Homeသတင်း(၆) ကြိမ်မြောက် KNU ဗဟိုကော်မတီအရေးပေါ်အစည်းအဝေး စတင်ကျင်းပ

(၆) ကြိမ်မြောက် KNU ဗဟိုကော်မတီအရေးပေါ်အစည်းအဝေး စတင်ကျင်းပ

-

မွန်သတင်းအေဂျင်စီ(နိုဝင်ဘာ ၆)။ ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာတွင် တစ်ဆို့လျက်ရှိနေသော အကြောင်းအရင်းများကို အဖြေရှာဆွေးနွေးသွားရန် ကရင်အမျိုးသားအစည်းအရုံး KNU ၏ (၆) ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီအရေးပေါ်အစည်းအဝေးကို ဘားအံခရိုင်၊ လေးဝါး၌ နိုဝင်ဘာ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပလျက်ရှိကြောင်း KNU ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစု ပင်လုံဆွေးနွေးပွဲ (၃)ကြိမ်ဖြင့် ဒီမိုကရေနှင့် ဖက်ဒရယ် အခြေခံမူများကို ချမှတ်သွားမည်ဟု အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသီးသန့်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သော်လည်း နက်ရှိုင်းသောကွာဟမှုများကို အဖြေရှာရန်လိုအပ်နေပြီး တစ်ဘက်တွင်လည်း NCA ပါ အချက်များအား အကောင်အထည်မဖော်နိုင်သေးသည်များရှိနေရာ ထိုအကြောင်းအရာများအားလုံးနှင့် စပ်လျဉ်း၍ ယုံကြည်မှုတည်ဆောက်ရေးကို အခြေခံပြီး မည်ကဲ့သို့အဖြေရှာနိုင်ရေး ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Photo-(၆) ကြိမ်မြောက် KNU ဗဟိုကော်မတီအရေးပေါ်အစည်းအဝေး(KNU HQ)

မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက လတ်တလောကျင်းပမည့် ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်တက်ရောက်မှုကို ယာယီဆိုင်းငံ့ထားကြောင်း အောက်တိုဘာ ၂၇ ရက်စွဲဖြင့် စာပေးသားပေးပို့ခဲ့ပြီးနောက် ရှင်းလင်းချက်ထုတ်ပြန်ရာ KNU အနေဖြင့် NCA ကို အခြေခံသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် တစိုက်မတ်မတ်ဆောင်ရွက်မည်ဟု သန္နိဋ္ဌာန်ချထားကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ အရေးပေါ်အစည်းအဝေးသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီနှင့် ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲတို့ အပါအဝင် တပ်မဟာ(၇) ခုမှ တပ်မဟာမှူးများနှင့် ဥက္ကဌများလည်း တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် KNU ကွန်ဂရက်တွင် ဗဟိုအမြဲတမ်းကော်မတီဝင် (၅၅) ဦး ရွေးချယ်သတ်မှတ်ခဲ့သည်။

တဖက်တွင်လည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နိုဝင်ဘာလ ၅ ရက်မှ ၇ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကိုလည်း ဥက္ကဌအဖြစ်ဆောင်ရွက်လျက်ရှိသော KNU မတက်ရောက်နိုင်သဖြင့် ရက်ရွှေ့ဆိုင်းလိုက်ရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts