spot_img
Sunday, April 21, 2024
More
    spot_img
    Homeဆောင်းပါးလွမ်းမိနေသောငယ်ဘ၀ အပိုင်းအစလေးများ

    လွမ်းမိနေသောငယ်ဘ၀ အပိုင်းအစလေးများ

    -

    ရေးသားသူ-မောင်နောင်မွန်

    မိုးတွေလေတွေနည်းနည်းကျလာပြီဆို ငယ်ဘဝကိုလွမ်းမိတယ်။ ငယ်ဘဝဆိုတာအပြစ်ကင်းစင်တယ်လို့လူကြီးတွေက ပြောကြတာဆိုတော့ ကျွန်တော်တို့ရဲ့ငယ်ဘဝကလည်း အပြစ်ကင်းစင်ခဲ့တယ်ပေါ့။ လူကြီးတွေပြောတဲ့ စကားကလည်း မှန်တယ်ဗျ။

    “ကလေးဘဝမှာပျော်အောင်နေပါ အသက်ကြီးလာရင် စိတ်ညစ်စရာတွေဘဲရှိတယ်တဲ့” အဲစကားကတော့မှန်တယ်ဗျ။ ကျွန်တော်တို့လိုတောမှာမွေး တောမှာကြီးတဲ့သူတွေအတွက်တော့ ငယ်ဘဝကအမှတ်တရတွေပျော်စရာအတိ လွတ်လပ်မှုအတိ လွမ်းမောစရာအတိပေါ့။

    ကျွန်တော် ငယ်ငယ်တုန်းကဆိုစိတ်ပူစရာသိပ်မရှိဘူးရယ် ။ ပူစရာဆိုလို့ ငယ်ငယ်ကစာမရရင်ရိုက်တတ်တဲ့ ဆရာဘယ်ကျော်ကြီးဘဲရှိတာ။ သူက ကျွန်တော်တို့ငယ်ငယ်တုန်းက အင်္ဂလိပ်စာသင်တာ။ တနေ့အိမ်စာပေးထား နောက်နေ့ပြန်မေးလို့မရရင် ထိပ်ခေါက်တော့တာဘဲ။ ပြီးရင်တော့ဆရာက ပုံပြင်တွေဘာတွေပြောပြတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းကဆို ကျူရှင်တွေကခုလိုခေတ်မစားသေး။ ကျွန်တော်တို့ရွာမှာဆို ကြားတောင်မကြားဖူးတာ။ ကျူရှင်ဆိုတာ စာသင်ဝိုင်းသေးသေးလေးတစ်ခုလို့ ကျောင်းကအင်္ဂလိပ်ဆရာမ မီးနင်းသင်တုန်းပြောပြတာဘဲ ကြားဖူးတာ။

    အဲတော့ ကျွန်တော်တို့ငယ်ငယ်ကဆို ကျောင်းလွှတ်ပြီးဆိုတာနဲ့ လွတ်အိတ်ချပြီ ဆော့ကြတာဘဲ။ ဖန်ခုန်တန်း၊ ထုပ်ဆီးထိုးတန်း၊ အိုးပုတ်တန်း၊ တူတူပုန်းတန်းစုံနေတာပေါ့။ ခုခေတ်လို ဖုန်းတွေကလည်း သိပ်မပေါသေးတော့ ဂိမ်းတွေဘာတွေလဲမဆေ့ာတတ်သေးတော့ အပေါ်က ကစားနည်းတွေဆို သေအောင်ဆော့ကြတော့တာပါဘဲ။ ဒါကြောင့်ဖြစ်မယ်ထင်တယ် ကျွန်တော်တို့မျိုးဆက်တွေ အရွယ်ရောက်လာတော့ နည်းပညာပိုင်းမှာ အားနည်းကြတယ်။

    ညနေဘက်အိမ်ကလူကြီးတွေမအော်မခေါ်ချင်းအိမ်မပြန်တာ။ အိမ်ရောက် ရေမိုးချိုးပြီး ညစာ စားပြီးရင်တော့ အိမ်စာတွေ ကျောင်းစာတွေ ကိုယ်တိုင်လုပ်ရတာဘဲ။ အိမ်မှာ ဂိုက် ဆရာဆိုတာဝေးလာဝေး။ အိမ်မှာစာစစ်ပေးတဲ့သူရှိရင် အတော်ကံကောင်းတဲ့ခေတ်။ ခုခေတ်လို နေ့ဂိုက်ညဂိုက်တွေမရှိတော့ ကိုယ့်အားကိုယ်ကိုးတတ်သွားတာပေါ့။

    ပြီးရင်အိမ်ရှေ့က အဘိုးနားစုပြီး ရေဒီယိုနားထောင်ကြတော့တာပါဘဲ။ အဘိုးပိုင်တဲ့ရေဒီယိုက တရုတ်ထုတ်။ ဘီဘီစီ အာအက်ဖ်အေ ဗွီအိုအေ တို့ဖမ်းလို့ရတဲ့ရေဒီယို၊ ဒါပေမဲ့တခါမှအဘိုးက ဖမ်းပီးနားမထောင်ဘူး။ (ကျွန်တော်လဲဒီအရွယ်ရောက်မှဖမ်းပီးနားထောင်ရမယ်မှန်းသိတာ) အဘိုးက အဓိက မိုးလေဝသ သတင်းနားထောင်တယ်။ ဒါပေမဲ့ မိုးလေဝသ သတင်းက ညနေခင်းသတင်းအပြီးမှလာတော့ ညနေခင်းသတင်းပါနားထောင်ရပြန်ရော။

    သတင်းမှာတော့ ကာကီဘောင်းဘီရောင်နဲ့စစ်ရနံ့တွေနဲ့ တိုင်းခန်းလှည့်လည်ခန်းတွေ တသီတတန်းကြီးနားထောင်ရတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ နိုင်ငံတကာသတင်းပြီးခါနီးကျရင်လာတဲ့ “BBC လိမ်နေသည်VOA ညာနေသည်RFA ရန်တိုက်ပေးနေသည်DVB သွေးထိုးပေးနေသည်ခလောက်ဆံ အကောက်ကြံ လေလှိုင်းပေါ်ကလူသတ်သမားနားမယောင်လေနဲ့သတိထား”ကြွေးကြော်သံကြီးများနဲ့ ဘောလုံးသတင်းတွေဘဲ။ ကလေးဆိုတော့အဲလိုသတင်းတွေဘဲ နားထောင်ချင်တာကိုး။

    အဲချိန်တုန်းကနိုင်ငံတကာသတင်းလေးတွေလည်း နည်းနည်းပါးပါးစလွင့်နေပြီ။အမေရိကန်တွေကအီရတ်ကိုစတိုက်နေပြီ။ ဘဂ္ဂဒက်မြို့မှဝုန်းဒိုင်းကျဲနေပြီး။ အဲလိုသတင်းတွေဆိုအရမ်းသဘောကျတာပေါ့။ ကလေးဘဝမှကစားရင်တောင် စစ်တိုက်တမ်းကစားခဲ့တော့ အဲလိုစစ်သတင်းတွေနားထောင်ရရင်တော့အရမ်းကိုစိတ်အားထက်သန်တာပေါ့။ ပြီးရင်မိုးလေဝသ သတင်းလာတယ်။ အဘိုးက ဒီကသတင်းတွေနားထောင်ပြီး လယ်အတွက်စီစဉ်စရာရှိတာစီစဉ်ရတာကိုး။

    ငယ်ဘဝကိုပြောရင် လွမ်းမိတဲ့အရာကအများကြီးပါ။ ခုလိုစိတ်ဖိစီးမှုမရှိဘူး။ စီးပွားရှာစရာမလိုဘူး။ မလိုဘူးဆို ကျွန်တော်ငယ်ငယ်ကအိမ်မှာ အမေက အစိုးရဝန်ထမ်း ထွေအုပ်ရုံးက စာရေးမတစ်ယောက်။ ဒါတောင် အမေ့လခက တအိမ်လုံးစားလောက်တယ်။ ဒါတောင်ခုခေတ်လိုအောက်ဆိုဒ်ဆိုလား ဘာလား မပါဘူး။ လခသက်သက်။ ဒါတွေပါလုပ်ရင်တော့ ကျွန်တော်တို့ ကားပါစီးနေပြီ။ အဖေနဲ့အဖိုးက လယ်လုပ်ငန်းကိုပဲမိရိုးဖလား လုပ်ကြတာ။ မိုးကုန်ဆောင်းကူးရင်တော့ လယ်လုပ်ငန်းတွေပြီးတဲ့အချိန်ရတဲ့ငွေကြေး တွေကတော့ အသားတင်စုတာဘဲ။ ရွာမှာဆိုကျွန်တော်တို့က ငွေကြေးပြည်စုံတဲ့ထဲမှာပါတယ်။

    တစ်ယောက်လုပ်ရင် တအိမ်လုံးစားလို့ရတယ်။ ခုလိုတော့ အိမ်သားတွေအားလုံးနီးပါးလုပ်တာတောင် တော်ရုံမစုမိချေ။ ယိုးဒယားဘက်ရောက်နေတဲ့ ကျွန်တော့်အစ်ကိုတစ်ယောက်ပြောနေကျစကားတစ်ခွန်းတော့အမြဲကြားယောင်မိတယ်။ ဒါကတော့ ” တို့ရွာမှာကွ နေ့တိုင်းဝင်ငွေရတဲ့အလုပ်လေးရှိရင်ပြန်လာတယ်ကွ။ ဟိုသူများနိုင်ငံမှာဘယ်နေချင်ပါ့မလဲ။ အလုပ်ကပုံမှန်မရှိတော့ ငါတို့လဲရေကြည်ရာပြောင်းရတာပေါ့ကွာ” ဟုအခုတလောဖုန်းဆက်တိုင်းညည်းညူးသံတွေကြားနေရတယ်။ ဒါတော့ကွာသွားတယ်။
    ငယ်ငယ်ကဆို ကျွန်တော်တို့ရွာဘက်မှာအမြဲတမ်းကြားနေရတာကတော့ စက်မှုလယ်ယာနဲ့ တစ်ဧက တင်းတစ်ရာ ထွက်ရေးဘဲ။

    ကျွန်တော်တို့ရွာက တောင်တန်းနဲ့ပင်လယ်ကြားမှာရှိတဲ့ရွာတစ်ရွာပါ။ တောင်တန်းကြီးရဲ့ဘေးမှာ အဝေးပြေးလမ်းမကြီးရှိတယ်။ ဟိုးအင်္ဂလိပ်မင်းလက်ထက်ကတည်းက ဖောက်ထားတဲ့လမ်းမကြီး။ ခုတော့ အာရှလမ်းမကြီးဆိုလား ခေါ်နေကြတာ။ ရွာရဲ့အနောက်ဘက်မှာကရထားလမ်းရှိတယ်။ အဲအနောက်မှာတော့ကျယ်ပြန့်တဲ့လယ်ကွင်းစိမ်းစိမ်းကြီးတွေရှိတယ်။ အဲကနေဆက်သွားရင်တော့ ပင်လယ်ကမ်းခြေကိုရောက်တယ်။ဒါကတော့ ကျွန်တော်တို့ရွာရဲ့ပထဝီဝင်မြေပုံပေါ့။

    ခုထိလည်းဒီပုံစံပါဘဲ။ ဒီမြေပုံပါဘဲ။ တောင်တန်းကြီးလဲရှိတယ်။ ပင်လယ်ပြင်ကြီးလဲရှိသေးတယ်။ ပြောင်းတာတော့ တောင်တန်းတွေပေါ်က သစ်ပင်စိမ်းစိမ်းတွေသိပ်မတွေ့ရတော့ဘဲ အရင်တုန်းကလောက်မိုးတွေသိပ်မမှန်တော့တာပါဘဲ။ လယ်ကွင်းတွေကတော့မိုးရာသီဝင်ပြီဆိုရင်တော့ လူတွေနဲ့စည်ကားစပြုနေတာပါဘဲ။ မိုးဦးကျပြီ ကောက်စိုက်ချိန်ဆို ကျွန်တော်တို့ရွာက လယ်တွေဆီကို ကားမဲမဲတွေနဲ့လာပြီတော့ ဖဲကြိုးတွေဖွင့်ကြတာ။ ကောက်စိုက်သမတွေကို ထမင်းကျွေးမုန့်ဖိုးပေးပေါ့။ ပြီးရင်ဆိုင်းဘုတ်တွေထောင်ကြ။ စံပြစိုက်ကွက်၊ တစ်ဧက တင်းတစ်ရာထွက်သည် ဘာညာပေါ့။

    ခုတော့လည်းကောက်စိုက်ချိန်ဆို ရွာကလူတွေကသိပ်မရှိတော့။ လယ်ပိုင်ရှင်တွေအတွက်ကောက်စိုက်ချိန်ဆိုကောက်စိုက်သမားတွေရှာရတာအလုပ်တခုဖြစ်နေတာပေါ့။ ရွာမှာမိုးဦးကျချိန်ကောက်စိုက်ပြီးရင်အလုပ်လက်မဲ့ပြန်ဖြစ်မဲ့အတူတူ အားလုံးကတော့ ဟိုဘက်အိမ်နီးချင်းနိုင်ငံဘက်ဘဲအလုပ်တွေသွားလုပ်ကြတာပေါ့။ ခုတော့ ကောက်စိုက်ချိန်ဆို တခြားအရပ်ကလူတွေငှားနေတာပေါ့။

    ကျွန်တော်တို့ကလေးတွေကတော့ မိုးလေးနည်းနည်းစွေတာနဲ့ ရွာထိပ်ကဘောလုံးကွင်းဆီ ရောက်တာဘဲ။ နွေမိုးဆောင်း ရာသီသုံးခုမှာ မိုးရာသီက အားကစားသမားအကြိုက်မဟုတ်လား။ သူငယ်ချင်းတွေစု ဘောလုံးကန်ကြတာဘဲ။ မောမှ မမြင်ရတော့မှတော်တာ။ကျွန်တော်တို့အချိန်ကဆို ရွာလက်ရွေးစင်ဘောလုံးအသင်းက မြို့နယ်မှာ ချန်ပီယံဘဲ။ လူကြီးအသင်းရော၊ကျွန်တော်တို့ကလေးအသင်းရောဘဲ။

    ခုတော့ အဲလိုမဟုတ်တော့။ အသက်က တစ်ဆယ်ကျော်လာရင် ဆေးလိပ်လေးမြည်းစမ်းလိုက်၊ဟိုဟာလေး မြည်းစမ်းလိုက်နဲ့ကလေးတွေက ပျက်စီးစပြုနေပြီ။ အသက် တဆယ့်လေး တဆယ့်ငါးလောက်ဆိုရင်တော့ လူငယ်အများစုဟာဆေးသမားတွေဖြစ်နေကြပြီ။ လူငယ်တွေလက်ကြောမတင်းချင်တော့။ အနာဂတ်အကြောင်းတွေမပြောချင်တော့။ တခါတခါကျွန်တော်စဉ်းစားမိတာက သူတို့အပြစ်ပြောလို့လဲမရပေ။

    ခုခေတ်ကျွန်တော်တို့ရွာက ကလေးတွေအများစုက ငယ်ငယ်လေးကတည်းက အဘိုးအဘွားတွေနဲ့နေကြတာများတယ်။ မိဘတွေက ဒီဘက်ကိုယ့်နိုင်ငံကိုယ့်မြေမှာ လုပ်စားရမလွယ်တော့ ဟိုဘက်အိမ်နီးချင်းနိုင်ငံမှာ ရေကြည်ရာမြက်နုရာတွေရှာကြရတယ်။ အဘိုးအဘွားတွေက အသက်ကြီးတော့ မြေးတွေကိုမထိန်းနိုင် မဆုံးမနိုင်တော့ ချစ်ရာကနေ နှစ်သလိုဖြစ်သွားကြသည်ကအများသာ။ အဲတော့ ကျွန်တော်တို့ရွာမှာ လူငယ်ပညာတတ်တွေနည်းလာတယ်။ ဆေးသမားလေးတွေများလာတယ်။ လေလွင့်ကလေးတွေများလာတယ်။

    ငယ်ဘဝရဲ့မိုးရာသီနေ့ရက်တွေကို ပြန်ခြစ်ပြန်ဖော်ကြည့်ရင်တော့ ရွာဘေးကတောင်ကျချောင်းလေးတွေကလည်း တစ်စိတ်တစ်ဒေသပါမှပြည်စုံမယ်ထင်တယ်။ ရွာရဲ့အရှေ့ဘက်မှာတောင်ညိုတောင်တန်းကြီးရှိတယ်။ အဲဒီမှာက ခဲမဖြူတို့အဖြိုက်နက်တို့ထွက်တယ်။ အရင်တုန်းကပေါ့ ခုတော့မထွက်တော့။ မိုးရာသီဆိုရင်တော့ အဲတောင်ပေါ်က တောင်ကျချောင်းရေတွေက ရွာဘေးကဖြတ်စီးပီး ရွာနောက်ကချောင်းထဲစီးဝင်တာ။ အဲကနေ ပင်လယ်ထဲကိုစီးဝင်သွားတာ။ အဲဒီချောင်းကိုပိတ်ပြီးတမံလုပ်ထားတယ်။ အဲဒီရေတွေက မြေအောက်ရေစီးကြောင်းကတဆင့်တရွာလုံးကိုအကျိုးပြုတယ်။ လူကြီးတွေက သုံးနှစ်တစ်ခါလောက်အဲတမံကိုဖွင့်တယ်။ အဲလိုနှစ်တွေဆို နွေရာသီ တပေါင်း တန်ခူးဆို ရွာကရေတွင်းတိုင်းနီးပါးခမ်းကြတာဘဲ။

    ကျွန်တော်တို့သူငယ်ချင်းတစ်စုမိုးရေထဲဘောလုံးကန်ပြီးရင် ဒီချောင်းထဲဒိုင်ဗင်ထိုးဆင်း ရေကူးကြတာဘဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကိုယ်လက်လှုပ်ရှားမှုတွေ အားကစားတွေကတော့ အများကြီးလုပ်ရတယ်။ ကျွန်တော်တို့တွေ ကိုယ်ခန္ဓာဖွံ့ဖြိုးတာ ဒါတွေကြောင့်လဲပါမယ်ထင်တယ်။ ခုခေတ်ကလေးတွေလို အိမ်ထဲမှာတကုပ်ကုပ်နဲ့ တီဗွီဂိမ်းတွေဆော့ ကျူရှင်စာတွေနဲ့ပိနေတော့ ချူနာရှိုက်ကုန်းတွေဖြစ်ကုန်ရော။

    ခုခေတ်ကလေးတွေကတော့ ဆော့ကစားချိန်တွေအရမ်းနည်းပါးတယ်။ နေရာတွေကလည်းမရှိတော့တာပါတယ်။ ရွာရှေ့မှာ အထပ်သားစက်ရုံတွေတည်လိုက်တော့ အဲဒီကစွန့်ပစ်ပစ္စည်းနဲ့ ရွာဘေးကစမ်းချောင်းလေးလည်း အရင်တုန်းကလို မကြည်လင်တော့ဘူး။ နောက်နေတယ်။ ပြီးတော့က ရေက သစ်သားပုပ်နံ့တွေနံနေတော့ ကူးစရာမကောင်းတော့။ အရင်တုန်းကကျနော်တို့ရွာကရေတွင်းတွေကကြည်စိမ်းနေတာပေါ့။ သောက်ရေသုံးလို့ရတယ်။ခုတော့ ကျွန်တော်ရွာမှာလည်း ရေသန့်ဘူးတွေခေတ်စားလာတယ်။

    ငယ်ငယ်ကအကြောင်းတွေပြောရင်တော့ တောင်ပုံရာပုံတွေပေါ့။ ပျော်စရာကောင်းတယ်။ ရွာဓလေ့ တောဓလေ့တွေဆိုတော့ ကြည်နူးစရာကောင်းလွန်းတယ်။ ကျွန်တော်တို့ရွာလေးလည်း တချို့အရာတွေပြောင်းလဲကုန်တာကလွဲရင် ခုချိန်ထိတော့ ရွာက ရွာဆန်နေတုန်းဘဲ။ ရွာမှာက သက်ကြီးရွယ်အိုးတွေနဲ့ ကလေးတွေဘဲအများကြီးရှိတယ်။ အလုပ်လုပ်နိုင်တဲ့အရွယ်တွေက သိပ်မရှိကြ။ အဘိုးအဘွားတွေက မြေးတွေထိန်းပြီးကျန်ခဲ့ကြတာ။ မနက်လေးနာရီ ရွာဦးကျောင်းကအုန်းမောင်းခေါက်သံကြားရင် တရွာလုံးနီးပါးအိပ်ယာကထကြတုန်း။ ရာသီကိုလိုက်ပြီးအလုပ်လုပ်ကြတာပေါ့။

    ခုလိုမိုးရာသီ မိုးဦးကျပြီဆို နွားတွေပြင် ထွန်စက်တွေပြင်ကြ။ လယ်ထွန်ဖို့ပြင်ကြပေါ့။ ဆောင်းရာသီ နှင်းတွေကျရင်တော့ စပါးနှယ်ဖို့ပြင်ကြ ကောက်ရိတ်ဖို့ပြင်ကြ။ နွေရာသီဆိုရင် ရွာအရှေ့က ရာဘာခြံတွေဆီသွားဖို့ပြင်ကြ။အာရုံတက်ချိန်ဆွမ်းလောင်းပြီးရင်တော့ အလုပ်တွေဆီသွားကြတယ်။ ရွာမှာကအဲလိုတွေ။ ညနေသုံးနာရီလောက်ဆို ညနေစာစားကြပြီး။ ပြီးရင်တော့ အိမ်ရှေ့ ကွပ်ပျစ်ပေါ်ထိုင်ကြ။ ရေဒီယိုတွေစုနားထောင်ကြ။ စကားတွေပြောကြပေါ့။ အဲချိန်ကတော့သက်ကြီးစကားသက်ငယ်ကြားချိန်ပေါ့။ သူတို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေပြောကြ။ တခါတလေ ရွာရဲ့ပါးစပ်ရာဇဝင်တွေပြောကြ။ ဒီလိုဘဲ လက်ဆင့်ကမ်းကြတာပေါ့။ ညခုနစ်နာရီ ရှစ်နာရီလောက်ဆို ညအိပ်ယာဝင်ကြပြီး။ ညဘက်ဖွင့်တဲ့လက်ဖက်ရည်ဆိုင်တွေ ရွာမှာမရှိ။ ဘီယာဆိုင်မရှိ။ ရွာအလယ်က ကိုရင်သာအေးရဲ့ ထန်းရည်ဆိုင်နဲ့ တောအရက်ဆိုင်ကတော့ခုထိရှိတုန်း။ ရွာထဲမှာတစ်ဆိုင်တည်းမင်းမူနေတုန်း။

    ခုနောက်ပိုင်းရွာထိပ်မှာစက်ရုံတည်တော့ အဲနားမှာ ဖွင့်ထားတဲ့ဘီယာဆိုင်လေးတစ်ဆိုင်နှစ်ဆိုင်တော့ရှိနေပြီး။ ဘိလိယက်ခုံတွေရှိလာတယ်။ လွန်ခဲ့သော ငါးနှစ်ခန့်လောက်က အစိုးရလျှပ်စစ်မီးကို ကိုယ်ထူကိုယ်ထလုပ်ကြတော့ လမ်းဘေးမှာ ဓာတ်မီးတိုင်တွေက အစီအရီတော့ရှိပါဘဲ။ လျှပ်စစ်မီးလာတဲ့ညတွေဆို လမ်းတွေလင်းထိန်နေရော။ ဘီယာဆိုင်တွေပေါ်လာပြီးတဲ့နောက်ပိုင်းရွာကလူငယ်တွေဆေးသမား၊အရက်သမားဖြစ်လာကြတာ တခုဘဲရှိတယ်။ ထိုအရာတွေကလွဲရင်တော့ ကျွန်တော်တို့ရွာက ရွာဆန်နေတုန်း။ ပြန်ရောက်တိုင်းငယ်ဘဝကို လွမ်းမိနေတုန်း။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,500SubscribersSubscribe
    spot_img

    Latest posts