Homeသတင်းပထမအကြိမ် မွန်ပါတီ EC အစည်းအဝေးကျင်းပပြီးစီး၊ ပါတီပေါင်းစည်းခွင့် အမြန်ဆုံးတင်ရန်ဆုံးဖြတ်

ပထမအကြိမ် မွန်ပါတီ EC အစည်းအဝေးကျင်းပပြီးစီး၊ ပါတီပေါင်းစည်းခွင့် အမြန်ဆုံးတင်ရန်ဆုံးဖြတ်

-

မွန်သတင်းအေဂျင်စီ(နိုဝင်ဘာ ၄)။ ။ပထမအကြိမ် မွန်ပါတီဗဟိုအလုပ်အမှုဆောင် EC အစည်းအဝေးကို မော်လမြိုင်မြို့၊ ပိုင်ခေတ်ခန်းမ၌ နိုဝင်ဘာ ၃ ရက်နေ့တွင် တစ်ရက်အတွင်းအပြီးသပ်ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပါတီပေါင်းစည်းခွင့် လျောက်တင်ရန်နှင့် ဗဟိုကော်မတီအစည်းအဝေး ခေါ်ယူရန် ဆုံးဖြတ်ခဲ့ကြသည်။

မွန်ပါတီပြောရေးဆိုခွင့်ရှိသူ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယီတမက “အဓိကအချက်တွေကတော့ အခုလ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ပါတီပေါင်းစည်းခွင့်ကို လျှောက်တင်ဖို့တာဝန်ပေးတယ်၊ ဒီလ ၂၄ ရက်နေ့မှာ ဗဟိုကော်မတီ CC အစည်းအဝေးခေါ်ဖို့ ဆုံးဖြတ်တယ်” ဟု ပြောသည်။


Photo-ပထမအကြိမ် မွန်ပါတီ EC အစည်းအဝေး(MUC)

ထို့အတူ ၅ ဦးပါ ပါတီဖွဲ့စည်းပုံအခြေခံစည်းရေးဆွဲရေးကော်မတီကို ရွေးချယ်တာဝန်ပေးခဲ့ပြီး ရက်သတ္တနှစ်ပတ်အတွင်း အပြီးရေးဆွဲ၍ ပါတီဗဟိုကော်မတီအစည်းအဝေးသို့ အတည်ပြုသွားရန်ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

မွန်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ရဲဇော်က “လူဟောင်းတွေဆိုပေမယ့် ပါတီသစ်မှာဆိုတော့ အသစ်တွေလို့ပဲ ပြောချင်တာပေါ့နော်၊ အားလုံးက စိတ်ရှည်လက်ရှည်နဲ့ပူးပေါင်းပါဝင်လာတာ တွေ့ရတယ်၊ အရေးပါတဲ့ပုဂ္ဂိုလ်တွေအားလုံး တက်ရောက်ပါတယ်၊ ဆွေးနွေးတဲ့အခါမှာလည်း ကိုယ့်အုပ်စုသဘောထားထက် အမှန်တရားဘက်ကို ရပ်တည်ဆွေးနွေးပေးတဲ့ အနေအထားမျိုးကို တွေ့ရှိရတယ်” ဟု ဆိုသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, မွန်အမျိုးသားပါတီ MNP နှင့် မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေးအဖွဲ့တို့ပေါင်းစည်း၍ လွန်ခဲ့သည့်အောက်တိုဘာလ ၂၁ ရက်နေ့က မွန်ပါတီ Mon Party ဟုအမည်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် ၆၁ ဦးရှိသည့်အနက် ယခုအစည်းအဝေးတွင် ၅၁ ဦးတက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts