spot_img
Saturday, May 4, 2024
More
    spot_img
    Homeဆောင်းပါးနှစ်ဆယ့်လေးထောင့်ချိုး

    နှစ်ဆယ့်လေးထောင့်ချိုး

    -

    တောတောင်ခင်တန်းများသည် တို့ထိခံထားခြင်းမရှိပဲ သဘာဝအတိုင်း စိမ်းစိုလှပနေသည်။ တစ်မျှော်တစ်ခေါ် ရှည်လျားသော အညိုရောင်တောင်တန်းကြီးများ တောင်နှင့်မြောက် သွယ်တန်းနေသည်။ ရွှေဖြူ(ခေါ်)ရာဘာ စိုက်ခင်းများ လမ်းတစ်လျှောက် စီစီရီရီ။ “နှစ်ဆယ့်လေးထောင့်ချိုး” ဟု ကျွန်တော့်ဘာသာ နာမည်ပေးထားမိသည့် ကျွန်တော့် မွေးရပ်မြေကလေးသည် ဆယ်စုနှစ်ပေါင်းများစွာ အမေ့ခံနေရာလေး ဖြစ်ခဲ့သည်။ ယနေ့တွင် ကံကြမ္မာချားရဟတ် တစ်ပတ်လည်၍ ခေတ်၏ သမင်လည်ပြန်မှုနှင့်အတူ နိုးထလမ်းလျှောက်ရန် စိုင်းပြင်းနေပြီ ဖြစ်သည်။

    ကျွန်တော် ရှင်သန်ခဲ့သော “နှစ်ဆယ့်လေးထောင့်ချိုးသည်” ဆယ်စုနှစ်များစွာ အရာရာနိမ့်ကျခဲ့သည်။ ခေတ်အစဉ်အဆက် မြင်ကွင်းထဲမှ အဖျောက်ခံထားရသလိုပင်။ စစ်ဘေးစစ်ဒဏ်များ တိုက်စားခြင်း ခံခဲ့ရသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည့် အမည်းရောင်နယ်မြေ သမုတ်ခံခဲ့ရသည်။ စီးပွားရေးအခွင့်အလမ်းများမရှိ။ ဉာဏ်ပညာများဆိတ်သုဉ်းလျက်။ နွားခြေရာခွက်ထဲမှ ဖားသူငယ်ပမာ မျက်စိသူငယ်၊ နားသူငယ်နှင့် သိမ်ငယ်ခဲ့ရသည်။ ကတုံးပေါ်ထိပ်ကွက် အချောင်သမားများ စိုးမိုးချယ်လှယ်ရန် ချောင်းမြောင်းခံခဲ့ရသည်။ လိုသလိုစားသုံးပြီး အိပ်ကပ်အဖောင်းသားနှင့် အိမ်ပြန်သွားကြသည်။ ကျွန်တော်တို့မှာ ပကတိအမှောင်ကို ရှူရှိုက်နေရဆဲ။ မှောင်နေဆဲညအောက် တိုးဝင်နေရဆဲ။ မြစ်ကျိုးအင်း၏ မြစ်လက်တက်ပမာ ပြတ်ကျန်နေဆဲ။

    မွန်ဒေသမြင်ကွင်းတစ်ခု(Internet)

    ယခင်ကာလများတွင် အခြားသော အခွင့်အလမ်းများ မဆိုထားနှင့်။ အခြေခံအဆင့် လူသားတစ်ယောက်၏ တန်းတူရပိုင်ခွင့် အခွင့်အရေးများပင် ဆုံးရှုံးခဲ့ရသည်။ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲနှစ်ရပ်လုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်မရှိ။ အရေးပေါ်ဆေးဝါးကုသနိုင်ရန်ဆေးရုံမရှိ။ ရေပြင်ကျယ်ပေါ် စက်သဗ္ဗာန်များ အားကိုးနေရဆဲ။ အမှောင်ညထဲ စမ်းတဝါးဝါး ဖြတ်သန်းနေရဆဲ။ ထုတ်ဖော်ပြသခွင့် မရခဲ့ကြသည့် မျက်ကြည်လွှာပေါ် စိတ်ကူးနှင့်ရေးသားထားသည့် အိပ်မက်များ။ မြိုသိပ်လိုက်ရသည့် ရေပြင်ကျယ်ပေါ် တံလျပ်ထနေသည့် အကြောင်းတရားများ။ ဖယောင်းတိုင်မီးအလင်းဖြင့် အနာဂတ်လှပဖို့ အမှောင်ညကို အန်တုနေရဆဲ။

    တိုးတက်ပြောင်းလဲနေသည့် “ကမ္ဘာ့ရွာကြီး” ဟုဆိုသော “ဂလိုဘယ်လိုင်ဇေးရှင်း” နည်းပညာ တိုးတက်ထွန်းကားသောခေတ်တွင် နှစ်ပေါင်းခြောက်ဆယ်ကျော် ဒေသတွင်း ပြည်သူများ၏ လူနေမှုအဆင့်အတန်းမှာ သုညသာသာ နိမ့်ကျခဲ့သည်။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး အဖက်ဖက်မှ နောက်ကောက်ကျန်ခဲ့ပြီး ဖြစ်သည်။ “နှစ်ဆယ့်လေးထောင့်ချိုး” အတွင်းရှိ ကလေးငယ်များနှင့် ကျောင်းနေရွယ် လူငယ်များသည် စီးပွားရေး အဆင်မပြေသောကြောင့် မိမိအရပ်ဒေသကို စွန့်ခွာ၍ ရွေ့ပြောင်းလုပ်သားဘဝဖြင့် မိသားစုနှင့်အတူ ရုန်းကန်ခဲ့ရသည်။ ကျောင်းနေရွယ် ကလေးငယ်များမှာ မရွယ်မတိုင်မီပင် စာသင်ခန်းနှင့်ဝေးရာသို့ လွင့်ပါးခဲ့ရသည်။

    ဒေသတွင်းရှိ လူငယ်များသည် ပညာရည်အဆင့်အတန်း နိမ့်ကျသောကြောင့် အမြော်အမြင်များလည်း ကျယ်ပြန့်ခြင်းမရှိ။ ထို့ကြောင့် ဝိသမလောဘသမားများ၏ မူးယစ်သားကောင်အဖြစ် အသုံးတော်ခံများ ဖြစ်လာခဲ့ကြသည်။ စိတ်ကြွမူးယစ်ဆေးဝါး ဒေသအတွင်းသို့ စိမ့်ဝင်ပျံ့နှံ့မှုမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ အလွန်အန္တရာယ်များသော အနေအထား စိုးရိမ်ရေမှတ် ရောက်ရှိနေပြီးဖြစ်သည်။ လွန်ခဲ့သောဆယ်စုနှစ်တွင် သုံးစွဲဖူးသူအချင်းချင်း လက်တို့သုံးစွဲသော အနေအထားတွင် ရှိနေသေးသည်။ သုံးစွဲဖူးသူ လူနည်းစုမျှလောက်သာ သိုဝှက်သုံးစွဲခဲ့သောကြောင့် ယနေ့ကဲ့သို့ ကျယ်ပြန့်ခြင်းမရှိ။

    ယနေ့အချိန်တွင် လူပျိုဖော်ဝင် အရွယ်အပိုင်းအခြားမှစ၍ လူလတ်ပိုင်းသာမက လူကြီးပိုင်းထိတိုင်အောင် အရွယ်သုံးပါးမရွေး မူးယစ်နွံထဲ နစ်မြှုပ်ကျွံဝင်နေသည်မှာ အလွန်ဝမ်းနည်းဖွယ်ကောင်းလှသည်။ ဆေးသုံးစွဲသည့်အကျင့်ဆိုးသည် ထိုင်းနိုင်ငံသို့ ရွေ့ပြောင်းလုပ်သားဘဝ သွားရောက်လုပ်ကိုင်ရာမှ မိမိနေရပ်ဆီသို့ ပြန်သယ်ဆောင်လာသော အကျင့်ဆိုးတစ်ခုဖြစ်သည်။ ထိုအကျင့်ဆိုးနွံမှ အလျင်အမြန် ရုန်းထွက်ရန်လိုသည်။ ထိထိရောက်ရောက်နှင့် ပြတ်သားစွာ တားဆီးအရေးယူရန်လည်း လိုအပ်သည်။ “နှစ်ဆယ့်လေးထောင့်ချိုး” ၏ အနာဂတ်တစ်ခုလုံးကို ဝါးမြိုမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အတူတကွလက်တွဲကူ အဖြေရှာသင့်ပြီးဖြစ်သည်။

    ယခုအခါတွင် စိတ်ကြွရူးသွပ်ဆေးပြားသည် စျေးနှုန်းမြင့်မားမှုကြောင့် အလွယ်တကူမသုံးစွဲနိုင်တော့။ ဆေးပြားအစား ဘိန်းစာရွက်ပြုတ်ရည်ကို ထပ်မံသောက်သုံး မူးယစ်နေကြပြန်သည်။ ဒေသတွင်း လူငယ်များကိုယ်တိုင် ဘဝခံယူချက် ဘာမှမရှိတော့။ ဦးတည်ချက် ပျောက်ဆုံးနေကြသည်။ နိုင်ငံရပ်ခြားတွင် ပင်ပန်းဆင်းရဲစွာ စုဆောင်းထားခဲ့ရသည့် ချွေနဲစာများကို စိတ်ဆန္ဒနောက်လိုက်၍ သုံးဖြုန်းနေကြသည်။ ကမ်းနှင့်ဝေးသည့်အဖြစ်တွေ မည်သည့်အချိန်ထိတိုင်အောင် မျောလွင့်ရဦးမည်နည်း။ ဆက်လက်အတွေးမပွားရဲအောင်ပင် ရင်ဘတ်တစ်ခုလုံး နာကျင်နေမိသည်။

    ဒေသတွင်းလူငယ်များသည် ပညာရည်နိမ့်ပါးမှုကြောင့် ဝိသမလောဘသမားများ၏ လှည့်ကွက်ထဲ တဝဲဝဲလည်လျက် အနာဂတ်များ ဖျက်ဆီးခံနေရသည်။ လွန်ခဲ့သော ဆယ်စုနှစ်တွင် ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားခွင့်ရသူဦးရေသည် လက်ချိုးရေတွက်ရလောက်အောင် ပမာဏ အလွန်နည်းပါးခဲ့သည်။ ပိုက်ဆံရှိအသိုင်းအဝိုင်းနှင့် ပညာအနည်းအကျဉ်း တက်ရောက်သင်ကြားဖူးသည့် ခေတ်အမြင်ရှိသော မိသားစုမှ ပေါက်ဖွားလာသည့် သား၊ သမီးများသာ ပညာရေးကိုဆုံးခန်းတိုင်အောင် ဆက်လက်သင်ကြားခွင့်ရခဲ့သည်။

    ဒေသတွင်းရှိ မိဘများကိုယ်တိုင်သည်လည်း ပညာရေးကို အားမပေးခဲ့။ အချိန်တန်အရွယ်ရောက်သည့်အခါ ကျောင်းထွက် အလုပ်လုပ်မှ မိသားစုတာဝန်ကို တနိုင်တပိုင် ကူညီရာရောက်သည်ဟု အယူအဆများ လွဲမှားခဲ့ကြသည်။ မိဘများကိုယ်တိုင် ငွေရှိမှလူရာဝင်သည်ဟုလည်း အတွေးအခေါ်များ ချွတ်ချော်ခဲ့သည်။ ထိုသို့လွဲမှားနေသော အတွေးခေါ်များသည် သံမှိုရိုက်နှိပ်ထားသကဲ့သို့ ရှေးရိုးစွဲ တယူသန်ဆန်လွန်းသည်။ ဤကဲ့သို့ ချွတ်ချော်လွဲမှားနေသော အယူအဆများကို ဖျောက်ဖျက်သင့်ပြီး မျက်ဝါးထင်ထင် မြင်တွေ့နေရသော အရှိတရားကို ပြောင်းလဲကျင့်ကြံရန်လိုသည်။

    လူငယ်နှင့်မူးယစ်ဆေးဝါး ပြဿနာသည် အမျိုးသားရေး ပြဿနာတစ်ရပ်အနေဖြစ် ထိရောက်စွာ အရေးယူကိုင်တွယ်ရန် လိုအပ်ပြီးဖြစ်သည်။ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဟူသော ဆောင်ပုဒ်နှင့်အညီ လူငယ်များသည် နောင်တစ်ခေတ်၏ မျိုးဆက်သစ်များဖြစ်သည်။ မဝေးတော့သည့်အနာဂတ်တွင် ပခုံးလွှဲတာဝန်များ ဆက်လက် ထမ်းဆောင်မည့်သူများ ဖြစ်သည်။ တိုးတက်ပြောင်းလဲနေသော ပညာရေးစီးကြောင်းထဲ ကူးခတ်ရုန်းထနိုင်မှသာ အနာဂတ်ဘဝများ လှပမည်ဖြစ်သည်။ ထိုမှတဆင့် အရှုံးနွံထဲနစ်မြုပ်နေသည့် အကြောင်းတရားများကို အကျိုးအကြောင်းလျော်ညီစွာ ရှာဖွေဖော်ထုတ် အဖြေထုတ်နိုင်မည်ဖြစ်သည်။

    ဆယ်စုနှစ်ပေါင်းများစွာ နစ်မြှုပ်နေသော “နှစ်ဆယ့်လေးထောင့်ချိုး” သည် အိပ်မက်မှနိုးထရန် အချိန်တန်ပြီးဖြစ်သည်။ “မိသားစု တစ်စုလုံးပေါင်းမှ လေးတန်းမအောင်ဘူး” အနှိမ်ခံရက်စွဲများ ရှိခဲ့သည်။ ဆုံးရှုံးခဲ့ရသည့် လူသားတစ်ယောက်၏ အခွင့်အရေးများလည်း ပြန်လည်ဆုပ်ကိုင်နိုင်အောင် တက်လှမ်းတောင်းဆိုရမည်။ လူငယ်များသည်လည်း မူးယစ်သားကောင်အဖြစ် အိပ်မနေသင့်တော့။ နာကျင်မှုမှသည် မခံချင်စိတ်မွေးဖွား ပေးဆပ်ဖို့အချိန်ရောက်ပြီး ဖြစ်သည်။ တိုးတက်ပြောင်းလဲနေသော ခေတ်ရေစီးနှင့်အညီ လွဲမှားနေသော မိမိတို့၏ စိတ်ဓါတ်၊ ခံယူချက်၊ ယုံကြည်ချက်များကို သွေးသစ်လောင်း ပြုပြင်သင့်ပြီးဖြစ်သည်။ သို့မှသာလျှင် ကျွန်တော်တို့၏ “နှစ်ဆယ့်လေးထောင့်ချိုး” ကြီး စိမ်းလန်းလှပ သာယာဝပြောလာလိမ့်မည် ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts