spot_img
Friday, May 17, 2024
More
    spot_img
    Homeဆောင်းပါးအသီးလှလှ ပိုးကင်းပါစ

    အသီးလှလှ ပိုးကင်းပါစ

    -

    ရေးသားသူ- ကမ်လူဝေး

    အိမ်အပြင်ကိုလှမ်းကြည့်မိတော့ မိုးရွာပြီးစ။ လှမ်းမြင်နေရသော သစ်ပင်များကား စိမ်းစိမ်းစိုစို။ အရွက်ဖားဖား။ တချို့တလေကား ရွက်နုလေးများ ထွက်လို့နေသည်။ အတွေးများ ဆန့်ကြည့်လိုက်သောအခါ အပွင့်တွေပွင့်ပုံ၊အသီးတွေသီးလာပုံကို ကြည်နူးစရာ မြင်ယောင်လာပြန်သည်။ ထိုကြည်နူးမှုက ကြာကြာမခံ။ ပွင့်လာသော အသီးအပွင့်များမှာ “ပိုးမှကင်းပါလေစ” ဆိုသော အတွေးကြောင့် ကြည်နူးမှုများ လေထဲပျောက်သွားရပြန်သည်။

    အပင်တစ်ပင်ပေါ်တွင် လှပသော အပွင့်၊ အသီးများ ဖြစ်ထွန်းလာဖို့ရန် ဂရုတစိုက် ရေလောင်းပေါင်းသင် ပိုးကင်းစင်အောင် ပြုလုပ်ပေးရမည် မဟုတ်ပါလား။ ဟုတ်ပါသည်။ သစ်ပင်တစ်ပင်မှ အသီးကောင်းကောင်းသီးဖို့ သစ်ပင်သည် အမျိုးကောင်းပြီး၊ သန်စွမ်းဖို့ လိုပါသည်။ ထိုသို့သန်စွမ်းသော အပင်တစ်ပင်ဖြစ်ရန် ကောင်းမွန်ခိုင်မာ မှန်ကန်သော ရေသောက်မြစ်များသည် အရေးကြီးလှပါသည်။ ရေသောက်မြစ်ကောင်းကောင်း အရွက်စိမ်းစိမ်းများ၏ပေါင်းစပ်မှုဖြင့် လှပသော အပွင့်အသီးများ ပေါက်ဖွား ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ သီးလာသော အသီးတွေကား ခပ်ကြီးကြီးအလုံးလှပါ၏။ အတွင်းမှာတော့ ပိုးစားနေသည်ဟုဆိုလျှင်ကား ဝမ်းနည်းစရာ။

    သစ်ပင်တစ်ပင်မှ အသီးများသီးလာသည်နှင့် အလားသဏ္ဍန်တူစွာပင် တိုးတက်ထူးချွန်အောင် ပြုစုပျိုးထောင်ပေးခံရသော ကလေးများကား ဖူးပွင့်လာသောအသီးများနှင့် တူပါသည်။ ထိုသို့သော ကလေးငယ်များ ပေါ်ပေါက်လာရန်မှာ သစ်ပင်နှင့်တူသော ခိုင်မာကောင်းမွန်သည့် ပညာရေးစနစ်ရှိရန် လိုအပ်မည်ဖြစ်ပါသည်။ ထိုသစ်ပင်နှင့်တူသော ပညာရေးစနစ်ရှင်သန်ရန်အတွက် ရေသောက်မြစ်နှင့်တူသော မိဘများ၏ ပံ့ပိုးမှု ဆရာဆရာမများ၏ သွန်သင်မှုတို့မှာ မလွဲမသွေ မရှိမဖြစ် လိုအပ်မည်ဖြစ်ပါသည်။

    Photo-အသီးလှလှများ(Internet)

    ထို့အတူ ကလေးငယ်လေးများကို တိုးတက်ထူးချွန်အောင် ပြုစုပျိုးထောင်သောနေရာတွင် လူအထင်ကြီးအောင် အမြင်ကောင်းအောင်သာ ပျိုးထောင်ပြီး ပိုးကိုက်ခြစားနေသော စိတ်ဓာတ်များ ထည့်ပေးလိုက်ကြမည်ဆိုပါလျှင် အနာဂတ်သည် ရင်လေးစရာပင်ဖြစ်သည်။

    ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများသည် လက်ဦးဆရာမိဘများ၏ ပံ့ပိုးကူညီမှု ဆရာ၊ ဆရာမများ၏ လမ်းညွှန်သွန်သင်မှုများဖြင့် ကြီးထွားလာအောင် ပြုစုပျိုးထောင်ပေးကြရသည် မဟုတ်ပါလား။ ထိုသို့ပြုစုပျိုးေထာင်ကြသည့် နေရာတွင် ရလိုမှုတစ်ခုကို အရင်းပြု၍ မရိုးမသားအခွင့်အရေးများကို ရယူဖို့ သွန်သင်ခဲ့ကြမည်ဆိုလျှင် ထိုကလေးအတွက် ကောင်းနိုင်ပါမည်လား။ လက်တွေ့ဘဝတွေမှာတော့ ဒီလို အခြေအနေမျိုးတွေကမရှား။

    ထိုမရှားသော အဖြစ်အပျက်များမှ အဖြစ်တချို့ကို ပြောပြချင်မိပါသည်။ စတုတ္ထတန်း ကျောင်းသားလေးများ၏ စကားဝိုင်းတစ်ခုတွင် ဖြစ်ပါသည်။ ရောက်တတ်ရာရာပြောကြရင်း စာမေးပွဲအကြောင်း ဆုရကျောင်းသားများအကြောင်း ပြောဖြစ်ကြသည်။ ထိုအခါ အလိုအလျောက် သူတို့အတန်းဖော် နှစ်စဉ်ပထမဆုရသည့် ကျောင်းသားအကြောင်း ရောက်သွားကြလေသည်။ တစ်ယောက်ကပြောသည်။ “ဒီကောင်က အတန်းထဲမှာ ဆရာမကအပြင်ထွက်ပြီး စာကူးခိုင်းရင်၊ ဒါမှမဟုတ် သ သင်္ချာပုစ္ဆာတွေ တွက်ခိုင်းရင် အမြဲတမ်းမှားပြီး အမြဲတမ်းလွဲပေမဲ့ အံသြစရာကောင်းလောက်အောင် စာမေးပွဲမှာ တစ်ခါမှမမှားဘူး။ သူငယ်တန်းကနေ အခုစတုတ္ထတန်းအထိ သင်္ချာစာမေးပွဲ ဆယ့်ငါးခါလောက်ရှိပြီ။ စာမေးပွဲဆို သူကအမြဲတစ်ရာပဲ။ သူက တစ်ရာကောင်ပေါ့။ မထူးဆန်းဘူးလား။ အေး–ဟုတ်တာပေါ့။ ထူးဆန်းတယ်” ဟု အားလုံးကတညီတညွတ်။ တစ်ယောက်ကဝင်ပြောသည်။ “သူ့အမေက ဆရာမတွေနဲ့သိပ်ခင်တာ ဆိုတော့” အားလုံး ခေါင်းတညိမ့်ညိမ့်။ စတုတ္ထတန်းအရွယ် ကျောင်းသားငယ်များဖြစ်သော်လည်း လွဲမှားမှုကို သိမြင်တတ်ကြပါသည်။ သို့သော် လွဲမှားမှုမှာ ဘာဆိုသည်ကို လက်ဆုပ်လက်ကိုင် မပြတတ်ကြပါ။ ပထမဆုရ ကျောင်းသားမှာ သူ့အရှိန်နှင့်သူ ဆက်လက်ချီတက်နေဆဲဖြစ်၍ သူ့မိဘများမှာလည်း ဂုဏ်ယူပျော်ရွှင်နေဆဲဖြစ်ပါသည်။

    အလယ်တန်း ပညာသင်ကြားနေသော စာသင်ခန်းတစ်ခုတွင် ဖြစ်ပါသည်။ ဆရာမက အတန်းသားများကို ဆုံးမနေသည်။ “မင်းတို့တွေက ကျောင်းနေ့တိုင်းမှန်မှန်တက်ပြီး မှတ်စုစာအုပ်မှာ စာတွေပြည့်စုံအောင် မရှိကြဘူး။ ပြောလိုက်ရင် မသင်ရသေးဘူး။ သင်ပြီးပြီနဲ့ အမျိုးမျိုးပြောတယ်။ သင်သင်၊ မသင်သင် စာတွေကိုပြည့်စုံအောင် လုပ်ရမှာပေါ့။ တခြားမြို့မှာ ထူးချွန်ဆုသွားဖြေနေရလို့ ကျောင်းတွေပျက်နေရတဲ့ ကျောင်းသားမှာတောင် စာတွေပြည့်စုံတယ်။ တစ်တန်းလုံး သူ့ကိုအတုယူကြလို့” ဆုံးမသည်။ ထိုင်နားထောင်နေကြရသော ကျောင်းသားများထဲမှ တစ်ယောက်က တိုးတိုးလေးပြောသည်။ “သူ့စာအုပ်မှာ စာမရှိလို့ ဘယ်စာအုပ်မှာ စာကရှိရမှာလဲ။ ဆရာမပဲအစအဆုံး ကူးပေးထားတဲ့ဥစ္စာ။” နောက်တစ်ယောက်မှ ထပ်ပြောပြန်သည်။ “ဒီကောင်က တခြားမြို့ကို လူပဲသွားတာကွ။ သူ့ဝိဉာဉ်ကိုတော့ ကျောင်းမှာထားခဲ့တာ။ ဘာလုပ်ဖို့လဲ။ ဘာလုပ်ဖို့ရမှာလဲ စာကူးဖို့ပေါ့လို့” ပြောတော့ အားလုံး၏ကျိတ်ရယ်သံ ထွက်လာသည်။ ဘာမှန်းမသိလိုက်သည့် ဆရာမမှာ မျက်မှောင်ကုတ်၍ ကြည့်နေသည်။ မရိုးဖြောင့်မှု၊ မမျှတမှု၊ ကျိုးကြောင်းမဆီလျော်မှုတွေ ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ကျောင်းသားလေးများ၏ ဘဝများတွင် ဖြတ်သန်းနေဆဲ ဖြစ်ပါသည်။

    တတိယတန်း စာသင်ခန်းတစ်ခုတွင် ပညာရည်ချွန် ဆုပေးပွဲအတွက် ဖိတ်စာပေးသည်။ ဖိတ်စာရသော ဆုရကျောင်းသားအား အတန်းသားများ ဝိုင်းထားလိုက်ကြပြီး တစ်ယောက်တခွန်း ပြောကြမေးကြပါတော့သည်။ တစ်ယောက်ကမေးသည်။ “နင်ကဆုရ ရအောင် အစမ်းစာမေးပွဲတွေက အမှတ်တွေပေါင်းရင် နင့်ထက်များတဲ့သူတွေ တပုံကြီး။ အစမ်းစာမေးပွဲ တစ်ခါလည်း ဖြေမထားဘူး။ အစမ်းစာမေးပွဲ အားလုံးစုံအောင်မဖြေရင် ဆုကရတတ်လား။ ဖြေစမ်းပါဦး” ဟုမေးသည်။ ဆုရကျောင်းသားမှာ ခေါင်းတခါခါ၊ လည်တခါခါဖြင့် “ငါအမှတ်များတာ ပျမ်းမျှလုပ်တာ။ အဲဒါဘယ်သူပြောလဲ” ဟုတစ်ယောက်ကဝင်မေးပြန်သည်။ ထိုအခါ ဆုရကျောင်းသားက “ငါ့အမေပြောတာ” ဟုဆိုသည်။ “နင့် အမေ ပြောတာဆိုရင် နင်ဆုရအောင် နင့်အမေ ဘယ်လိုလုပ်လိုက်တာလဲဆိုတာ မနက်ဖြန် သေသေချာချာမေးခဲ့။ ငါတို့လည်း ငါတို့အမေတွေကို မေးခဲ့မယ်” စကားဝိုင်းပြီးသွားတော့ ဆုရကျောင်းသားမှာ သူရသောဖိတ်စာကို ဘေးမှသူငယ်ချင်းများမမြင်အောင် ခိုးကြည့်ရင်း တစ်ယောက်တည်း ကျေနပ်နေသည်။ သူ့အမေမှာ ပွဲတက်ဝတ်စုံချုပ်ခိုင်းထားသော အပ်ချုပ်ဆိုင်တွင် ဝတ်စုံကိုအစမ်းဝတ်ကြည့်ရင်း ကျေနပ်နေလေသည်။

    မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲ ဝင်ပြိုင်လိုသော ကျောင်းသူ၊ ကျောင်သားများ စာရင်းပေးရန် ဆရာမမှ စာရင်းကောက်သည်။ ဝင်ပြိုင်လိုသော ကျောင်းသူ၊ ကျောင်းသားများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ မည်သူမျှစာရင်းမပေးရဲ။ စာစီစာကုံးပြိုင်မည့်ရက် ကျောင်းတွင် အစမ်းစာမေးပွဲဖြေရမည်။ မည်သူမှစာရင်းမပေးရဲ။ စာရင်းပေးသူ တစ်ယောက်တည်း စာရင်းလာကောက်သောဆရာမထံတွင် တစ်ဦးတည်းသီးသန့် ကျူရှင်ယူနေသူ ကျောင်းသား။ အချိန်တန် ပြိုင်ပွဲတွင် ထိုကျောင်းသား ပထမဆုရသည်။ “စာစီစာကုံးပြိုင်ပွဲနေ့ အစမ်းစာမေးပွဲရက်နှင့် ဘာမှမဆိုင် တခြားစီ။ ဆရာမရေးပေးထားသော စာစီစာကုံးကို ကူးရေးပြီးပြိုင်ရတာတဲ့” ဟု ကျောင်းသားတစ်ယောက် သတင်းပို့သည်။ တခြားကျောင်းသားတစ်ယောက်မှ ဆရာကြီးလေသံနှင့် ဝင်ပြောသည်။ “ငါ့အဖေက ပြောတယ်။ ကိစ္စတွေက ဂွင်ရှိတယ်။ ဂွင်မသိရင် ဝင်မပါနဲ့တဲ့” အတန်းသားအားလုံး သေသေချာချာ တူညီသောကိစ္စက ဆုရကျောင်းသား၏ အရည်အချင်းကို အထင်မကြီးခြင်းပင်။ ကျူရှင်ဆရာမက ဆုရကျောင်းသား၏အမေကို ဆုရကျောင်းသား အလွန်တော်ကြောင်း ချီးမွန်းခန်းဖွင့်သည်။ အမေမှာတော့ မိဘသဘာဝ ပျော်ရွှင်ကျေနပ်နေသည်။

    နဝမတန်းကျောင်းသား သားဖြစ်သူမှ ဖခင်စာရေးဆရာကို ကဗျာတပုဒ်ရေးပေးဖို့ ပူဆာသည်။ ပြည်နယ်အဆင့် ကဗျာပြိုင်ပွဲဝင်ရန်ဖြစ်သည်။ ဖခင်ဖြစ်သူက ရေးပေးလိုက်သည်။ သားဖြစ်သူမှ ပျော်ရွှင်စွာကူး၍ ပြိုင်ပွဲဝင်ရန် ဆရာမ လက်ကိုအပ်လိုက်သည်။ စာရေးဆရာ၏ကဗျာ ခေါင်းစဉ်မှာ ဆုရသည်ဟု သတင်းထွက်လာသည်။ ဆုပေးပွဲနေ့ လည်ကတုံးအင်္ကျီအသစ်ဝတ်၍ စာရေးဆရာသား ဆုယူရန်သွားလေသည်။ ဆုပေးပွဲအပြီး စာရေးဆရာသား နဝမတန်းကျောင်းသားလေးမှာ မျက်ရည်စက်လက်ဖြင့် အိမ်ပြန်လာရလေသည်။ အဖေစာရေးဆရာမှ အဘယ်ကြောင့် မေးမြန်းရာ ဆုရမလာခဲ့ကြောင်း သိရသည်။ “ဆုမရလည်းဘာဖြစ်လဲကွာ” ဟု ဖခင်ကဖြောင်းဖြသည်။ “ဆုကဘယ်သူရသွားတာလဲ” မေးတော့ ထပ်ငိုပြန်သည်။ “အဖေရေးပေးတဲ့သားကဗျာက ပထမဆုရတယ်။ ဒါပေမဲ့ အဖေ့ကဗျာနဲ့ပြိုင်ပွဲဝင်တာက သားမဟုတ်ဘူးတဲ့။ သားတို့အတန်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့ သမီးက ကူးပြီးပြိုင်လိုက်တာတဲ့။ ပထမဆုက အခုသူရတာ။ ဒီလိုတော့ ဘယ်ရမလဲကွ။” စာရေးဆရာဒေါသထွက်သည်။ ထိုအချိန်အိမ်ထဲသို့ ကျောင်းမှဆရာမနှစ်ယောက် ရောက်လာသည်။ ဆုရကျောင်းသူမှာ ဆုကိုမက်သူမဟုတ်ကြောင်း၊ ရရှိသောဆုကြေးငွေကိုလည်း စာရေးဆရာသားအား ပေးခိုင်းလိုက်ကြောင်း ကျောင်းအနေဖြင့်ပိုမိုထူးချွန် သောကျောင်းသူကိုဆုရနိုင်ဖို့ မိမိကစီစဉ်ခဲ့မိပါကြောင်း ဆရာမတယောက်မှ ရေပက်မဝင်အောင်ပြောလေသည်။ နဂိုကတည်း သားဖြစ်သူကို ရှဲဒိုးကဗျာရေးပေးမိ၍ မလုံမလဲဖြစ်နေသော စာရေးဆရာမှာ ပြန်ပြောစရာစကားလုံး ရှားပါးလှသည်။

    နောင်နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်အကြာတွင် အလွန်တစ်ကိုယ်ကောင်းဆန်သော၊ အလွန်ကိုယ်ကျိုးရှာတတ်သော၊ အင်ဂျင်နီယာကြီးတစ်ယောက်သည် တိုင်းပြည်၏ အလွန်ကြီးမားလှသော ရာထူးတာဝန်များကို ဆုတ်ကိုင်ထားသည်ကို မြင်ရလျှင် အထူးတလည် အံ့သြရမည့်အခြေအနေ မဟုတ်ပါ။ ထို့အတူ ကျင့်ဝတ်မစောင့်သော၊ ငွေမက်သော၊ မျက်နှာပြောင်တိုက်တတ်သော ပါမောက္ခ ဆရာဝန်ကြီးတစ်ပါးနှင့်လည်း ဆေးကုခွင့် ကြုံရနိုင်ပါသည်။ သူတစ်ပါး၏ အသားကိုပင် လှီးယူဖို့ဝန်မလေးသော စီးပွားရေး လုပ်ငန်းရှင်ကြီးသည်လည်း စာသင်ခန်းထဲမှ ထွက်လာသူတစ်ယောက်ပင် ဖြစ်နေနိုင်ပါသည်။

    သစ်ပင်တို့မည်သည် အချိန်တန်လျှင် အသီးသီးကြရပါသည်။ ပညာရေးစနစ်သည်လည်း အချိန်တန်လျှင် ပညာတတ်များဟုခေါ်သော လူများကို မွေးထုတ်လိုက်ပါသည်။ အသီးလှလှများတွင် ပိုးကိုက်နေနိုင်သကဲ့သို့ စိတ်ဓါတ်ခြစားနေသော ပညာတတ်ဆိုသူများလည်း တွေ့ရမည်မလွဲပေ။ သစ်ပင်များကား စိမ်းစိမ်းစိုစို။ အသီးတို့ဝေဝေဆာဆာ။ ဤမိုး၊ ဤရေ၊ ဤလေ အောက်တွင် အသီးလှလှများ ပိုးကင်းနိုင်လိမ့်မည် မဟုတ်ပါ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,600SubscribersSubscribe
    spot_img

    Latest posts