spot_img
Sunday, May 12, 2024
More
    spot_img
    Homeသတင်းလမ်းဖယ်ခြင်းအနုပညာ

    လမ်းဖယ်ခြင်းအနုပညာ

    -

    ရေးသားသူ-ကမ်လူဝေး

    မနက်မိုးလင်းပြီ။ မနက်မိုးလင်း အိပ်ယာထသည်နှင့် ဒီကနေ့ အလုပ်သွားမည်ဟု ဝန်ထမ်းတယောက်ကစဉ်းစားသည်။ ကျောင်းသွားရမည်ဟု ကျောင်းသားတယောက်ကတွေးသည်။ အကယ်စင်စစ် လူတစ်ယောက်အသက်ရှင်နေခြင်းသည် အချိန်ကာလတခုကို ဖြတ်သန်းနေရသော ခရီးတခုကိုသွားနေရခြင်း ဖြစ်ပါသည်။ ခရီးတခုကိုသွားနေသရွေ့ လမ်းများကိုဖြတ်သန်းရမည်ဖြစ်ပါသည်။

    ဖြတ်သန်းရမည့် လမ်းများသည် ဖြောင့်ဖြူးနိုင်သလို အခက်အခဲ ပိတ်ဆို့မှုများနှင့်လည်းတွေ့နိုင်မည်ဖြစ်သည်။ ထိုအခက်အခဲ ပိတ်ဆို့မှုများကို မိမိကကျော်လွားရသလို အခြားသူများ၏ လမ်းများကိုလည်း မိမိက ပိတ်ဆို့ထားမိတတ်ပါသည်။ ထိုသို့ ပိတ်ဆို့ထားမိသော အများနှင့်ဆိုင်သောလမ်းများကို ကောင်းစွာ လမ်းဖယ်ပေးတတ်အောင် ကြိုးစားရမည်ဖြစ်သလို မပိတ်ဆို့မိအောင်ဆင်ခြင်ဖို့ ကြိုးစားရမည်ဖြစ်ပါသည်။

    သို့သော် ယနေ့ လူ့အဖွဲ့အစည်းတွင် ရှင်သန်နေကြသော လူများစုသည် လူတယောက်၏ အခြေခံ ကျင့်ဝတ်ဖြစ်သော အခြားသူ၏လမ်းကို မပိတ်ဆို့ရဟူသော သဘောတရားကို ကောင်းစွာနားလည်လက်ခံ ကျင့်သုံးကြခြင်းမရှိကြပါ။ ဝမ်းနည်းစရာကောင်းလှပါသည်။

    ကျွန်တော်၏ကားကို မုန့်ဟင်းခါးဆိုင်ရှေ့ လမ်းဘေးတွင် ထိုးရပ်လိုက်သောအခါ ဘေးတွင် ကား ဆိုင်ကယ်တစီးမျှရပ်ထားခြင်းမရှိသေးပါ။ ကားကို ရပ်ထားခဲ့ပြီး ဆိုင်ထဲဝင် မုန့်ဝယ်၍ ပြန်ထွက်လာသောအခါမှ ကားရှေ့တွင်ဆိုင်ကယ်နှစ်စီး ကားနောက်တွင်ဆိုင်ကယ်တစီး ကားနှင့် ခြောက်လက်မပင်မကွာသော အနေအထားနှင့် ရပ်ထားသည်ကို တွေ့ရလေသည်။

    ကားကိုထွက်နိုင်ဖို့ ကားနောက်တွင် ကပ်ရပ်ထားသော ဆိုင်ကယ်ကိုရွေ့ပေးရန် မုန့်ဟင်းခါးသည်ကို အကူအညီတောင်းမိသည်။ မုန့်ဟင်းခါးသည်က အသံကျယ်ကျယ်ဖြင့် ဘယ်သူ့ဆိုင်ကယ်လဲ ကားထွက်ဖို့ နည်းနည်းရွေ့ပေးပါဟု ဆိုင်ထဲကလူများကိုပြောသည်။ ဆိုင်ကယ်ပိုင်ရှင်က ဆိုင်ထဲတွင်ရှိနေပါသည်။ ဆိုင်ကယ်ဖယ်ခိုင်းသံကို ကြားသောအခါ ရှေ့ကနေထွက်ပေါ့ဟု ပြောသည်။ ဆိုင်ရှင်က ရှေ့မှာလည်းဆိုင်ကယ်တွေပိတ်နေတာ ဘယ်လိုထွက်မလဲဟု ထပ်ပြောသည်။ အဲဒါဆို ရှေ့ကဆိုင်ကယ်တွေ ဖယ်ခိုင်းလိုက်ပေါ့ဟု ထိုင်ရာကမထ ပြန်ပြောသည်။ ဘယ်သူ့မှ ဂရုမစိုက်ဟူသောပုံစံဖြင့်။

    လူတယောက်၏ အခြေခံကျင့်ဝတ်ဖြစ်သော အများပိုင်သောလမ်းတွင် အခြားလူများကို လမ်းမပိတ်ရ။ ပိတ်ဆို့မိလျှင်လည်း ဖယ်ပေးရမည်ဟူသော သဘောတရားကို သိဟန်မတူ။ ကျွန်တော်တို့၏ လူ့အဖွဲ့အစည်းသည် လမ်းဖယ်ပေးခြင်း အနုပညာကို နားမလည်သော လူများ များပြားလှပါသည်။
    ဆေးရုံတက်နေသော မိတ်ဆွေတယောက်ကို ကြည့်ရန် ဆေးရုံသို့ ညနေစောင်းတခုတွင်ရောက်သည်။

    ဆေးရုံသို့ဝင်သော ဝင်ပေါက်တွင် တဖက်၌ ဆိုင်ကယ် Taxi တစ်စီးက ကျောက်ချရပ်ထားသည်။ ဝင်ပေါက် အလည်၌ မိန်းကလေးနှစ်ယောက်က ဆိုင်ကယ်တစ်စီးနှင့် ရပ်နေသည်။ ကားကိုဝင်ရန် ဝင်ပေါက်ကို ခေါင်းတည်လိုက်သောအခါ မိန်းကလေးနှစ်ယောက်၏ ဆိုင်ကယ်က ဘေးသို့ နည်းနည်းရွေ့ပေးသည်။ သို့သော် ကားကဝင်မရ။ ထို့ကြောင့် ကားကိုရပ်၍ စောင့်သည်။ ဆိုင်ကယ် Taxi သမားက လှည့်မကြည့်သလို မိန်းကလေးနှစ်ယောက်ကလည်း ဆိုင်ကယ်ပေါ်ခွရင်း ဖုန်းပွတ်နေကြသည်။ ကားမှန်ကိုချပြီး လမ်းဖယ်ပေးဖို့ပြောတော့ ဆိုင်ကယ် Taxi မောင်းသမားက မိန်းကလေးနှစ်ယောက်ကို လှန်း၍ ဖယ်ပေးလိုက်လေဟု ပြောသည်။ မိန်းကလေးနှစ်ယောက်က မဖယ်ချင်ဖယ်ချင်ပုံဖြင့် ဆိုင်ကယ်ကိုဘေးသို့ ရွေ့သွားသည်။ ကျွန်တော်တို့၏ လူ့အဖွဲ့အစည်းသည် ကိုယ့်ပိုင်နက်ဟု ယူဆသော နေရာတွင် ဗိုလ်လုပ် နေရာယူထား တတ်သော လမ်းမဖယ်ခြင်းအနုပညာသည်များ ပေါလှပါသည်။

    လမ်းမကြီးပေါ်တွင် ကားမောင်းနေစဉ် ဝီစီမှုတ်သံနှင့် ကားခေါင်မိုးပေါ်မှ အချက်ပြမီးသံတို့ကြောင့် မောင်းလက်စ ကားကို လမ်းဘေးသို့ဆွဲချပြီးရပ်လိုက်ရသည်။ လမ်းမပေါ်မောင်းနေကြသော ကားဆိုင်ကယ်များ အားလုံးလည်း လမ်းဘေး ရောက်ကုန်ကြသည်။ ဖြတ်သွားသော ကားတန်း၏ လမ်းဖယ်ခိုင်းခြင်းအနုပညာမှာ မညက်ညောလှပါ။ ပိုမို ယဉ်ကျေးလိမ်မာ ညက်ညောသော လမ်းဖယ်ခိုင်းခြင်းအနုပညာကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းသည် ကောင်းစွာသင်ယူဖို့ လိုသည်ဟု ထင်မိပါသည်။

    အဝေးပြေးကားလမ်းမကြီးပေါ်တွင် ခပ်စုတ်စုတ် ကုန်တင်ကားတစီး မောင်းနေသည်။ ဒရိုင်ဘာကလည်း ခပ်စုတ်စုတ်လူ ဖြစ်ဟန်တူသည်။ သူ၏နောက်မှ အိမ်စီးဆလွန်းကားတစီးသည် ကျော်တက်ဖို့ လမ်းတောင်းသည်။ ကုန်တင်ကားကဖယ်မပေး။ အရှိန်တင်မောင်းသည်။ ကားကိုဘယ်ညာ ယမ်းခါ၍ မောင်းသည်။ အိမ်စီးဆလွန်းကားကျော်သွား၍ဘာမျှ နစ်နာစရာမရှိသော်လည်း ကုန်တင်ကားက အကျော်မခံ လမ်းကိုပိတ်ထားသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် ကိုယ့်အတွက်လည်း အကျိုးမရှိသည့်အပြင် အခြားသူအတွက် အကျိုးယုတ်စေသော ကိစ္စမျိုးကို မြိန်ရေယှက်ရေ ရွေးချယ်လုပ်တတ်သောသူများလှပါသည်။ လမ်းဖယ်ခြင်းအနုပညာကား သူတို့နှင့် ဝေးကွာလွန်းပေစွ။

    မြို့တွင်းလမ်းမပေါ်တွင် ထော်လာဂျီတစီးမောင်းနေသည်။ လမ်းပေါ်ရှိ ကားများဆိုင်ကယ်များကို ဂရုမစိုက်ပဲ ယာဉ်ကြော မှန်မှား မစဉ်းစား မောင်းချင်သလိုမောင်းသည်။ လမ်းကိုလု မောင်းသည်။ မကြေနပ်လျှင် တိုက်သွား။ ရှောင်မပေးလျှင် ဝင်တိုက်မည်ဟူသော ပုံစံဖြင့် မောင်းနေခြင်းဖြစ်သည်။ လမ်းမှန်အတိုင်း မောင်းနေသော ကားဆိုင်ကယ်များက ရှောင်မောင်းရသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် လမ်းလုခြင်းအနုပညာသည် ညစ်စုတ်စုတ်လူများ များလှပါသည်။

    အလယ်တန်းကျောင်းသူ သမီးကို ကျောင်းသို့ ကားဖြင့်လိုက်ပို့သည်။ ကားကို ကျောင်းပေါက်ဝအနီးတွင် လမ်းဘေးသို့ ကပ်ရပ်ပေးလိုက်သည်။ သမီးကားပေါ်က ဆင်းပြီးလျှင် ကားကိုမောင်းထွက်မည်။ ကျွန်တော်မောင်းထွက်လျှင် ကျွန်တော်၏ကားနောက်တွင် တန်းစီထားသော ကားက ဝင်ရပ်မည်။ထိုကားပေါ်မှ ကျောင်းသားသို့မဟုတ် ကျောင်းသူ ဆင်းမည်။ ပြီးလျှင် ပြန်ထွက်မည်။ အရာအားလုံးသည် စနစ်တကျ ရှိမည်ဖြစ်ပါသည်။

    ကျွန်တော်ကားရပ်လိုက်ပြီး သမီးကို ကားပေါ်မှဆင်းဖို့ ပြောလိုက်သောအခါ သမီးသည် သူ၏ ကျောပိုးအိတ်ကို ယူ၍လွယ်လိုက်သည်။ ထို့နောက် လက်ဆွဲခြင်းကိုယူ၍ ကားခုံပေါ်မှ ထီး၊ စာအုပ်၊ မုန့်ထုပ်များကို တခုစီ ကောက်ထည့်သည်။ အတော်ကြာသည်အထိ ကားပေါ်က မဆင်းနိုင်သေး။ ကျွန်တော်၏ကားနောက်မှ ကားများ လမ်းမပေါ်တွင် ကန့်လန့်ဖြစ်ကုန်ကြသည်။ ကျွန်တော်၏ကားသည် လမ်းပိတ်ထားမိပြြီဖစ်သည်။ သမီးကားပေါ်က ဆင်းပြီးနောက် ကားကိုမောင်းထွက်လာခဲ့သည်။ ညနေ သမီးကျောင်းဆင်းလျှင် သမီးကို လမ်းဖယ်ခြင်းအနုပညာအကြောင်းသင်ပေးရမည်။ သမီးသည် လမ်းဖယ်ခြင်းအနုပညာကို ကောင်းစွာ နားလည်ဖို့ လိုအပ်မည် ဖြစ်ပါသည်။

    လူတို့သည် အသက်ရှင်နေသရွေ့ နေ့စဉ် ခရီးသွားနေကြရသည်။ လူ့အဖွဲ့အစည်းကြီးသည် ကောင်းမွန်စွာ ရွေ့လျားနေနိုင်ရန် လမ်းများမပိတ်ဆို့ဖို့ လိုသည်။ သို့ဆိုလျှင် ထိုလူ့အဖွဲ့အစည်းအတွင်းမှ လူများစုသည် လမ်းဖယ်ခြင်းအနုပညာကို ကောင်းစွာနားလည်ကျင့်သုံးတတ်သော လူယဉ်ကျေးများ ဖြစ်ဖို့ မလွဲမသွေ လိုအပ်ပါသည်။ သင်သည်လည်း လမ်းဖယ်ခြင်းအနုပညာကို ကောင်းစွာ နားလည်ကျင့်သုံးတတ်သူဖြစ်ပါရဲ့လား။ သင်ပါဝင်သော သင်၏ လူ့အဖွဲ့အစည်းသည် ယဉ်ကျေးတိုးတက်သော လူ့အဖွဲ့အစည်းဖြစ်ရန် လမ်းဖယ်ခြင်းအနုပညာကို ယခု စတင်၍ ကျင့်သုံးဖို့ လိုအပ်မည်ဖြစ်ပါသည်။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,400SubscribersSubscribe
    spot_img

    Latest posts