spot_img
Sunday, May 12, 2024
More
    spot_img
    Homeသတင်းသီတင်းကျွတ်ညလေးတစ်ည

    သီတင်းကျွတ်ညလေးတစ်ည

    -

    ရာမညမင်းငြိမ်းချမ်း

    မိုးကောင်းကင်ယံတစ်ခွင် ဆီမီးပဒေသာ ထွန်းညှိထားသည့်အလား။ အရပ်ရှစ်မျက်နှာခွင်လုံး မီးပုံးပျံကြီးများဖြင့် ထိန်ထိန်ညီ ထွန်းလင်းတောက်ပနေပါသည်။ `ဝါကျွတ်ပွဲတော်´ဟု ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထား တန်ဖိုးထားရာ အဘိဓမ္မာအခါတော်နေ့။ မော်ဒန်ခေတ်တွင် ပြန်လည်ဆန်းသစ်လာသည့် သီတင်းကျွတ်ညလေးတစ်ည။ တိမ်ဇလာယံထက်၌သာမက ရပ်ရွာထဲတွင်လည်း အိမ်တိုင်းလိုလို ဆီမီးများ ပူဇော်ထွန်းညှိထားကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး စိတ်နှလုံးချမ်းမြေ့စရာ ဗုဒ္ဓ၏အဆုံးအမ တရားဒေသနာတော်များ ဖုံးလွှမ်းထားလျက်။၊ ဓမ္မတေးသံများ မြန်မာနိုင်ငံအဝှမ်း လွှမ်းခြုံသော သီတင်းကျွတ်ညလေးတစ်ညပင်ဖြစ်သည်။

    ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေ့ရက်ဖြစ်သည်နှင့်အညီ အလုပ်ရုံ၊ ရုံး၊ ကျောင်း၊ အခြားသောလုပ်ငန်းခွင်များစွာ တရားဝင်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြသည်။ သီတင်းကျွတ်ညရင်ခွင်ထဲ အိပ်မပျော်သူတစ်ယောက်အတွက် ညတာရှည်ခြင်းဖြင့် ဆွဲဆန့်ထားသလိုပါ။ အလိုလိုနေရင်း လွမ်းချင်းထုတ်ချင်သူ ကျနော့်အား လွမ်းခွင့်သီးသန့်ဖန်ဆင်ထားသလား အောက်မေ့နေမိသည်။ အလွမ်းအဆွေးဒဏ်ကို အလူးအလဲ ခံစားနေသူများအတွက် ခေတ္တခိုနားဖြေသိမ့်နိုင်ရန် သီတင်းကျွတ်အခါသာမယ အိုအေစစ်တစ်ခုလား။ ဤသည်မဟုတ် တစ်ကိုယ်တည်းကျိတ်မှိတ်ခံစားရသည့် လရာသီများလား။ အတွေးပေါင်းများစွာကြား မေးခွန်းပေါင်းများစွာဖြင့် ကျနော့်ဖြတ်သန်းနေရသည့် ပစ္စုပ္ပန်ကာလ သီတင်းကျွတ်ညလေးတစ်ညပင် ဖြစ်သည်။


    သီတင်းကျွတ်ည မီးပုံးပျံ(Soe Moe)

    ဝါကျွတ်ခြင်းနှင့်အတူ အဝေးရောက်သားသမီးများမှာလည်း မိဘ၊ ဘိုးဘွားများအား လာရောက်ပူဇော်ကန်တော့ကြသည်။ ချစ်စရာ့ကောင်းသော မြန်မာရိုးရာဓလေ့များပင်ဖြစ်သည်။ အိမ်မပြန်နိုင်သည့် သားတစ်ယောက်အတွက် နီးစပ်ရာဆရာသမားများအား မိဘအရာထား ပူဇော်ကန်တော့ခြင်းသည်လည်း ဂါရဝတရားပင်ဖြစ်သည်။ `ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား´ ဟူသော ဆောင်ပုဒ်နှင့်အညီ ဗုဒ္ဓဘာသာဝင်တိုင်း လက်ကိုင်ထားကြ၍ ဝါတွင်းကင်းလွတ် သီတင်းကျွတ်အခါသာမယသည် ချစ်စရာ့မြန်မာ့ဓလေ့ မြန်မာဟန်များဖြင့် မုဒိတာပွားများမိသော စိတ်ချမ်းမြေ့ဖွယ် လရာသီပင်ဖြစ်သည်။ ထိုသီတင်းကျွတ်ညလေးတစ်ညနှင့်အပြိုင် တစ်ကိုယ်ရည်အတွေစများကို ကျနော် ဆွဲထုတ်မိသည်။ သီတင်းကျွတ်ကာလသည် မိုးလေကင်းလွတ်စ ပတ်ဝန်းကျင်တစ်ခုလုံး ခြောက်သွေ့စပြုလာသည်။ ထိုအတူ ကျနော့်၏စိတ်ဘဝင်သည်လည်း စိတ်အလိုမကျခြင်းများ ပူးကပ်နေသလို ခံစားနေမိသည်။

    ထို့ကြောင့် သီတင်းကျွတ်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဓလေ့ရိုးရာများ၊ ဘာသာရေးထုံးထမ်းဓလေ့များ၊ ကျနော် ရှာဖွေဖတ်ရှုနေမိသည်။ ကျနော့်အသိများ ပွင့်လန်းလာ၍ `မိုက်မဲလိုက်လေခြင်း´ ဟူသောနောင်တ တရားတစ်ခု ကျနော့်ကိုယ်ထဲစွဲကပ်လာသည်။ ကျနော်သည် ဘာသာရေးနှင့်ပတ်သက်လျှင် တော်တော်အလှမ်းဝေးသည့်နေရာတွင် တည်ရှိနေပါလား သံဝေဂတရားတစ်ခု ကပ်မိသွားပါသည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ မိမိတို့၏ ဓလေ့ရိုးရာ၊ ထုံးတမ်းများကိုသိရှိနေသင့်သည် မဟုတ်ပါလား။ ကျနော် သီတင်းကျွတ်ညလေးတစ်ညနှင့် ပတ်သက်သည့် အကြောင်းအရာဖြစ်စဉ်များကို ရှာဖွေနေမိတော့သည်။ လွမ်းဆွေးမနေတော့။ မူးယစ်မနေတော့။ တစ်ခါတစ်ရံ ဝိုင်းစက်နေသော လပြည့်ညတွင် အတွေးစဖြင့် ကျနော်မြင်အောင်ကြည့်မိသည်။ သီတင်းကျွတ်ညလေးထဲ ဘုရားရှင်ကိုယ်တော် လူ့ပြည်သို့ ကောင်းကင်ခရီး ကြွမြန်းလာပုံ။

    သီတင်းကျွတ်လပြည့်နေ့သည် ဘုရားရှင်ကိုယ်တော်မြတ်ကြီး နတ်ပြည်မှလူ့ပြည်သို့ ပထမဦးဆုံးခြေချသည့် နေ့ဖြစ်သည်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ဘုရားဖြစ်တော်မူပြီး (၆)ဝါအလွန် (၇)ဝါအရောက်၊ သက်တော်(၄၂)နှစ်တွင် အဘိဓမ္မာတရားတော်ကို ဟောကြားခဲ့သည်။ တာဝတိံသာနတ်ပြည်တွင် ဝါတွင်းသုံးလလုံးလုံး နတ်၊ သိကြား၊ ဗြဟ္မာများအား ဟောကြားပေးခဲ့သည်။ ဝါတွင်းသုံးလလုံးလုံး ဟောကြားပြီးသည့်နောက် အဘိဓမ္မာတရားတော် စုံလုံးပြီးပြည့်စုံသောအခါ လူ့ပြည်ကိုပြန်ကြွလာသည့် သီတင်းကျွတ်လပြည့်နေ့ကို အစွဲပြု၍ အဘိဓမ္မာအခါတော်နေ့ဖြစ်လာသည်။ အဘိဓမ္မာတရားတော်သည် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးမှ မိခင်မယ်တော်မိနတ်သားအား ကျေးဇူးဆပ်လိုခြင်းဖြင့် ဟောကြားခဲ့သော တရားတော်ဖြစ်သည်။ အတုမဲ့မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်(ခေါ်)လူ့ပြည် သို့ ဆင်းသက်ရာ၌ မီးရှူးတန်ဆောင်အလင်းရောင်ဖြင့် ထွန်းညှိပူဇော်သည့်ထုံးကို နှလုံးမူ၍ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်အပေါင်းတို့မှ သီတင်းကျွတ်ချိန်တွင် မြင့်မိုရ်မီးပွဲ ထွန်းညှိပူဇော်ခြင်းဖြစ်သည်ဟု သီတင်းကျွတ်ညလေးတစ်ည၏ ဖြစ်တည်ပုံကို စာပေများတွင် ကျနော် ဖတ်ရှူလေ့လာမှတ်သားမိသည်။

    ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ သုံးလတာကာလကို ဝါတွင်းကာလ ဟုသတ်မှတ်ထားသည်။ ဝါတွင်းကာလတွင် ဘုရားသားတော် ရဟန်းအရှင်သူမြတ်များသည် ကျောင်းတိုက်တစ်ခုခုတွင် ဝါဆို၍ တရားဘာဝနာများ သီးသန့်အားထုတ်ကြသည်။ ဘုရားသားတော် ရဟန်းအရှင်သူမြတ်များသည် မိမိတို့ဝါဆိုရာအရပ်တွင် “ပဝါရဏာ” ပြုကြသည်။ စည်းလုံးမှုအတွက် “ပဝါရဏာ” ပွဲကို ဆင်နွှဲကြခြင်းဖြစ်သည်။ “ပဝါရဏာ” ဆိုသည်မှာ ဖိတ်ကြားခြင်းဖြစ်သည်။ အတူတကွ ဝါဆိုကြသည့် အရှင်သူမြတ်အချင်းချင်း စိတ်အခန့်မသင့်မှုအလျောက် ဖြစ်တတ်ကြသည်။ ထိုသို့ဖြစ်ပေါ်လာခြင်း ကြေအေးစေရန် “ဖိတ်ကြားခြင်း” ဖြင့် သဘောထားကြီးမှုပြကြခြင်း ဖြစ်သည်ဟု ဖတ်ရှူမှတ်သားရပါသည်။ သီတင်းကျွတ်ပွဲနှင့်အတူ “ပဝါရဏာ” ပြုခြင်းသည်လည်း အတူတကွ ဖြစ်တည်လာခြင်းဖြစ်သည်။ ဆက်လက်၍ နယ်လွန်အတွေးစများ ကျနော်ဖြန့်ကျဲနေမိသည်။

    သီတင်းကျွတ်ညလေးတစ်ညတွင် ညို့မှိုင်းနေသော ကောင်းကင်ယံသည် မိုးသားတိမ်လိပ်များ တရိပ်ရိပ်ထိုးတက်လာသည်။ တိမ်ဇလာယံအဆုပ်များ ဝိုင်းစက်နေသော စန္ဒာလမင်းအလင်းအပေါ် ဖုံးအုပ်ထား၍ လရောင်ငတ်သောညလိုပင်။ တီဗီထဲတွင် ကြေညာနေသော မိုးလေဝသသတင်းတွင်လည်း ယခုကြားရက်၌ မုန်တိုင်းသတင်းက ကပ်ပါနေပါသည်။ သို့သော် မုန်တိုင်းသတင်းနှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်မှ ခြောက်ခြားတင်းကျပ်မနေပါ။ မိုးနှောင်းမိုးသည် မဟာပထဝီထဲ မည်သည်လောက ်စိုစွတ်အေးမြခြင်းများမည်နည်း။ သိပ်တော့မသေချာပါ။ ပွဲဖျက်မိုးလို ရွာချင်လည်းရွာမည်။ အုပ်ဆိုင်းထားလျက် အပူဒဏ်ကာကွယ်ရန် တိမ်ဇလာယံကိုကာကွယ်ချင် ကာကွယ်ပေးထားလိမ့်မည်။ ဤသည်မိုးလေဝသသတင်းမှာလည်း မရေရာမသေချာသည့် ငြိမ်းချမ်းရေး တည်ဆောက်မှုပမာ အမျိုးမျိုးပြောင်းလဲနေခြင်းလား ကျနော် သေချာမသိပါ။

    သီတင်းကျွတ်ညလေးတစ်ညတွင် အစိုးမရသော ကျနော့်စိတ်သည် အားကောင်းမောင်းသန်စွာ လေနှင်ရာ လွင့်မျောချင်သလို လွင့်မျောနေသည်။ တစ်ခါတစ်ရံ မိုးခြိမ်းသံများလည်း ကြားနေရသည်။ ဇာတ်ပွဲသံများလည်း မြို့ရွာအနှံ့ ဟိုလေးတကျော်ကျော်ပင်။ မိုးလေကင်းလွတ်စ ဈေးဦးပေါက်ကာလဖြစ်သည်နှင့်အညီ သူနှင့်ငါအပြိုင် (Promotion)ပေးလျက်။ မိုးတွင်းကာလအနားယူရာမှ ပြန်လည်နိုးထ အရှိန်ယူသည့်အချိန်လည်းဖြစ်သည်။ နိုးထခြင်းနှင့်ပတ်သက်၍ အတွေးစများ ကျနော်ဆက်လက် ဆွဲထုတ်နေမိပြန်သည်။ ကျနော်သည် လွမ်းခြင်းနှင့် တွေးဆခြင်းကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်သည်။ ယခင်ဘဝက အတွေးအခေါ်ပညာရှင်များ သေပြီးဝင်စားတာလားမသိ။ မရေရာခြင်းသည် ယနေ့ဘဝတောင် မှန်ကန်မှုနေမှတော့ နောင်ဘဝအကြောင်း ကျနော်မေ့ထားမိသည်။

    ဤနေရာမှမဟုတ် မည်သည့်ဘဝတိုက်ပွဲတွင်မဆို လဲကျ၍ပြန်မထနိုင်သော အခိုက်အတန့်များစွာ ကျနော်တို့ ကိုယ်စီကြုံခဲ့ဖူးသည်။ အချိူ့မှာ ထာဝရသေဆုံး၍ ကမ္ဘာလောကမှ လူမသိသူမသိ ပျောက်ကွယ်သွားကြသည်။ အချို့မှာ မွန်းကျပ်မှုကြား ယိုင်နဲ့နဲ့ခြေလှမ်းဖြင့် ကြိုးစားရုန်းထနေကြသည်။ အချို့မှာ ကတုံးပေါ်ထိပ်ကွက် မျက်ခုံးပေါ်စြင်္ကန်လျှောက်လှက် မသထာရေစာကို ကိုယ်ချင်းစာတရားမဲ့စွာ မြိန်ရေရှက်ရေစားသုံးနေကြသည်။ မတူညီသော အသက်ရှူသံကြား တူညီသောနိုးထခြင်းဖြင့် တည့်မတ်နိုင်စေမည်။ မကောင်းမှုပြုသောသူသည် တူသောအကျိုးကို ပြန်လည်ခံစားရမည်ဖြစ်သည်။ ဤသည်မှလည်း လောကနိယာမတရားအရ သဘာဝကျမည်ဖြစ်သည်။ ဘဝသစ်၊ ခြေလှမ်းသစ်များနှင့်အတူ နစ်ဝင်ကျွံကျခဲ့ရခြင်းမှ ရုန်းထွက်နိုးထနိုင်ပါစေဟု သီတင်းကျွတ်ညရင်ခွင်ထဲမှ ကျနော် ဆုမွန်ကောင်းတောင်း မေတ္တာပို့ပေးနေမိသည်။

    ဝါကျွတ်ပွဲနှင့်အတူ ချစ်သူများမှာလည်း ချစ်ကဗျာသံစဉ်များ နှစ်ကိုယ်သားသီကျူးရန် အချိန်အခါကျရောက်ပြန်ပေါ့။ ချစ်သူဘဝမှ လက်ထပ်ထိမ်းမြားခြင်းဆိုသည့် မိသားစုဘဝ စည်းဘောင်တစ်ခုဆီသို့ လျှောက်လှမ်းရန် ပြင်ဆင်နေကြသည်။ မိဘများကလည်း မိဘဝတ္တရားအတိုင်း ဆောင်ရွက်ရသည်။ ထိန်းသိမ်းသင့်သော ကျင့်ဝတ်တရားများ မှာကြားသည်။ ဘိုးဘွားပိုင်အမွေများ လက်ဆင့်ကမ်းပေး၍ တိုးတက်ပွားများအောင် ကြံဆောင်ရရန် ထိမ်းမြားလက်ထပ်မင်္ဂလာ ပြုပေးကြသည်။ ဤသို့ အဆင်ပြေချောမွေ့သည့် ချစ်သံစဉ်များရှိသကဲ့သို့ ဝါကျွတ်နှင့်အပြိုင် ချစ်သူနှင့်ကွေကွင်းရ၍ အလွမ်းအဆွေးဒဏ် ကျိတ်မှိတ်ခံစားနေရသူများလည်း ရှိသည်။ ထိုကာလတွင် ပူလောင်ပြင်းရှသည့်ဒဏ်ရာဒဏ်ချက်တွေကို ဘုရားရိပ်၊ တရားရိပ်မှာ ဟန်ဆောင်နှစ်သိမ့်မိပြန်ပေါ့။ ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်ခြင်း၊ နွမ်းလျခြင်း၊ ပူလောင်ခြင်း၊ ငြိမ်းချမ်းခြင်း ရောင်စုံရောထွေးနေသော သီတင်းကျွတ်ညလေးတစ်ညပင်။

    ငယ်စဉ်ကတည်းမှ ကျနော့်တွင် သီတင်းကျွတ်နှင့်ပတ်သတ်သော အမှတ်တရမရှိပါ။ သို့သော် ကျောင်းနေရွယ်တွင် နှစ်ဝက်ဆုံးစာမေးပွဲဖြေဆိုပြီး ကျောင်း(၁၅)ရက်ပိတ်၍ မိဘနေအိမ်ဆီပြန်ရသည်ဆိုသည့် ကလေးသဘာဝ ကလေးအတွေးမျှလောက်သာရှိသည်။ ဘာသာရေးနှင့် ပတ်သက်သော စာပေများလည်း ဖတ်ရှူခြင်းမရှိ။ အလယ်တန်းကျောင်းသားဘဝရောက်မှ အပျော်ဖတ်ဝတ္ထုများ၊ ရုပ်ပြခေတ်ကောင်းချိန်ဖြစ်၍ ရုပ်ပြကာတွန်းစာအုပ်များ၊ ပုံပြင်စာအုပ်များသာ ဖတ်ရှူလာခဲ့သည်။ ထို့ကြောင့် သီတင်းကျွတ်အကြောင်း ဘာမှမသိခြင်းမှာ အပြစ်ဟုမဆိုသာပါ။ သီတင်းကျွတ်ရင်ကျောင်းပိတ်မည်။ သီတင်းကျွတ်ညလေးထဲ ဆီမီးထွန်းညှိပူဇော်မည်။ မည်သည့်အတွက်ကြောင့် ထွန်းညှိပူဇော်ရခြင်းကို သိရှိခြင်းမရှိပါ။ ပွဲလမ်းသဘင်များသွားမည်။ ကြိုက်နှစ်သက်သော မုန့်ပဲသရေစာများ လုပ်စားဖို့ရန် အမေ့အားပူဆာမည်။ အပျော်ခရီးထွက်မည်။ ဤမျှလောက်သာ အပူအပင်ကင်းသော အစိမ်းရောင်နေ့စွဲအောက်မှ ဖြူစင်သောကလေးဘဝ၏ သီတင်းကျွတ်ညလေးတစ်ည ဖြတ်သန်းခြင်းပင်ဖြစ်သည်။

    ဝါတွင်းကင်းလွတ် သီတင်းကျွတ်ကာလသည် အလုပ်ရုံ၊ ကျောင်းများ ပိတ်ထားသည့်ကာလဖြစ်၍ မိသားစုစုံစုံညီညီ ပြန်လည်ဆုံတွေ့ခွင့်ရကြသည်။ မိသားစုအလိုက် ဘုရားဖူးထွက် အပန်းဖြေအနားယူသည့် ရာသီပင်။ နိုင်ငံ့ဝန်ထမ်းများမှာလည်း အလုပ်ခွင်မွန်းကျပ်မှုမှ ခေတ္တရုန်းထွက်ခွင့်ရ၍ မိဘအရိပ်ဆီ ပြန်လည်ခိုနားကြသည်။ ပျော်ပွဲရွှင်ပွဲများလည်း မြို့ရွာအလိုက် စည်းကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ကျောင်းသားလူငယ်များအတွက်လည်း ရှေ့တိုးဖို့ခြေလှမ်းများစွာအတွက် နောက်တစ်လှမ်းဆုတ် အနားယူအားမွေးချိန်ဖြစ်သည်။ ကိုယ်ရောစိတ်ပါ နွမ်းလျနေသူများအတွက် ခေတ္တစိတ်ထွက်ပေါက်ပေးရာ သီတင်းကျွတ်ညလေးတစ်ညပင်။

    သီတင်းကျွတ်ညရင်ခွင်ထဲ ကွယ်လွန်သွားရှာပြီးဖြစ်သော အဆိုတော်ကြီး “ခင်ဝမ်း” ၏ “ဟိုးတစ်ဖက်ကမ်းက တရားဒေသနာ၊ ပူလောင်ခြင်းရဲ့ ငြိမ်းချမ်းမှုလေလား၊ ပူလောင်ကျွမ်းတဲ့ နှလုံးသားကိုယ့်အသည်းကို၊ ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ” “နဒီမင်္ဂလာ” တေးအပိုင်းအစကို တိုးတိုးလေး ကျနော်ညည်းဆိုနေမိ၏။ ကျနော်တို့ပူလောင်နေတုန်းပင်။ ဒေါ်လာဈေးနှင့်အပြိုင် ခေါင်းခိုက်နေသည့် ကုန်းဈေးနှုန်းအတွက် ကျနော်တို့ပူလောင်နေရ။ မငြိမ်းချမ်းနိုင်သော စစ်ပွဲကြီးများအတွက် ကျနော်တို့ တိုင်းရင်းသားညီအစ်ကိုများ ပူလောင်နေရ။ ကျပ်တည်းသည့်စီးပွားရေးကြောင့် လုပ်စရာအလုပ်မရှိ။ တစ်နှစ်ထက်တစ်ဦး အလုပ်လက်မဲ့ဦးရေ များပြားလာသောကြောင့် ဝမ်းတစ်ထွာပြည့်ဝဖို့ ကျနော်တို့ပူလောင်နေရ။ အမျိုးသားရေးမှိုင်းတိုက် နိုင်ငံကိုပုံဖျက်အမြတ်ထုတ်မှုများကြောင့် ကျနော်တို့ပူလောင်နေရ။ ပူလောင်ခြင်းနှင့် အသားကျပြီးသား ကျနော်တို့မှာ မည်သည့်နေရာများ ငြိမ်းချမ်းမှုတွေရှိဦးမည်နည်း။ သီတင်းကျွတ်ညလေးတစ်ညထဲ ဆက်လက်ပွားများနေမိရုံမှအပ ကျနော်တို့ဘာများတတ်နိုင်မည်နည်း။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,400SubscribersSubscribe
    spot_img

    Latest posts