spot_img
Monday, April 22, 2024
More
    spot_img
    Homeဆောင်းပါးလေယာဉ်ကိုစီး တောင်တန်းများဆီ

    လေယာဉ်ကိုစီး တောင်တန်းများဆီ

    -

    အိပ်ယာမှ နိုးလာ၍ မျက်လုံးဖွင့်လိုက်သောအခါ လူသည် နိုးနိုးကြားကြားနှင့် တစုံတခုအတွက် အဆင်သင့်ဖြစ်နေပုံရသည်။ တကယ်စင်စစ် ညက ကောင်းကောင်း အိပ်ပျော်ခဲ့သည်မဟုတ်ပါ။ ဆေးပညာ သဘောအရ ခန္ဓာကိုယ်တွင် တိုက်ခိုက်ရန်နှင့်ထွက်ပြေးရန်အတွက် အသုံးပြုသော ဓာတုပစ္စည်းများ အများအပြားထွက်နေသော အခြေအနေမျိူးဖြစ်ပါသည်။ ကျွန်တော်တခါမျှမစီးဘူးသော လေယာဉ်ပျံကို စီး၍ မြန်မာပြည်အရှေ့စွန်း နယ်စပ်မြို့လေးတမြို့တွင် ပြောင်းရွေ့တာဝန်ထမ်းဆောင်ရန် မိသားစုနှင့်ခွဲပြီး ယနေ့ သွားရတော့မည်ဖြစ်ပါသည်။

    တကယ်တော့ ဝန်ထမ်းဖြစ်ရန် တခါမျှ မရည်ရွယ်ဖူးသော ကျွန်တော်သည် ကံဇာတ်ဆရာ၏ အတင်း အဓမ္မ နေရာချမှုကြောင့် ဝန်ထမ်းဖြစ်လာခဲ့ရသူ ဖြစ်ပါသည်။ မိဘများ၏ စီမံမှုဖြင့် စာနည်းနည်းတော်ပြီး အခြေခံပညာအထက်တန်းစာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့် အောင်ခဲ့မိသော ကျွန်တော်မှာ ဆေးတက္ကသိုလ်ကို တက်ခဲ့ရပါသည်။ ကျွန်တော်တို့ ဆေးတက္ကသိုလ်မှကျောင်းပြီး၍ ဘွဲ့ရသောအချိန်တွင် နိုင်ငံတော်မှ မူဝါဒတရပ် ချမှတ်ခဲ့ပါသည်။

    ထိုမူဝါဒအရ ဆေးတက္ကသိုလ်တခုခုမှ ဘွဲ့ရ၍ ဆရာဝန် ဖြစ်လာသူတိုင်း နိုင်ငံဝန်ထမ်းအဖြစ် နှစ်နှစ်အနည်းဆုံး တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ထိုသို့တာဝန်ထမ်းဆောင်မှသာလျှင် ဆမ (ခေါ်) ဆေးကုသခွင့်လိုင်စင်ကို ထုတ်ပေးမည်ဖြစ်ပါသည်။ ဘွဲ့ရ ပညာတတ်သော်လည်း မိမိတတ်သော ပညာဖြင့် မိမိသဘောအလျောက် လုပ်စားခွင့်မရှိ လုပ်စားခွင့်လိုင်စင်ရရန် နိုင်ငံတာဝန်ကို အနည်းဆုံး နှစ်နှစ်ထမ်းဆောင်ပေးရမည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်လေသည်။

    ထိုသို့သော အခြေအနေကြောင့် မလွဲမရှောင်သာ နိုင်ငံ့ဝန်ထမ်းဆရာဝန်ဘဝ ကို ကျွန်တော်ရောက်ခဲ့ရလေသည်။ ဝန်ထမ်းဘဝ အစ ရန်ကုန်မြို့ပေါ်ရှိဆေးရုံကြီးတရုံတွင် တာဝန်ချထားခံခဲ့ရပါသည်။ ထိုဆေးရုံတွင် အလုပ်လုပ်နေစဉ် လုပ်သက်နှစ်နှစ်ပြည့်ခါနီး တရက်တွင် ရုံးချုပ်ငွေစာရင်းဌာနမှ ရင်းနှီးသော အစ်မတစ်ယောက်က ဖုန်းဆက်လာပါသည်။ အပြောင်းအရွေ့အမိန့်များထွက်နေပြီဖြစ်ကြောင်း ကျွန်တော်လည်းပြောင်းရွေ့ခံရကြောင်း ပြောလာသည်။ ကျွန်တော်ဘယ်ကိုပြောင်းရွေ့ခံရသလဲဟု မေးဖြစ်တော့ သူက မိုင်းဆတ်မြို့ဟု ပြောပါသည်။ မိုင်းဆတ်မြို့ကို ကျွန်တော်မသိ။ မြန်မာနိုင်ငံ၏ ဘယ်နေရာမှာရှိမှန်းလည်းမသိ။ ခက်လေပြီ။ မိုင်းပါရင်တော့ ရှမ်းပြည်ပဲဟု သူကပြောပြီး ဖုန်းချသွားသည်။

    Photo-မိုင်းဆတ်မြို့(Internet)

    ကျွန်တော်အနီးအနားက လုပ်ဖော်ကိုင်ဖက်ဆရာဝန်များ သူနာပြုများကို မေးတော့လည်း ရေရေရာရာ တယောက်မျှ မပြောနိုင်ကြပါ။ နောက်ဆုံး မြန်မာပြည်မြေပုံကိုချ၍ ရှာကြည့်သောအခါ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့၏တောင်ဖက်ရှိ ထိုင်းမြန်မာနယ်စပ်မြို့ကလေးတစ်မြို့ဖြစ်ကြောင်း တွေ့ရလေသည်။

    ထိုမြို့ကလေးသို့ သွားရန်ကားလမ်းက မကောင်း လုံခြုံရေးကလည်း စိတ်မချရဟုဆိုသည်။ ကံကောင်းထောက်မစွာ ထိုမြို့ကလေး၌ တရုတ်ဖြူစစ်ဆင်ရေးကာလက တည်ဆောက်ထားခဲ့သော လေယာဉ်ကွင်းတခုရှိပြီး ထိုလေယာဉ်ကွင်းမှာ ယခုအထိ တပတ်တကြိမ် လေယာဉ်ဆင်းသက်ပျံသန်းနေဆဲဟု သိရလေသည်။ လေယာဉ်ပျံ တခါမျှ မစီးဘူးသော ကျွန်တော်အတွက် လေယာဉ်ပျံစီးရမည့် ခရီးစဉ် ဖြစ်လာပါတော့သည်။

    မြန်မာ့လေကြောင်းလိုင်းရုံးတွင် အပြောင်းအရွေ့အမိန့့်စာရွက်နှင့်တွဲ၍ လေယာဉ်လက်မှတ်ဝယ်ရန် လျောက်လွှာတင်လိုက်ပါသည်။ သို့သော်လေယာဉ်လက်မှတ်ကို ဝယ်မရ။ လက်မှတ်အရောင်းမန်နေဂျာနှင့် ခွင့်တောင်း၍ဝင်တွေ့ရပါတော့သည်။ ကျွန်တော်အနေဖြင့် မသွားချင်သော်လည်း နိုင်ငံတော်မှ ပြောင်းရွေ့တာဝန်ချထားသဖြင့် သွားရန် လက်မှတ်ဝယ်ရခြင်းဖြစ်ပြီး လက်မှတ်မရ၍ မသွားရလျှင် ပြသနာ မရှိသော်လည်း တရားဝင်လက်မှတ်များရောင်းကုန်၍ လက်မှတ်ရောင်းမပေးနိုင်ကြောင်း မှတ်ချက်ကို လျောက်လွှာပေါ်တွင် ရေးပေးပါရန် တောင်းဆိုရပါတော့သည်။ ထိုတောင်းဆိုချက်အစွမ်းဖြင့် ခဏ စောင့်ပြီး လေယာဉ်လက်မှတ် လက်ထဲရောက်လာခဲ့ပါသည်။ ထိုလက်မှတ်ဖြင့် ကျွန်တော် လေယာဉ်စီးရပါတော့မည်။

    လေယာဉ်ပေါ်ရောက်တော့ ထိုင်ရမည့်နေရာက ရှေ့ဆုံးတန်း ဘယ်အစွန်ခုံဖြစ်သည်။ ထိုင်ခုံတွေက အလယ်လူသွားလမ်းခြား၍ ဘယ်ညာ နှစ်ခုံစီဖြစ်သည်။ လေယာဉ်က ဖော်ကာဟုခေါ်သော
    ပန်ကာဖြင့် ပျံသန်းရသည့် လေယာဉ်ငယ်လေး တစ်စီးဖြစ်ပါသည်။ ထိုင်ရမည့်ခုံကို လှမ်းကြည့်လိုက်ပြီး ထိုင်ဖို့ပြင်လိုက်သောအခါ ထိုင်ခုံအောက်နှင့်ထိုင်ခုံရှေ့ခြေထောက်ချသောနေရာတို့တွင် ပစ္စည်းထုတ်တွေ အပြည့်အသိပ်စီထားပြီးသား ဖြစ်နေသည်။ နောက်မှသိရသည်က ထိုပစ္စည်းများမှာကျွန်တော်ဘေးတွင်ထိုင်သော ပုဂ္ဂိုလ်၏ပစ္စည်းများဖြစ်သည်။ ကျွန်တော်ဘေးတွင် ထိုင်သောပုဂ္ဂိုလ်မှာ အရပ်ဝတ် ဝတ်စားထားသော်လည်း လေကြောင်းကာကွယ်ရေးတာဝန်ခံဟု သိရသည်။ သူ့တွင် သေနတ်တလက်ပါပြီး လေယာဉ်လုံခြုံရေးအတွက် တနေကုန်တနေ့ခမ်း လေယာဉ်လိုက်စီးနေရသူဖြစ်သည်။ သူသည် လေယာဉ်စီးရင်း သူ့မိသားစု စားဝတ်နေရေးအတွက်ပစ္စည်းထုတ်များကို ကယ်ရီလုပ်ပေးနေခြင်း ဖြစ်သည်။ သူကယ်ရီသယ်လာသော ပစ္စည်းထုတ်တွေက သူနှင့်ကျွန်တော်ထိုင်မည့် ခုံအောက်နှင့် ခြေချစရာခုံရှေ့မှာ အပြည့်ဖြစ်နေသည်။ ဘာများတတ်နိုင်ပါဦးမည်နည်း။ ထိုင်ခုံအောက်တွင် ခြေချမရ၍ ဒူးခေါင်းနှစ်ဖက်ကို ထောင်ပီးကျပ်ကျပ်တည်းတည်း ထိုင်ချလိုက်သည်။ လူကချွေးပြန်နေပြီ။ ဒီနေ့မှထူးထူးခြားခြားဝတ်လာခဲ့မိသော တိုက်ပုံအင်္ကျီကြောင့်လည်း ပူလောင်အိုက်စပ်လို့နေသည်။ သို့သော် တိုက်ပုံအင်္ကျီကို မချွတ်ရဲ။ တိုက်ပုံအင်္ကျီပေါ်မှာ ကျန်းမာရေးဌာနတံဆိပ်ရင်ထိုးက အခန့်သားနေရာယူထားသည် မဟုတ်ပါလား။ ဒီတံဆိပ်ရင်ထိုးနှင့်တိုက်ပုံမှဝတ်မထားလျှင် ကိုယ့်ကို ဆရာဝန်မှန်း မသိကြမှာကိုလည်း စိတ်ပူနေမိသေးသည်။ ဒီတော့လဲပူပူလောင်လောင်နှင့် လေယာဉ်အထွက်ကို ထိုင်စောင့်နေမိသည်။

    တအောင့်ကြာပြီး လေယာဉ်က စထွက်သည်။ ရုပ်ရှင်ထဲကဲ့သို့ လေယာဉ်ထွက်တော့မည်ဖြစ်ပါ၍ ခါးပတ်များပတ်ထားကြပါရန်ဟု ပြောသောလေယာဉ်မယ်ကိုလည်းမတွေ့မိသေးခင်မှာပင် လေယာဉ်က လေထဲရောက်နေပြီ။ ကျယ်လောင်လှသော တဂုတ်ဂုတ်မြည်သံက ကျွန်တော်၏ ဘယ်ဖက်ရှိ လေယာဉ်နံရံကထွက်နေသည်။ အလန့်တကြား စူးစမ်းကြည့်လိုက်သောအခါ လေယာဉ်၏မှန်ပေါက်မှမှန်က ချောင်နေပြီးရမ်းခါနေသောကြောင့်အသံထွက်နေခြင်းဖြစ်သည်။ လူတွေပြောကြသကဲ့သို့ ဘုရား ခဏ ခဏတရတော့လည်း ကုသိုလ်ရတာပေါ့ဟု ဖြေသိပ်တွေးရင်း မှန် မပြုတ်ထွက်သွားဖို့ ဘုရားကို မကြာမကြာ တနေမိသည်။ ပူလောင်အိုက်စပ်သောချွေးများအပြင် ဇောချွေးပါပြန်လာသည်။

    လေယာဉ်သည် မိုင်းဆတ်သို့သွားသည်ဟုဆိုသော်လည်း မိုင်းဆတ်မရောက်မှီ ကျိုင်းတုံလေဆိပ်တွင်ဆင်းသက်ပြီး ခရီးသည်များအတင်အချလုပ်၍ မိုင်းဆတ်ကို ဆက်သွားခြင်းဖြစ်ပါသည်။ ကျိုင်းတုံလေဆိပ်တွင် လေယာဉ်ပေါ်မှ ခဏဆင်းခွင့်ရသည်။ ကျွန်တော်လည်း ကျိုင်းတုံမြေပေါ် ခြေချဘူးတယ်ရှိအောင် လေယာဉ်ပေါ်ကဆင်းပြီး လေဆိပ်ထဲသို့ဝင်လိုက်သည်။ လုပ်စရာအလုပ်က အထွေအထူးမရှိ။ ကြောက်ကြောက်နှင့်စုထားမိသော အပေါ့များစွန့်ထုတ်ရန် အမျိုးသားသန့်စင်ခန်းထဲဝင်ကာ အပေါ့သွားသည်။
    အပေါ့သွားနေစဉ် ဘေးမှာအပေါ့သွားနေကြသော လူနှစ်ယောက်က ကျွန်တော်ကိုကြည့်ပြီး တစုံတခုပြောနေကြသည်။ တယောက်က ဝဝပုပု ပုဆိုးကိုတိုတိုဝတ်ထားပြီး ရှပ်အင်္ကျီ အပွင့်နှင့်ဖြစ်သည်။ နောက်တယောက်ကတော့ အသားညိုညို အရပ်ရှည်ရှည် စပို့ရှပ်နှင့် ဂျင်းဘောင်းဘီကို ဝတ်ထားသည်။ သန့်စင်ခန်းထဲက ပြန်ထွက်လာတော့ ထိုလူနှစ်ယောက်အပြင်မှာ စောင့်နေကြသည်။

    ကျွန်တော်ကိုကြည့်၍တယောက်က မောင်ရင်ကဆရာဝန်လား။ အခုဘယ်ကိုသွားမှာလဲ။ မိုင်းဆတ်ကို ဘာကိစ္စနှင့်သွားမှာလဲ။ စသောမေးခွန်းများဆက်တိုက်မေးသည်။ ကျွန်တော်ဝတ်လာခဲ့သောတိုက်ပုံနှင့် ကျန်းမာရေးတံဆိပ်၏ တန်ခိုးများဖြစ်ဟန်တူသည်။

    ထိုနောက်သူက ဆက်၍ ကိုယ်က စီမံညွှန်မှူး ဒေါက်တာဘယ်သူဖြစ်ပြီး သူနှင့်ပါလာသူက ကူးဆက်ရောဂါနှိမ်နှင်းရေးညွှန်ကြားရေးမှူး ဒေါက်တာ ဘယ်ဝါ စသည်ဖြင့် မိတ်ဆက်လေသည်။

    ဒီနေ့ မိုင်းဆတ်ကို မင်းလာမယ်ဆိုတာ မြို့နယ်ဆရာဝန်ကြီးသိပြီးပြီလားဟု မေးတော့ ကျွန်တော်က မသိသေးပါဘူးလို့ဖြေသည်။ မင်းဒုက္ခရောက်တေ့ာမှာပဲ။ လေယာဉ်ပေါ်ကဆင်းရင် ငါတို့နားမှာ လာကပ်နေ။ ငါတို့ကို မြို့နယ်ဆရာဝန် လာကြိုလိမ့်မယ်။ လာကြိုမှမင်းကို တခါတည်းအပ်ပေးမယ်ဟု ပြောပြီးထွက်သွားလေသည်။

    ကျွန်တော်မှာ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။ ကျွန်တော်လို အူတူတူ အတတ ဆရာဝန်ပေါက်စ တစ်ယောက်အဖို့ ညွှန်ကြားရေးမှူးဆရာဝန်ကြီးတွေနှင့် တွေ့ခွင့်ရဖို့ဆိုသည်က လွယ်လှသည်မဟုတ်။ ညွှန်ကြားရေးမှူး ဆိုတာကလည်း စာတန်းကပ်ထားသူမဟုတ် သူလိုကိုယ်လိုဝတ်စားထားကြသည်သာဖြစ်သည်။ သူတို့ကလည်း အထူးတလည် ဝတ်ထား စားထား စာတန်းကပ်ထားဖို့မှမလိုတာကိုး။ မပြည့်တဲ့အိုးများသာ ဘောင်ဘင်ခတ်ကြခြင်းဖြစ်ပြီး ပြည့်ပြီးသားအိုးကတော့ ဘောင်ဘင်ခတ်စရာမလို။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး။ ကျွန်တော်သာ မပြည့်တဲ့အိုးဆိုတော့ အပူအလောင်ခံပြီး တိုက်ပုံကြီးကို မချွတ်တမ်း တကားကားဝတ်ထားရသူဖြစ်သည်။ နောက်ပြီး တိုက်ပုံပေါ်က ရင်ထိုးကလည်းအရေးကြီးသည်။ ဘယ်သို့ပင်ဆိုဆို အခုတော့ တိုက်ပုံနင့် ရင်ထိုးအစွမ်းကြောင့် ကျွန်တော်အဆင်ပြေလေပြီ။ ဘယ်သူများ ဘာပြောနိုင်ဦးမည်နည်း။

    လေယာဉ်သည် ကျိုင်းတုံလေဆိပ်မှ ပျံတက်ပြီး မကြာမှီ မိုင်းဆတ်လေဆိပ်သို့ ဆိုက်ရောက်လေသည်။ လေယာဉ်ပေါ်က ဆင်းပြီး ကိုယ့်ပစ္စည်းထုတ်ကလေးကိုပိုက်ရင်း ဆရာကြီနှစ်ပါးနောက်က ကုတ်ကုတ်ကလေး ကျွန်တော်လိုက်သွားသည်။ မိုင်းဆတ်လေဆိပ်တွင် ခရီးသည် လာကြိုသူ လူနှစ်ဆယ်လောက်စောင့်နေသည်ကို တွေ့ရသည်။ လေယာဉ်ကွင်းသည် နီညိုညို တောင်တန်းများပတ်လည်ဝိုင်းထားသော ချိုင့်ထဲတွင် တည်ရှိလေသည်။

    ကျွန်တော်တို့ လေယာဉ်ပေါ်က ဆင်းပြီး လူအုပ်စု ဘက်သို့ လမ်းလျောက်လာသောအခါ အရပ်ပုပု ဆရာသမားယောက်ပြေးလာပြီး ကြိုသည်။ စကားအနည်းငယ်ပြောပြီး ညွှန်မှူးဆရာဝန်ကြီးက မြို့နယ်ဆရာဝန်ကြီးရေ ခင်ဗျားဆီကို လက်ထောက်ဆရာဝန်တယောက် ပြောင်းရွေ့ပို့လိုက်တဲ့အမိန့်စာ ရောက်ပြီလားဟုမေးသည်။ မရောက်ဘူး မသိဘူးဟု မြို့နယ်ဆရာဝန်ကြီကဖြေသည်။

    အေးဒီမှာ မင်းဆီကိုပြောင်းလာတဲ့ လက်ထောက်ဆရာဝန်ဟုပြောပြီး ကျွန်တော်ကိုလက်ညိုးထိုးပြသည်။ ငါတို့အပ်လိုက်ပြီနော်ဟုပြောပြီး ညွှန်မှူးဆရာကြီး နှစ်ယောက်ရယ်နေသည်။

    မြို့နယ်ဆရာဝန်ကြီးက ကျွန်တော်ကို ပြုံးပြ ပြီး ရောက်လာပြီဆိုတော့လည်း ကြည့်လုပ်ကြတာပေါ့ကွာ။ အခုလတ်တလောတော့ ဆရာကြီးတို့တည်းမည့်တည်းခိုခန်းမှာပဲ ခဏ နေလိုက်ဦး။ နောက်မှ နေဖို့ထိုင်ဖို့ စီစဉ်ကြတာပေါ့ဟု ပြောသည်။

    တောင်ပေါ်ဒေသ၏ အေးမြသောလေကြောင့် တိုက်ပုံအင်္ကျီအောက်မှချွေးများ အတန်ငယ် ခြောက်သွေ့သွားပြီ ဖြစ်သည်။ တောင်ပေါ်မြို့ကလေးသည် ကျွန်တော်ကိုနွေးထွေးအေးမြစွာ ကြိုလေပြီ။ ထိုမိုင်းဆတ်မြို့ကလေးသို့ လွန်ခဲ့သောအနှစ်နှစ်ဆယ်ခန့်က နွေဦးကာလတစ်ရက်တွင် ကျွန်တော်စတင်ရောက်ရှိခြေချခဲ့ခြင်း ဖြစ်ပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,500SubscribersSubscribe
    spot_img

    Latest posts