spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရှေ့ဆက်ရန်မဖြစ်တော့သည့် မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုခရီး KPSN အစီရင်ခံစာထုတ်ဝေ

    ရှေ့ဆက်ရန်မဖြစ်တော့သည့် မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုခရီး KPSN အစီရင်ခံစာထုတ်ဝေ

    -

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဖြတ်သန်းနိုင်သော နိုင်ငံရေးမူဘောင်အသစ်တစ်ခု မဖြစ်မနေရေးဆွဲမှသာလျှင် စစ်မှန်ပြီး တနိုင်ငံလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲကို ဦးတည်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းရေးသားထားသော “ရှေ့ဆက်ရန်မဖြစ်တော့သည့် မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုခရီး-မြေယာကဏ္ဍဆွေးနွေးမှုမှ ချဉ်းကပ်လေ့လာခြင်း” အမည်ဖြင့် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ဇူလိုင် ၅ ရက်နေ့စွဲဖြင့် အစီရင်ခံစာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။

    ယခင်ကျင်းပပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတက်ရောက်ခဲ့ကြသည့် ကရင်ခေါင်းဆောင်များ၏ အတွေ့အကြုံနှင့် ပြောကြားချက်များကို ကိုးကား၍ မြန်မာတပ်မတော်သည် NCA နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်ကို အသုံးချလျက် တိုင်းရင်းသားဒေသများအပေါ် ဗဟိုချုပ်ကိုင်မှု ပိုမိုအားကောင်းတောင့်တင်း လာစေရန် လုပ်ဆောင်နေလျှက်ရှိသည်ဟု အစီရင်ခံစာက သုံးသပ်ဖော်ပြထားသည်ကို တွေ့ရသည်။

    KNU ဗဟိုလယ်ယာမြေဌာန၏ ဌာနမှူး၊ UPDJC မြေယာနှင့် သဘာဝပတ်ဝန်းကျင် လုပ်ငန်းကော်မတီဝင် ပဒိုစောနေသလေးက “မြေယာကဏ္ဍနှင့်ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်မှာ မြေယာပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ကာကွယ်မှု စတဲ့ အချက်တွေပါတဲ့ ကရင်အမျိုးသားအဆင့် ဆွေးနွေးမှုကနေရတဲ့ မူဝါဒအကြံပြုချက်တွေကို အခြေခံတဲ့ အဓိကအကြောင်းအရာတွေကို တင်ပြခဲ့တယ်။ ဒါပေမယ့် အဲဒီအဓိကအချက်တွေ ပိတ်ပင်ခံခဲ့ရပါတယ်” ဟု KPSN အား ပြောကြားခဲ့သည်။

    မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုခရီး KPSN အစီရင်ခံစာမှ ကာတွန်းတစ်ကွက်(Copy)

    ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်တွင် ပါဝင်နေကြသော KNU ခေါင်းဆောင်များ၏ အဆိုအရ ကဏ္ဍ ၅ ခုစလုံးတွင် တူညီစွာ တွေ့ရသော အဟန့်အတားမှာ တပ်မတော်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို ကိုးကား၍ မှင်နီသုတ်နေခြင်းကြောင့် အဓိပ္ပါယ်ရှိသော တွေ့ဆုံဆွေးနွေးမှုနှင့် နိုင်ငံရေးဆွေးနွေးမှုများကို ရှေ့ဆက်လုပ်ဆောင်ရန် မဖြစ်နိုင်ဘဲ ရှိနေသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

    KNU တွဲဖက်အထွေထွေအတွင်းရေးမှူး နှင့် UPDJC လူမှုရေးကဏ္ဍ လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဖဒိုစောဆဲဘွယ်က “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်တွေက သူတို့တင်ပြတဲ့ အခြေခံမူတွေကို ဆွေးနွေးညှိနှိုင်းတဲ့အခါမှာ အားနည်းကြတယ်။ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ကလည်း ထိထိရောက်ရောက် ဆွေးနွေးညှိနှိုင်းမှု မလုပ်နိုင်ကြဘူး။ မြန်မာတပ်မတော်က တူညီတဲ့ ရပ်တည်ချက်တခုတည်းပေါ်မှာပဲ သူတို့ဆွေးနွေးကြတယ်။ အစိုးရနှင့် လွှတ်တော်ကလည်းဆွေးနွေးပွဲတွေမှာ မြန်မာတပ်မတော်နဲ့ တဖက်တည်း ရှိတယ်ဆိုတာ ဒီဆွေးနွေးပွဲမှာ ပေါ်လွင်တယ်” ဟုပြောကြားခဲ့ကြောင်း KPSN က ရေးသားသည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ ကဏ္ဍကြီး ၅ ရပ် ဆွေးနွေးမှုများတွင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက ဆွေးနွေးမှုအတွင်းအကန့်အသတ်၊ ချုပ်ချယ်မှုများ ဖြစ်နေခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏စိတ်ပျက်မှုအပေါ် ထုတ်ဖော်ပြောဆိုကြသည်ကို အဆိုပါ KPSN အစီရင်ခံစာတွင် စုစည်းဖော်ပြထားခြင်း ဖြစ်သည်။

    ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) သည် မြန်မာနိုင်ငံအတွင်း ကရင်လူထု အခြေပြုအဖွဲ့အစည်းများပါဝင်သော အကြီးမားဆုံးသော ကွန်ရက်တစ်ခုဖြစ်ပြီး ဒေသခံကရင်တိုင်းရင်းသား လူမှုအသိုင်းအဝန်းများကို လုပ်ပိုင်ခွင့်များ မြှင့်တင်ပေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်း အသိပညာပေးခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းတင်ခြင်းနှင့် မြန်မာနိုင်ငံ ကရင်တိုင်းရင်းသားဒေသများအတွင်း ရေရှည်တည်တန့်မည့်၊ တန်းတူညီမျှသောငြိမ်းချမ်းရေး ရရှိရေးစည်းရုံးလှုံ့ဆော်ခြင်းများ ဆောင်ရွက်နေသည့် ကွန်ယက်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks