spot_img
Saturday, May 4, 2024
More
    spot_img
    Homeသတင်းဝါဆိုဦးပန်းခူးပုံပြင်

    ဝါဆိုဦးပန်းခူးပုံပြင်

    -

    ”ဝါဆိုဝါခေါင်ရေတွေကြီးလို့၊ သပြေသီးမှည့်ကောက်စို့ကွယ်” ဆရာကြီးမင်းသုဝဏ်၏ ကဗျာစာသားအတိုင်း ဝါဆိုလသည် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးသည့်လဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝါဆိုလပြည့်နေ့ကို အခါကြီးရက်ကြီးအဖြစ် သတ်မှတ်ထားသည်။ ဝါဆိုမိုးနှင့်အတူ ဝါဆိုပန်းခူးသည့်ဓလေ့သည် ရှေးနှစ်ပေါင်းများစွာကပင် ရှိခဲ့ပါသည်။

    နှစ်စဉ် ဝါဆိုလပြည့်နေ့ရောက်တိုင်း မွန်ပြည်နယ်၌ ဝါဆိုပန်းခူးပွဲတော်ကို ဆင်နွှဲကြသည်။ အနယ်နယ်အရပ်ရပ် ဘုရားဖူးဧည့်သည်များသာမက ဒေသခံများမှလည်း ကိုယ်စီအုပ်စုဖွဲ့ လာရောက်အပန်းဖြေကြသောကြောင့် အထူးစည်ကားလှသည်။ မိမိတို့ဘဝအမောကို ဝါဆိုမိုးစက်များနှင့်အတူ ဘုရားရိပ်၊ တရားရိပ်အောက်နားခိုပြီ ခေတ္တဖြေဖျောက် အနားယူကြသည်။ ဗုဒ္ဓဘာသာတို့ အထွတ်အမြတ်ထားရာ နေ့ရက်ဖြစ်သည်နှင့်အညီ တရားဓမ္မတေးသံများလည်း မြန်မာနိုင်ငံကို လွှမ်းခြုံသော နေ့လေးဖြစ်ခဲ့သည်။

    ကျောင်းသူ၊ ကျောင်းသားများလည်း ဝါဆိုနေ့မြတ် ကျောင်းပိတ်ရက်နှင့်အညီ စိတ်လွတ်လပ်ပေါ့ပါးစွာ ခေတ္တ အနားယူချိန်လည်းဖြစ်သည်။ ဝါဆိုမိုးမညှိုးတမ်းရွာ၊ မစဲတသဲသဲနှင့် ချစ်သူစုံတွဲများလည်း စည်ကားသိုက်မြိုက်စွာ ဝါဆိုပွဲကို ဆင်နွှဲကြသည်။ အလုပ်ဖိအားနွံထဲ နစ်မြှုပ်နေသူများအဖို့ စိတ်ထွက်ပေါက်ပေးသည့် ကာလဟုဆိုလျှင်လည်း မမှားနိုင်ပေ။ ထို့ကြောင့် ပန်းခူးဓလေ့နှင့်အတူ ဝါဆိုလသည် ဘဝအမော၊ စိတ်အမောများ ဖြေဖျောက်သည့်လဖြစ်သည်။

    -“ဝါဆိုပန်း”ရုက္ခအမည် Globba orixensis Roxb. Family Zingiberaceae(Internet)

    ချစ်သူများအတွက် ချစ်ကဗျာသံစဉ် နှစ်ကိုယ်ကြားသီကျူး၍ လမြတ်ဝါဆိုကို နှစ်ကိုယ်တူ ပျော်ရွှင်စွာဖြတ်သန်းကြသည်။ ချစ်ခြင်းဖွဲ့ လင်္ကာသာမက အလွမ်းဓာတ်ခံရှိသူများ မပြုံးနိုင်ရှာသည့် ရာသီခွင်ဖြစ်သည်။ ချစ်ဦးသူနှင့် ကွေကွင်းရသူအတွက် အလွမ်းဒဏ်ကို တစ်ကိုယ်တည်း ကြိတ်မှိတ်ခံရသည့်လဖြစ်သည်။

    ဝါဆိုလသည် ဗုဒ္ဓဘာသာများ၏ အထွတ်အမြတ် ထားရာလဖြစ်သည်။ ဝါဆိုလပြည့်နေ့မှစ၍ ဝါတွင်းသုံးလလုံးလုံး ဘုရားသားတော်များ တရားဘာဝနာ ဇောက်ချအားထုတ်နိုင်မည် ဖြစ်သည်။ ဘုရားရှင်ကိုယ်တော် မြတ်ကြီးလက်ထက် သာသနာတော် ပြန့်ပွားနေစဉ်ကာလတွင် ဘုရားသားတော် ရဟန်း၊သံဃာ အရှင်သူမြတ်တို့မှာ မိုးရာသီ ဖြစ်သောကြောင့် ဆွမ်း၊ ကွမ်းအတွက် ဒုက္ခရောက်ကြသည်။ မိုးရာသီဖြစ်သည့်အတွက် သွားရေးလာရေး အဆင်ပြေချောမွေ့ခြင်းမရှိပါ။ ထို့ကြောင့် ဝိသာခါကျောင်း အစ်မကြီးမှ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ဦးတိုက် လျှောက်ထားသည်။ ဘုရားသားတော် ရဟန်း၊ သံဃာများ အဆင်ပြေစွာ သီတင်းသုံးနိုင်ရန်အတွက် ဆွမ်း၊ ကွမ်း များသာမက သင်္ကန်းပရိက္ခရာများပါ ကပ်လှူရန် လျှောက်ထားသည်။ ဝါဆိုသင်္ကန်းကို ကပ်လှူပူဇော်ပြီး မိမိတို့ကျောင်း၌ပင်ဝါဆိုပြီး သက်သောင့်သက်သာ တရားဘာဝနာ အားထုတ်ရန်ဖြစ်သည်။

    ဘုရားရှင်ကိုယ်တော်မြတ်ကြီးလက်ထက် ဝါတွင်းကာလတွင် ဝါဆိုသည့်ရဟန်းများသာလျှင် သိက္ခာပုဒ်နှင့်ညီမျှသည်ဟု မိန့်ကြားထားပါသည်။ မိမိကျောင်း၌သာလျှင် (သို့မဟုတ်)အခြားကျောင်းတိုက်တစ်ခုခုတွင် ဝါဆိုနိုင်သည်။ ဝါမဆိုသော ရဟန်း၊သံဃာ များသည် သိက္ခာပုဒ်နှင့်ညီမျှမှုမရှိပါ။ အလှူရှင်၊ သဒ္ဓါရှင်များ ပေးအပ်သော ဝါထွက် ကထိန်သင်္ကန်းကိုလည်း လက်ခံခြင်းမပြုရ။ မြင့်မြတ်သောသိမ်တော်လည်း တက်ခွင့်မရှိ။ ထို့ကြောင့် ဘုရားသားတော် ရဟန်း၊ သံဃာ အရှင်သူမြတ်များသည် ဝါတွင်းကာလတွင် မိမိတို့၏ ကျောင်း၌သာ သီတင်းသုံးနေထိုင်ကြသည်။ လပြည့်၊ လကွယ်ရက်များတွင် အလှူ့ရှင်ဒါယကာများက ဝါဆိုလ၏ ရာသီပန်းများဖြင့် လာရောက်ဆည်းကပ်ပူဇော်ပြီး သီလကုသိုလ် ယူကြပါသည်။

    ယနေ့ခေတ်တွင် ဝါဆိုပွဲကို ပျော်ပွဲရွှင်ပွဲအဖြစ် လူငယ်များ မှားယွင်းစွာ သတ်မှတ်လာကြသည်။ တိုးတက်ပြောင်းလဲလာသော မော်ဒန် ခေတ်ရေစီးနှင့်အညီ ဝါဆိုပွဲကို ကုသိုလ်ယူသည့်ပွဲမှ သောက်စား မူးယစ်ပျော်ပါးစရာ ပွဲတော်တစ်ခုအဖြစ် လူငယ်များ သမုတ်လာကြသည်။ ‘ဝါဆိုပန်းခူးပွဲတော်’ ဟုလည်း လူငယ်များကြား ကျော်ကြားလာသည်။

    အမှန်တကယ် ဝါဆိုလတွင်ပွင့်သော ဦးဦးဖျားဖျားရာသီပန်းကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးထံ ဆည်းကပ်ပူဇော်၍ ကုသိုလ်ယူသည့်ပွဲဖြစ်သည်။ ရှေးအခါက ဝါဆိုပန်းများခူးရန်မလွယ်ကူပါ။ မိုးဦးကျ ရေကြီးသည့်ကာလဖြစ်သောကြောင့် လှေများဖြင့် အပျိုလူပျိုများက ဖြူစင်သောစိတ်ဖြင့် ပန်းခူးထွက်ကြသည်။

    ယခုအခါတွင် ဆိုင်ကယ်သံတဝီဝီဖြင့် အရက်သေစာသောက်စားမူးယစ်ပြီး ဝါဆိုပန်းခူးပွဲကို ဆင်နွှဲကြသည်။ မူးယစ်နေသောကြောင့် ယာဉ်အန္တရာယ် များဖြစ်ပေါ်၍ အသက်ဆုံးရှုံးကြသည်။ မျက်မှောက်ခေတ်တွင် ဝါဆိုပန်းခူးသည့်ပွဲကို ကုသိုလ်ယူသည့်ပွဲမှ အကုသိုလ်ယူရာပွဲအဖြစ် အသွင်ဆောင်လာနေသည်။ သောက်စားမူးယစ်ထားသောကြောင့် ခိုက်ရန်ဖြစ်ပွားမှုများသာမက အခြားသော အန္တရာယ်များလည်း ဖြစ်ပေါ်စေပါသည်။

    မွန်ပြည်နယ်တွင် ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ကို ‘ဝါဆိုပန်းခူးပွဲတော်’ အဖြစ် သတ်မှတ်ထားကြသည်။ ထိုနေ့တွင် မွန်ပြည်နယ်တစ်ဝန်းလုံးရှိ အထင်ကရနေရာများဖြစ်သော သံဖြူဇရပ်မြို့တွင် ကျိုက္ခမီ နှင့် စက်စဲ၊ မုဒုံမြို့တွင် ဗျိုင်းနှစ်ကောင် နှင့် ဂျုံးဂျုံးကျတောရ၊ မော်လမြိုင် မြို့တွင် တောင်ဝိုင်း နှင့် တောင်ရိုးတန်း၊ ပေါင်မြို့ရှိ ဇင်းကျိုက်ရေတံခွန် စသည့်နေရာများမှာ အထူးစည်ကားသည်။

    မိုးရာသီမှသာ ရေတံခွန်အဖြစ်စီးဆင်းသော ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ ‘ကျောက်သင်္ဘော’ ဟုခေါ်သော ဇင်းကျိုက်ရေတံခွန်သည် အစည်ကားဆုံးနေရာဖြစ်သည်။ ပွဲတော်ရက်တွင် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်အရေအတွက်မှာ နှစ်စဉ် သိန်းဂဏန်းကျော်သည်။ ယခုအခါ ဇင်းကျိုက်ရေတံခွန်ကို ပြည်နယ်အစိုးရအဖွဲ့မှ မူးယစ်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ထားသည်။

    နှစ်စဉ် အန္တရာယ်အမျိုးမျိုးဖြစ်ပေါ်၍ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသောကြောင့် ပိတ်ပင်တားမြစ်ထားခြင်းဖြစ်သည်။ ပိတ်ပင်ထားသော်လည်း မူးယစ်သေစာများကို နည်းအမျိုးမျိုးယူဆောင်လာသောေကြာင့် မမျှော်လင့်ပဲ အသက်အန္တရာယ် ကြုံတွေ့နေရသည်။ သောက်စားမူးယစ်ပြီး ဆိုင်ကယ်များ စည်းမဲ့ကမ်းမဲ့ မောင်းနှင်သောကြောင့်လည်း အရွယ်မတိုင်မီ ကြွေလွင့်ခဲ့ရသည်။ ယခုတွင် ထိုသို့သောအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် လုံခြုံရေးကို တင်းကျပ်စွာ ချမှတ်ထားသည်။ ထို့အပြင် လူမှု ကယ်ဆယ်ရေးလုပ်ငန်းများလည်း အဆင်သင့်ချမှတ်ထားသည်။

    ယနေ့ခေတ်လူငယ်များအနေဖြင့် ဝါဆိုပန်းခူးသည့် ပွဲတော်ကို ယဉ်ကျေးသိမ်မွေ့စွာ ပျော်ပျော်ပါးပါးဖြတ်သန်း၍ ကုသိုလ်ယူတတ်ရန် လိုသည်။ နိုင်င့ံဝန်ထမ်းများလည်း မိမိတို့၏ ရုံးပိတ်ရက်ကို ကောင်းမွန်စွာအနားယူ၍ ဒေသန္တရဗဟုသုတများ ခံစားတတ်ရန်လိုသည်။ မျက်မှောက်ကာလတွင် လူငယ်များအနေဖြင့် မိမိလက်ခံထားသည့် လွဲမှားသောအယူအဆများကို ပြုပြင်ကြရန်လိုသည်။ တဖြည်းဖြည်း ကုသိုလ်ယူသည့်ပွဲတော်မှ မူးယစ်သောက်စားသည့် ပွဲတော်အသွင်ဆောင်နေသည်ကို သတိထားပြုပြင်ရန် လိုအပ်သည်။ ထို့ကြောင့် ပွဲတော်ကာလတွင် အရက်၊ ဘီယာများ ယူဆောင်ယူလာမှုကို တာဝန်ရှိသူများ ဂရုတစိုက်ကြပ်မတ်ရန်လိုသည်။ သို့မှသာလျှင် အနာဂတ်အတွက် လူသားအရင်းအမြစ် ဆုံးရှုံးမှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။

    ပြည်သူများ ဝါဆိုပန်းခူးပွဲတော်ကို သတ်မှတ်ချက်လွဲမှားမှုမရှိစေရန် အထူးလိုအပ်သည်။ မြန်မာ့ရိုးရာ ကုသိုလ်ယူသည့်ပွဲမှ မူးယစ်သောက်စားသည့်ပွဲတော်အဖြင့် အသွင်ဆောင်လာသည်ကို ပြုပြင်ရန် အားလုံးတွင်တာဝန်ရှိသည်။ လူငယ်များ၏ လွဲမှားသောအယူအဆများကိုလည်း လူကြီးသူမများက ဝိုင်းဝန်းတည့်မတ်ပေးသင့်သည်။ သို့မှသာလျှင် စည်းကမ်းရှိသော ပွဲတော်အဖြစ် လူ့ဘောင်လောကတွင် ထာဝရတည်တံ့နေမည် ဖြစ်ပါသည်။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts