲ့အချိန်က စာသာရေးရခက်တာ စာရေးရခက်လို့ အိမ်စာမပြီးတာ စာတော့ကျက်လို့ရပါတယ်” ဟုဆိုသည်။ “မီးမရှိပဲ စာဘယ်လို ဖတ်မလဲလို့” တအံ့တသြမေးတော့။ “ရပါတယ်ကွ။ အိမ်ရှေ့က လမ်းမီးတိုင် ရှိတာပဲ လမ်းမီးတိုင်အောက်မှာ သွားပြီးဖတ်ရတာပေါ့။ ဒီလိုပဲ အဆင်ပြေပါတယ်” ဟု ဘဝကို ကျေနပ်စွာ နားလည်ပုံမျိုးနှင့်ဆိုသည်။

    သူ့အခြေအနေကိုသိပြီး ကျွန်တော့် မုန့်ဖိုးလေးတွေစု၍ ဖယောင်းတိုင်ထုပ်လေးများ ဝယ်ပေးဖြစ်သည်။ ထိုနှစ်က သူနှင့်ကျွန်တော် နှစ်ယောက်လုံး စာမေးပွဲအောင်၍ နောက်တစ်တန်း တက်ခဲ့ကြပါသည်။
    နှစ်တွေကြာခဲ့ပြီးမှ သူနှင့် နောက်တစ်ကြိမ်ပြန်တွေ့ဖြစ်ပါသည်။ သူဆယ်တန်းနှင့်ကျောင်းထွက်လိုက်ရပြီး ပုံတူခဲရေးပန်းချီဆရာအဖြစ် အသက်မွေးနေကြောင်း သိခဲ့ရပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်သူငယ်ချင်း သူ့လမ်းကိုသူလျှောက်နေလေပြီ။ ကျေနပ်ရပေမှာပေါ့။

    အချိန်ကာလတို့သည် နှစ်ပေါင်း သုံးဆယ့်ငါးနှစ်နီးပါး ကျော်ဖြတ်ခဲ့လေပြီ။ ဤခေတ် ဤအခါမှာ ကျွန်တော့် ငယ်ဘဝမှ သူငယ်ချင်းကဲ့သို့ ဆင်းရဲသောကြောင့် ဖယောင်းတိုင်မဝယ်နိုင်၊ LED မီးမဝယ်နိုင်၍ စာမဖတ်ရ၊ စာမလုပ်ရသော ကလေးငယ်များ မည်မျှရှိနေဦးမည်နည်း။ ကျွန်တော်မသိနိုင်ပါ။ ကျွန်တော့်သူငယ်ချင်းကဲ့သို့ မီးလင်းနေသော လမ်းမီးတိုင်များအာက်တွင် စာဖတ်နေကြမလား။ ဤခေတ်ကလေးငယ်များ ကျွန်တော့်သူငယ်ချင်းကဲ့သို့ ကံကောင်းနိုင်ပါ့မလား။ မီးအမြဲ မှန်မှန်လင်းသော လမ်းမီးတိုင်များ ကျွန်တော်တို့ ငယ်ငယ်တုန်းကကဲ့သို့ ယနေ့ရှာလို့လွယ်ပါ့ဦးမလား။

    ကျွန်တော့်သူငယ်ချင်း မီးမှန်မှန်လင်းသော လမ်းမီးတိုင်အောက် စာဖတ်ခွင့်ရခဲ့ခြင်းသည် ယနေ့ခေတ် ကလေးငယ်များထက် နည်းနည်းများ ပိုကံကောင်းခဲ့လေသလားလို့ တွေးမိရင်း မှောင်နေသောည၏ လမ်းမများကိုငေးလျက် အတွေးဆန့်နေမိပါသည်။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    30,900SubscribersSubscribe
    spot_img

    Latest posts