spot_img
Friday, May 17, 2024
More
    spot_img
    Homeဆောင်းပါးကော့ဂွန်းဖိတ်စာ

    ကော့ဂွန်းဖိတ်စာ

    -

    ရေးသားသူ-ရာမညမင်းငြိမ်းချမ်း

    သမိုင်းဝင် ကော့ဂွန်းဂူတော်ကြီးသည် အလွန်ရှေးကျပြီး စိတ်ဝင်စားမှုများ ပြည့်နှက်နေသော ရှေးဟောင်းဂူတစ်ဂူဖြစ်သည်။ အေဒီ(၇)ရာစု မှ (၁၁)ရာစုထိ သုဝဏ္ဏဘုမ္မိ၊ သထုံခေတ်မှ ကွဲထွက်ပျံ့နှံ့လာသော သမိုင်းအမွေအနှစ် ယဉ်ကျေးမှုဟု သုတေသနဆရာများမှ သတ်မှတ်ထားကြသည်။ ရှေးဟောင်းအမွေအနှစ်များဖြင့် ပြည့်နှက်နေသောကြောင့် သမိုင်းဝင်ကော့ဂွန်းဂူတော်ကြီးသည် ထင်ရှားကျော်ကြားသော ဂူတစ်ခုအဖြစ် တည်ရှိနေသည်။ ဘုရားဖူးဧည့်သည်များနှင့် စိတ်ဝင်စားသူများ လာရောက်လည်ပတ် လေ့လာနိုင်စေရန် လမ်းညွှန်လိုက်ရပါသည်။

    ကော့ဂွန်းဂူသည် သမိုင်းဝင်ဘုရားများဖြင့် ပြည့်နှက်နေပြီး အလွန်ထူးခြားဆန်းကြယ်သော ဂူတစ်ဂူဖြစ်သည်။ ကော့ဂွန်းရွာအနီးတွင် တည်ရှိသောကြောင့် ကော့ဂွန်းဂူဟုခေါ်သည်။ ကော့ဂွန်းရွာသည် ဘားအံမြို့နယ်၊ ဖားကပ်ကျေးရွာအုပ်စု သံလွင်မြစ်၏ အနောက်ဘက်တွင် တည်ရှိသည်။ ကော့ဂွန်းဂူသို့ မော်လမြိုင်မှ (၃၁)ခန့်ဝေးပြီး၊ ဘားအံမြို့မှ(၇)မိုင်ခန့် ဝေးသည်။ ဂူတော်ကြီးသည် ဘားအံမြို့၏ အနောက်တောင်ယွန်းယွန်းတွင် တည်ရှိသည်။ ဘားအံမြို့မှ ရန်ကုန်-ဘားအံ အဝေးပြေးလမ်းမအတိုင်း သထုံမြို့ဘက်သို့ ခရီးဆက်ခဲ့လျှင် သံလွင်တံတား(ဘားအံ)ကိုကျော်ဖြတ်ပြီး လမ်းသုံးခွတစ်ခုသို့ ကနဦး ရောက်မည်ဖြစ်သည်။ ထိုနေရာသို့ရောက်လျှင် ဂူဘုရားသို့ ညွှန်ပြရာဆိုင်းဘုတ်ကြီးတစ်ခုကို တွေ့မြင်ရမည် ဖြစ်သည်။ အဝင်လမ်းဝ ဖားကပ်ရွာမှတစ်ဆင့် (၂)မိုင်ခန့် ခရီးဆက်ခဲ့လျှင် ကော့ဂွန်းရွာ၌ရှိသော သမိုင်းဝင် ရှေးဟောင်းကော့ဂွန်းဂူဘုရားသို့ ရောက်ရှိမည်ဖြစ်သည်။

    လာရောက်လည်ပတ်သော ဧည့်သည်တော်များသည် ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူတော်ကြီးသို့ရောက်လျှင် ခြင်္သေ့နှစ်ကောင်၊ လွတ်လပ်ရေးကျောက်တိုင်၊ နတ်ရေကန် စသည်တို့ကို ရှေ့ဦးစွာတွေ့မြင်နိုင်သည်။ ဂူအတွင်းပိုင်းနှင့် အပြင်ဘက် အနောက်မြောက်ထောင့်တွင် ချိုင့်တွင်းနက် တစ်ခုရှိသည်။ ဂူတော်ကြီးသည် ထုံးကျောက်တောင်၏ အရှေ့ဘက်တွင် တည်ရှိပြီး အလင်းရောင် ကောင်းစွာရရှိပါသည်။ လှိုဏ်ဂူတော်အဝင်သည် မြေပြင်ထက် (၁၀)ပေခန့် မြင့်သည်။ ကော့ဂွန်းဂူအဝင် မုခ်ဦးမှစ၍ အတွင်းခန်းမဆောင် လှိုဏ်ဂူတော်အတွင်း ထိပ်ပိုင်းအထိ ရှေးခေတ်အလှူရှင်များ လှူဒါန်းပူဇော်ခဲ့ကြသော ရပ်တော်မူ၊ ထိုင်တော်မူ၊ တင်ပျဉ်ခွေတော်မူ၊ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် များစွာတို့ကို ဖူးမြော်ကြည်ညိုနိုင်ပါသည်။ ဂူထဲတွင် ဗုဒ္ဓရုပ်ပွားတော်များအပြင် ဆင်ဖြူတော် ရုပ်ထုတစ်ခုလည်း ရှိပါသေးသည်။

    Photo-ကော့ဂွန်းဂူမှ ရှေးဟောင်းအနုပညာလက်ရာ(Internet)

    ဂူဝတွင် ခြောက်သွေ့သော်လည်း အတွင်းဘက်တွင် အနည်းငယ် စိုစွတ်သည်။ လှိုဏ်ဂူအတွင်း အပြင်ပိုင်း ဂူအမိုးနှင့်ဂူနံရံတို့တွင် အုတ်၊ ကျောက်၊ အင်္ဂတေ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးဖြင့် ထုလုပ်ထားသော အနီရောင်ဆေးသားများဖြင့် ပထမံအုတ်ခွက်ဘုရားများ၊ ဗုဒ္ဓဆင်းတုတော်များ၊ ရုပ်လုံးရုပ်ကြွ အများအပြားကိုလည်း တွေ့မြင်နိုင်သည်။ အုတ်ခွက်ဘုရားများ စီမံထားပုံမှာ စေတီပုံ၊ပြသာဒ်ပုံ၊ တံခွန်ကုက္ကားပုံ စသည်ဖြင့် သရုပ်ဖော်ပုံ အမျိုးမျိုးရှိသည်။ မူလအုတ်ခွက်များမှာ ကာလရှည်ကြာသဖြင့် အကြောင်းကြောင့် ကွာကျသောနေရာများတွင် ပြန်လည်မွမ်းမံ အလှူရှင်များ၏အမည်များ၊ ခုနှစ်သက္ကရာဇ်များကို မွန်ဘာသာဖြစ် ကမ္ဗည်းထိုးထားသည်ကို တွေ့မြင်နိုင်သည်။

    ဂူအဝင်လမ်းတွင် ခြောက်မြှောင်းညီ စေတီတစ်ဆူလည်း တွေ့မြင်နိုင်ပါသည်။ အနားတစ်ခုဆီတွင်လည်း အုတ်ခွက်ဘုရားများ အပြည့်စီတန်းထားပါသည်။ လှိုဏ်ဂူအတွင်းရှိ အုတ်ခွက်ဘုရားများမှာ သဘာဝဘေးဒဏ်မှ လွတ်မြောက်သော်လည်း မသမာသူများ၏လက်ချက်ဖြစ် အုတ်ခွက်ဘုရားများစွာ ဖျက်ဆီးခံရသည်လည်းရှိသည်။ သက္ကရာဇ်(၁၈၃၅)တွင် သုတေသနပညာရှင် ရစ်ချတ်တင်ပယ် က နံရံကပ်ဆင်တုတော်တို့ကို တန်(၅၀၀)ရှိသင်္ဘောဖြစ် သယ်ယူသွားသော်လည်း ထက်ဝက်မျှသယ်မသွားနိုင်ခဲ့ဟု သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားပါသည်။ အဘယ်မျှ သမိုင်းဝင်အုတ်ခွက်ဘုရားများ များပြားသည်ကို တွက်ဆနိုင်သည်။

    ယခုပစ္စုပ္ပန်အခြေအနေတွင် ခွာမရသည့် အုတ်ခွက်ဘုရားများသာ ကျန်ရှိနေပါတော့သည်။ ဂူတော်ကြီးအဝင်လမ်းတလျှောက် ဂူထဲမရောက်ခင် တောင်ဘက်တွင် သံဇကာဖြင့်ပိတ်ထားသော အခန်းနှစ်ခန်းလည်းရှိသေးသည်။ လူတစ်ရပ်ခန့်မြင့်သော ပထမသံဇကာအခန်းတွင် ပျက်စီးနေသော ရုပ်ပွားတော်များစွာ စုပုံထားပါသည်။ ထိုအခန်းထဲရှိ ကျောက်နံရံထက်တွင် အမဲရောင်ဆေးသားဖြစ် ရေးခြစ်ထားသော ကော့ဂွန်းဂူ ကျောက်စာသုံးကြောင်းကိုလည်း တွေ့မြင်နိုင်သည်။

    အရှေ့သို့ အနည်းငယ်ဆက်သွား၍ လှေကားတစ်ခုတက်ပြီ တောင်ဘက်တွင် ပိတ်ထားသော ဒုတိယသံဇကာအခန်းကို တွေ့မြင်ရပါသည်။ ထိုအခန်းထဲတွင် ရုပ်ပွားတော်သုံးခု စိုက်ထူထားပါသည်။ ထိုရုပ်ထုတော်များသည် သင်္ကန်းတော်ပါးပါး ဝတ်ဆင်ထား၏။ ထိုရုပ်ပွားတော်များ၏ တွဲကျနေသောသင်္ကန်းတွင် ရှေးဟောင်း မွန်ကျောက်စာ(၂၃)ကြောင်းကို တွေ့မြင်နိုင်သည်။ ခြေသလုံးတော်၊ ပေါင်တော်၊ ကိုယ်လုံးတော်တို့ ထင်ရှားစွာပေါ်လွင်နေသည်။ လည်ဆွဲတန်ဆာ၊ ရင်စည်းခါးဝတ်၊ စလွယ်နှင့်လက်ကြပ်များကို ဆင်မြန်းထားပါသည်။ အလည်လာသူ ခရီးသွားဧည့်သည်တော်များနှင့် သုတေသန စိတ်ဝင်စားသူများအတွက် တန်ဖိုးမဖြတ်နိုင်သော နေရာတစ်ခုလည်းဖြစ်သည်။

    ကော့ဂွန်းဂူတော်ကြီးသို့ တစ်နှစ်ပတ်လုံး ဘုရားဖူးဧည့်သည်များဖြစ် စည်းကားနေပါသည်။ အလည်လာသူ ဘုရားဖူးဧည့်သည်များ ရှေးဟောင်းအုတ်ခွက်များကို တွေ့မြင်သည့်အခါ အံ့သြဘနန်းဖြစ်ရပါသည်။ တစ်ခေတ်တခါ ယဉ်ကျေးမှုအမွေအနှစ်များ မည်မျှလောက် စိမ့်ဝင်ပျံ့နှံ့ခဲ့သည်လည်း မှန်းဆနိုင်သည်။ ဂူတော်ကြီး၏နံရံထက် အချို့နေရာများတွင် ကပ်ထားသည့် အုတ်ခွက်ဘုရားများမှာ အရာများသာ ရှိတော့သည်။

    အချို့နေရာများတွင် နံရံကပ်တစ်ခုလုံး ကွာကျပျက်စီးနေပြီး ဖြစ်သည်။ ထိုအချင်းအရာများသည် ရှေးဟောင်းအမွေအနှစ်များအတွက် အလွန်နှမျောမိသည်။ အချို့နေရာများတွင် ယခုခေတ် ဘိလပ်မြေ၊ အင်္ဂတေ များဖြစ် ပြန်လည်မွမ်းမံထားသည်ကို တွေ့ရပါသည်။ ထိုသို့ပြန်လည်မွမ်းမံခြင်းသည် ကောင်းသောလက္ခဏာမဟုတ်။ မူလအုတ်ခွက်ဘုရားများ ဖုံးအုပ်ထားသကဲ့သို့ ခံစားမိသည်။ ယခုထက် ပိုမိုကောင်းမွန်သော ထိန်းသိမ်းမှုမျိုး ပြုလုပ်ရန်လိုသည်ဟု မြင်မိသည်။

    ရှေးဟောင်း ကော့ဂွန်းဂူတော်ကြီးနှင့် ပတ်သတ်၍ သုတေသနပညာရှင်များစွာ လာရောက် သုတေသနပြုခဲ့သည်ဟု စာပေမှတ်တမ်းများတွင် တွေ့မြင်ရပါသည်။ ထိုသုတေသနပညာရှင်များမှာ အောက်ပါအတိုင်းဖြစ်သည်။ (၁၈၂၇)ခုနှစ်တွင် ဗြိတိသျှအမတ်ကြီး ဂျွန်ကရော့ဖို့။ (၁၈၃၅)ခုနှစ်တွင် သုတေသနပညာရှင် ရစ်ချတ်တင်ပယ်။ (၁၈၃၆)ခုနှစ်တွင် ဆရာယုဒဒန်နှင့် အမေရိကန်သာသနာပြုအဖွဲ့။ (၁၈၉၁)ခုနှစ်တွင် မစ္စတာတော်စိန်ခို။ (၁၈၉၂)ခုနှစ်တွင် မေဂျာရစ်ချက်တင်ပသီ။ (၁၉၄၀)ခုနှစတွင် ပါမောက္ခဂျီအိပ်ချပ်လုစ်နှင့် ဦးလူဖေဝင်း။ (၁၉၅၈)ခုနှစ်တွင် ဦးလတ်၊ ဗိုလ်မှူးဘရှင်နှင့် ဒေါက်တာနိုင်ပန်းလှ။ (၁၉၇၈)ခုနှစ်တွင် သြစတေးလျ အမျိုးသားတက္ကသိုလ်မှ ကင်ပလာဂေါမန်းနှင့် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအဖွဲ့ တို့ရောက်ရှိ သုတေသနပြုခဲ့ပါသည်။ ထို့ကြောင့် အလည်လာသူ ဘုရားဖူးများသာမက သုတေသန စိတ်ဝင်စားသူများအတွက်ပါ အထောက်အကူပြုစေသော နေရာတစ်ခုလည်း ဆိုနိုင်သည်။

    ရှေးဟောင်းကော့ဂွန်းဂူသည် ဘုရားဖူးဧည့်သည်များအတွက် အလွန်စိတ်ဝင်စားဖွယ် နေရာလေးတစ်ခုလည်း ဖြစ်သည်။ ကော့ဂွန်းဂူဘုရားသို့ အလည်လာရင်း ကရင်ပြည်နယ်၊ ဘားအံတစ်ခွင် အခြားဂူဘုရား၊ စေတီများသာမက မွန်ပြည်နယ်ဘက်ရှိ တန်ခိုးကြီးဘုရားများသို့လည်း သွားရောက်လည်ပတ်နိုင်မည်။ အလည်လာသူ ဘုရားဖူးဧည့်သည်များ စိတ်ချမ်းမြေ့မှာ အမှန်ပင်။ ထို့ကြောင့် ကော့ဂွန်းဂူတော်ကြီးသို့ လာရောက်လည်ပတ်နိုင်ရန် လမ်းညွှန်လိုက်ရပါသည်။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,600SubscribersSubscribe
    spot_img

    Latest posts