spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်း၂၁ ရာစုပင်လုံတတိယအစည်းအဝေးတွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်ရေးရာအချက်များ မချမှတ်နိုင်ဟု မွန်ခေါင်းဆောင်များသုံးသပ်

    ၂၁ ရာစုပင်လုံတတိယအစည်းအဝေးတွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်ရေးရာအချက်များ မချမှတ်နိုင်ဟု မွန်ခေါင်းဆောင်များသုံးသပ်

    -

    လက်ရှိကျင်းပနေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ရေးရာအချက်များ ဆုံးဖြတ်ချက် ချမှတ်နိုင်လိမ့်မည်မဟုတ်ကြောင်း ညီလာခံတက်ရောက်သူ မွန်ခေါင်းဆောင်များက သုံးသပ်ပြောကြားသည်။

    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက “ဆွေးနွေးမယ့်အချက်တွေက သိပ်မများပါဘူး၊ အရေးကြီးတဲ့ကိစ္စတွေဆိုရင် လုံးဝကိုမဆွေးနွေးရတဲ့ အနေထားမျိုးဖြစ်နေတယ် ညှိလို့မရဘူးဗျ၊ ဥပမာဆိုရင် နိုင်ငံရေးဘက်မှာ တိုင်းရင်းသားတွေရဲ့အခွင့်အရေး လူနည်းစုတွေရဲ့အခွင့်အရေး ဖက်ဒရယ်မူတွေ ဒါတွေလည်း လုံးဝကိုမရဆွေးနွေးဘူးခင်ဗျ၊ ဘာကို ဆွေးနွေးမှာလည်း ဆိုတော့ ကျား/မတန်းတူရေး နော် အဲသလောက်ဘဲသွားရတယ်၊ ဒါက လူမှုရေးနဲ့ သွားဆိုင်တယ်ဗျ” ဟု ဆိုသည်။

    ညီလာခံတွင် လုံခြုံရေးကဏ္ဍကိုဆွေးနွေးသော်လည်း ဆုံးဖြတ်ချက် ချမှတ််မည်မဟုတ်ကြောင်း၊ နိုင်ငံရေးကဏ္ဍတွင် “နိုင်ငံတော်၏ အစိတ်အပိုင်းဟူသမျှ လုံးဝခွဲမထွက်ရ” ဆိုသည့် အချက်ကို ထည့်သွင်းဖော်ပြမှသာ ဖက်ဒရယ်အခြေခံမူများ ဆွေးနွေးရန် တပ်မတော်အစုအဖွဲ့က သဘောထားရှိကြောင်း၊ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော ရှမ်း၊ ကချင်၊ ချင်း စသည့်တိုင်းရင်းသားများအနေဖြင့် မူလပင်လုံစာချုပ်နှင့်ဆန်ကျင်နေသော အချက်အလက်များကို လက်ခံနိုင်လိမ့်မည် မထင်ကြောင်း ၄င်းက ဆက်ပြောသည်။

    တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီးနေအိမ်တွင်၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) တက်ရောက်သော မွန်ခေါင်းဆောင်များကို မြင်တွေ့ရစဉ်(Facebook)

    အလားတူ မွန်အမျိုးသားပါတီ MNP အထွေထွေအတွင်းရေးမှူး နိုင်လယိတမက “ထွက်ပေါ်လာတဲ့ သဘောတူညီချက်ရလဒ်တွေကတော့ ကျနော်တို့ရည်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ဆိုင်တဲ့ သဘောတူညီချက်တွေ ပါမလာနိုင်ပါဘူး၊ ဆွေးနွေးခွင့်လည်း မရှိဘူး၊ ဒီညီလာခံမှာတော့ ရရှိလာမယ့် သဘောတူညီချက်တွေကတော့ သာမန် သိပ်အဓိကမကျတဲ့အချက်တွေလောက်ဘဲ ကျလာနိုင်မှာပါ” ဟု ဆိုသည်။

    မကြာမီက ကျင်းပပြီးစီးခဲ့သည့် ကဏ္ဍကြီး ၅ ရပ်၏လုပ်ငန်းကော်မတီ အစည်းအဝေးများ၌ တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများနှင့်ပတ်သက်၍ တပ်မတော်အစုအဖွဲ့က လက်မခံသေးသဖြင့် အရေးကြီးသည့် နိုင်ငံရေးဆိုင်ရာအကြောင်းအရာများကို လက်ရှိညီလာခံတွင် ဆွေးနွေးဖြစ်မည် မဟုတ်ကြောင်း၊ ညီလာခံဖြစ်မြောက်သွားစေရန် ကျင်းပရခြင်းသာဖြစ်ကြောင်း ၄င်းက သုံးသပ်သည်။

    လက်ရှိညီလာခံမကျင်းပမီ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC သို့ တင်သွင်းခဲ့သော စာတမ်းများတွင် မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှ ရ၁ ချက်၊ တိုင်းရင်းသားလက်နက်ကိုင်များ EAOs မှ ၂၁ ချက်၊ နိုင်ငံရေးပါတီများမှ ၈ ချက်နှင့် ယမန်နှစ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှ ကျန်ရှိသည့်အချက်များအနက် ၆ ချက်တို့ကို ၆ ရက်ကြာဆွေးနွေးခဲ့ကြရာတွင် ၁၂ ချက်သာ သဘောတူညီမှုရရှိခဲ့ပြီး ယခုညီလာခံတွင် ဆွေးနွေးသွားမည်ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

    သို့ရာတွင် အမျိုးသမီးပါတီ(မွန်) ဥက္ကဌ မိသန်းရှင်(ခေါ်) မိလယိုင်မွန်က “ညီလာခံကို မကျင်းပဖြစ်တာထက်စာရင် ကျင်းပဖြစ်သွားတာက ကောင်းပါတယ်၊ တဖက်နဲ့တဖက် မပြောမဆို မဆွေးနွေးတာထက် ဆွေးနွေးပြောဆိုနိုင်တာက ပိုကောင်းပါတယ်၊ တိုင်းရင်းသားတွေရဲ့လိုလားချက်ကို တဖက် လက်ခံလာအောင် ပြောဆိုဆွေးနွေးတင်ပြနိုင်ရင် အမြတ်ပါပဲ” ဟု ဆိုသည်။

    ယမန်နှစ် မေလတွင်ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ မူဝါဒသဘောတူညီချက် (၁၂) ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒသဘောတူညီချက် (၁၁) ချက်၊ လူမှုရေးကဏ္ဍ မူဝါဒသဘောတူညီချက် (၄) ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒသဘောတူညီချက် (၁၀) ချက် စုစုပေါင်း အချက် (၃၇) ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁) အဖြစ် ချုပ်ဆိုနိုင်ခဲ့သည်ကို တွေ့ရှိရသည်။

    လက်ရှိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံတတိယအစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၆ ရက်တိတိ ကျင်းပသွားမည်ဖြစ်ရာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ EAOs နှင့် နို်င်ငံရေးပါတီများ အစုအဖွဲ့ ၅ ဖွဲ့မှ ကိုယ်စားလှှယ် ၃၇၆ ဦး တက်ရောက်ဆွေးနွေးကြပြီး တတ်သိပညာရှင်များ၊ ဘိတ်ကြားသင့်သူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း CSOs များက လေ့လာသူများအဖြစ် တက်ရောက်လျက်ရှိကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts