spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းမွန်ပါတီ Mon Party တရားဝင်မှတ်ပုံတင်နိုင်ရန် အမြန်ကြိုးပမ်းသွားမည်

    မွန်ပါတီ Mon Party တရားဝင်မှတ်ပုံတင်နိုင်ရန် အမြန်ကြိုးပမ်းသွားမည်

    -

    ရွှေရိုး(အောက်တိုဘာ-၂၆)။ ။ မွန်နှစ်ပါတီနှင့် နိုင်ငံရေးအင်အားစုများ ပေါင်းစည်းထားသော မွန်နိုင်ငံရေးပါတီသစ်တစ်ခုဖြစ်သည့် မွန်ပါတီ Mon Party မှတ်ပုံတင်နိုင်ရန် အမြန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

    “လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ အစည်းဝေးကျင်းပပြီးတော့ အမြန်ဆုံးဖြစ်မြောက်အောင် ၂၀၁၈ အကုန် ၂၀၁၉ နှစ်အစပိုင်းမှာ မှတ်ပုံတင်နိုင်ဖို့ ကြိုးပမ်းသွားမယ်၊ မွန်ပြည်သူတွေအနေနဲ့လည်း သံသယမဖြစ်ပါနဲ့ မွန်ပါတီက တစ်ခုတည်းပဲဖြစ်ပါ့မယ်”ဟု မွန်ပါတီ တွဲဖက်အတွင်းရေးမှုး (၂) နိုင်စံတင်က ပြောသည်။

    လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် မွန်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၌ ပါတီမှတ်ပုံတင်ရေးကိစ္စရပ်များ၊ ပါတီဖွဲ့စည်းပုံစည်းမျဉ်းမူကြမ်းများကို ပြန်လည်သုံးသပ်ရန်အတွက် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

    ပေါင်းစည်းရေးလက်မှတ်ရေးထိုးသူများနှင့် အသိသက်သေများ(MNA)

    “ဒီအပေါ်ပိုင်းမှာ ပေါင်းစည်းလို့ပြီးပေမယ့် အောက်ခြေမြို့နယ်နဲ့ကျေးရွာတွေမှာ မပေါင်းစည်းရသေးဘူး။ အောက်ခြေမှာလည်း ပေါင်းစည်းနိုင်စေဖို့ အောက်ခြေပါတီပေါင်းစည်းရေးကော်မတီကို ဖွဲ့စည်းသွားမယ်။ နောက်ပြီး ဘဏ္ဍာရေးကော်မတီတွေကို ဖွဲ့စည်းရမယ်။ နောက်ပြီး အခြားကော်မတီတွေလည်း ဖွဲ့စည်းသွားဖို့ရှိတယ်၊ ဒါတွေက အစည်းအဝေးမှာ အားလုံးသဘောတူညီချက်အတိုင်း ဖွဲ့စည်းသွားမယ် ”ဟု နိုင်စံတင်က ဆက်ပြောသည်။

    ပေါင်းစည်းရေးတွင် မွန်နိုင်ငံရေးနှစ်ပါတီ၊ မွန်အမျိုးသားကိုယ်စားပြုပါတီဖော်ဆောင်ရေးကော်မတီနှင့် မွန်လူမှုအဖွဲ့အစည်းများအားလုံးပါဝင်နေသည့်အတွက် လက်ရှိအနေအထားအရ မွန်ပါတီအသစ်တွင် ဥက္ကဌနှင့် အတွင်းရေးမှူးနေရာကို မွန်နှစ်ပါတီကသာ ရရှိထားပြီး မွန်အမျိုးသားကိုယ်စားပြုပါတီဖော်ဆောင်ရေးကော်မတီနှင့် မွန်လူမှုအဖွဲ့အစည်းများလည်းပါဝင် နေသည့်အတွက် ပါတီထိပ်ပိုင်းတာဝန်များကို အချိုးကျခွဲဝေပေးသင့်ကြောင်း ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ နိုင်အောက်စားက ဆိုသည်။

    “နိုင်ငံရေးပါတီအသစ်ရဲ့ဖွဲ့စည်းပုံစည်းမျဉ်းကို ရေးဆွဲတဲ့အခါမှာလည်း ကဏ္ဍအသီးသီးက ပါဝင်ရမယ်။ မွန်ပြည်သူတွေ ရေးဆွဲထားတဲ့ဖွဲ့စည်းပုံကိုလည်း ထည့်သွင်းစဉ်းစားရမယ်၊ ရှိပြီးသား နှစ်ပါတီရဲ့ဖွဲ့စည်းပုံကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ပြီးတော့ အတည်ပြုတဲ့အခါမှာလည်း နိုင်ငံရေးပါတီတစ်ခုတည်းအတည်ပြုလို့မရဘူး၊ မွန်ပြည်သူတွေ မွန်အဖွဲ့အစည်းတွေရဲ့ဆန္ဒတွေကို ခံယူပြီးတော့ အတည်ပြုမယ်ဆိုရင် တစ်မျိုးသားလုံးကို ကိုယ်စားပြုမယ့် ပါတီဖြစ်သွားမယ် ဒါကတော့ အရေးကြီးတယ်”ဟု ၎င်းက ပြောသည်။

    မွန်ပါတီဗဟိုကော်မတီတွင် မွန်နိုင်ငံရေးနှစ်ပါတီက တစ်ဖက် ၅၀ ဦး၊ မွန်အမျိုးသားကိုယ်စားပြုဖော်ဆောင် ရေးကော်မတီက ၂၀ ဦးနှင့် မွန်လူမှူအဖွဲ့အစည်းက ၂၀ တို့ဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

    စက်တင်ဘာလ ၂၁ ရက်နေ့က မော်လမြိုင်မြို့ရှိ Royal Hinthar Hotel တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP, မွန်အမျိုးသားပါတီ MNP နှင့် မွန်အမျိုးသားကိုယ်စားပြုဖော်ဆောင်ရေးကော်မတီတို့ ပေါင်းစည်းရေးလက်မှတ်ရေးထိုးပွဲနှင့် မွန်ပါတီသစ်မိတ်ဆက်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks