spot_img
Saturday, May 4, 2024
More
    spot_img
    Homeဆောင်းပါးကုလားဂုတ်ကျွန်းအရပ်သားတစ်ဦးအသတ်ခံရမှုကို မည်ကဲ့သို့စီရင်သနည်း

    ကုလားဂုတ်ကျွန်းအရပ်သားတစ်ဦးအသတ်ခံရမှုကို မည်ကဲ့သို့စီရင်သနည်း

    -

    ကိုတင်စိုးမြင့် အလောင်း(Facebook)

    ရေးမြို့နယ် အခြေစိုက် ခမရ ၅၈၇ ခြေမြန်တပ်ရင်းမှ ကုလားကုတ်ကျွန်း၌ တာဝန်ထမ်းဆောင်နေသူ တပ်မတော်အရာရှိတစ်ဦးနှင့် ရဲဘော်အချို့က အခင်းဖြစ်ပွားသည့်(မေလ ၁၆ ရက်နေ့) ညနေပိုင်းတွင် ကိုတင်စိုးမြင့်အား ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့၌ ရိုက်နှက်ဒဏ်ချက်နှင့်အတူ သေနတ်ဒဏ်ရာများဖြင့် သတ်ဖြတ်ခံ သေဆုံးခဲ့ရသည့်အမှုမှာ တစ်လကျော်ခဲ့ပါပြီ။

    အသတ်ခံရသူ ကိုတင်စိုးမြင့်(၃၉ နှစ်) ၏ အလောင်းတွေ့ရှိခဲ့ရသည်မှအစ မီးသင်္ဂြိုလ်ပြီးစီးသည်အထိ ဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ ကျန်ရစ်သူမိသားစုဝင် မိခင်သီတာ(သေဆုံးသူ၏ ခယ်မတော်စပ်သူ) ကို ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်ရုံး၌ လွှတ်တော်ဒုဥက္ကဌ ပါဝင်သည့်အဖွဲ့ ကြားနာခဲ့ပြီး ဖြစ်ပါသည်။

    ထိုနောက် မိခင်သီတာသည် ကိုတင်စိုးမြင့်၏ကိစ္စကို မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ မွန်ပြည်သစ်ပါတီရုံးသို့ သွားရောက်တင်ပြစဉ် မိမိတို့သတင်းထောက်အချို့နှင့် တွေ့ဆုံစကားပြော ဖြစ်ခဲ့ပါသည်။

    “ကျမစိတ်ထဲမှာ မကျေနပ်ဘူးပေါ့နော်၊ ရှင်းရှင်းလင်းလင်း သိချင်တယ်၊ ဒီကိစ္စကို သက်ဆိုင်ရာက ဘယ်လိုကိုင်တွယ်နေသလဲပေါ့နော်၊ ကျမတို့ကို လမ်းပြပေးမယ်လူ ရှင်းပြတဲ့လူလည်းမရှိပါဘူး၊ ကိုယ့်ဘက်က အပြစ်မဲ့တဲ့ လူ့အသက်တစ်ချောင်းအဆုံးရှုံးခံ လိုက်ရတာပေါ့နော်၊ အကြောင်းမဲ့သတ်ဖြတ်လိုက်တဲ့အပေါ် တရားမျှတတဲ့ပြစ်ဒဏ်ကို ချမှတ်ပေးစေချင်တယ်” ဟု မိခင်သီတာက ဆိုသည်။

    အသတ်ခံရသူ ကိုတင်စိုးမြင့် (ဘ) ဦးသန်းထွန်းသည် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ဇာတိ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ၁၅ နှစ်ကျော်ကတည်းက မွန်ပြည်နယ်သို့ ရွေ့ပြောင်းအလုပ်လုပ်ရာမှ သံဖြူဇရပ်မြို့နေ နိုင်ချမ်းအေး၊ မိကြူကြူခင်(ကုလားဂုတ်ကျွန်းဇာတိ) တို့၏ သမီး မိခင်ဆွေတင့်နှင့် အကြောင်းပါ လက်ထပ်ခဲ့ပြီး ယခုသေဆုံးချိန်တွင် ၈ တန်းအရွယ်သမီးတစ်ဦး၊ ၄ တန်းအရွယ်သားတစ်ဦးနှင့် ၄ နှစ်သားတစ်ဦး ကျန်ရစ်ခဲ့ပါသည်။

    ထိုင်းနိုင်ငံတွင် တရားဝင်ပတ်စပို့ဖြင့်အလုပ်လုပ်ခဲ့ပြီး မကြာမီလပိုင်းအတွင်း ကုလားဂုတ်ကျွန်းကို ပြန်လာအခြေချစဉ် မှတ်ပုံတင်ပျောက်ဆုံးသည်ကိုအကြောင်းရှာ၍ သားမက်ဖြစ်သူ(ကိုတင်စိုးမြင့်) အသတ်ခံရခြင်း ဖြစ်သည်ဟု ယောက္ခမဖြစ်သူ နိုင်ချမ်းအေးက ဆိုသည်။

    “ မေလ ၁၆ ရက်နေ့ ညနေပိုင်းမှာ ကျနော်နဲ့ သားမက်တင်စိုးမြင့်တို့ အလယ်ဆိပ်က ရာအိမ်မှူးသိန်းထူး အိမ်ကိုသွားတယ်၊ သိန်းထူးနဲ့ ဗိုလ်ကြီးကို အိမ်ပေါ်ထပ်မှာတွေ့တယ်၊ ဗိုလ်ကြီးက တင်စိုးမြင့်ကိုမေးတယ် မှတ်ပုံတင်ရောတဲ့၊ တင်စိုးမြင့်က မှတ်ပုံတင်ပျောက်သွားတယ် မနက်ဖန်ကျရင် ထောက်ခံစာလာပို့ပေးမယ် ပြောလို့ဆုံးတာနဲ့ ဗိုလ်ကြီးက တင်စိုးမြင့်ကို ၁ ချက်ကန်တယ်၊ လက်သီးနဲ့ ၅ ချက်ထိုးတယ်၊ အိမ်ပေါ်ကနေ လှေကားအဆင်းမှာ ကျောဘက်ကို သူကန်တယ်၊ အောက်မှာရှိတဲ့အရပ်ဝတ်(စစ်သား) ၃ ယောက်က လက်သီးနဲ့ ဝိုင်းထိုးတယ်၊ ထိုးပြီးတော့ သူတို့ဆွဲသွားတယ် ည ၇ နာရီခွဲလောက်မှာ” ဟု နိုင်ချမ်းအေးက ပြောသည်။

    ထိုနောက် ကုလားဂုတ်ကျွန်း အောက်ဆိပ်နှင့် အလယ်ဆိပ်ကြားရှိ တပ်ကုန်းသို့ သားမက်ဖြစ်သူအား ထိုးကြိတ်ရင်းခေါ်ဆောင်သွားကြပြီး နိုင်ချမ်းအေးကို နေအိမ်သို့ ပြန်ခိုင်းပါသည်။ ထိုနောက် အိမ်ရောက်ပြီး သမီး မိခင်ဆွေတင့်နှင့်အတူ ရာအိမ်မှူးအိမ်သို့ တစ်ခေါက်ပြန်လာ၍ သတင်းမေးမြန်းခဲ့ရာ မှတ်ပုံတင်ထောက်ခံစာ စာရွက်စာတမ်း မတင်ပြနိုင်လျင် ဗိုလ်ကြီးက တင်စိုးမြင့်ကို လွှတ်မပေးဟု တပ်ကုန်းမှပြန်လာသည့် ရာအိမ်မှူးသိန်းထူးက ဆိုသည်။

    “ကျမတို့က သံဖြူဇရပ်မြို့အိမ်မှာနေတာပါ၊ အစ်မ(ခင်ဆွေတင့်) ဖုန်းဆက်အသိပေးလာလို့ ကိုတင်စိုးမြင့်ရဲ့ မှတ်ပုံတင်ထောက်ခံစာ၊ ထိုင်းကိုသွားခဲ့တဲ့ပတ်စပို့၊ အိမ်ထောင်စုစာရင်းတွေယူပြီး နောက်တစ်နေ့ မနက် ၁၁ နာရီခွဲအချိန် ကုလားဂုတ်ကျွန်းကို ကျမရောက်သွားပါတယ်” ဟု မိခင်သီတာက ပြောသည်။

    ထိုနောက် မွန်းလွဲတစ်နာရီခွဲအချိန်ခန့်တွင် ရာအိမ်မှူးအကြောင်းကြားလာသဖြင့် မှတ်ပုံတင်ထောက်ခံစာများနှင့်အတူ နိုင်ချမ်းအေးတို့ မိသားတစ်စုလုံး တပ်ကုန်းသို့ ရောက်ရှိလာတော့မှ ကိုတင်စိုးမြင့် အလောင်းကို စတင်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

    “ ကျနော်တို့မိသားစု တပ်ကုန်းစခန်းကို တက်သွားတယ်၊ ကျနော်ရောက်သွားတာနဲ့ ရုံးခန်းနေရာ မြောက်ဘက်ထောင့်မှာ တင်စိုးမြင့်က ပက်လက်လန် သွေးလူးပြီး သေနေတာတွေ့ရတယ်၊ ပစ်သတ်တဲ့ဗိုလ်ကြီးကိုတော့ လက်ထိပ်ခတ်ထားပြီး ခုံတန်းရှည်ရှေ့မှာ ထိုင်နေတယ်” နိုင်ချမ်းအေးက ပြောသည်။

    ကိုတင်စိုးမြင့်အလောင်းတွင် ရင်ဘတ် ၄ ချက် ပေါင် ၁ ချက်သေနတ်မှန်၊ ရိုက်နှက်ခံဒဏ်ရာဖြင့် လက်ဖျံရိုးကျိုး၊ နှာခေါင်းရိုးကျိုး ဒဏ်ရာသွေးအလူးလူးဖြင့် မြင်တွေ့လိုက်ရသည်။

    ထိုအချိန်တွင် တပ်ကုန်းသို့ အသင့်ရောက်ရှိနေသော တပ်ရင်းမှူးအဆင့်ရှိ တပ်မတော်အရာရှိ ၂ ဦးမှ ဤဖြစ်ရပ်နှင့်ပတ်သက်၍ အကောင်းဆုံးအရေးယူ ဆောင်ရွက်မည့်အကြောင်း နိုင်ချမ်းအေးကို တောင်းပန်စကား ပြောဆိုခဲ့ပြီး အလောင်းအား အလယ်ဆိပ်သင်းချိုင်းသို့ သဂြိုလ်ရန် သယ်ဆောင်သွားသည်ဟု ဆိုသည်။

    “ကျနော်တို့ဆန္ဒမပါဘဲနဲ့ အလောင်းကို စစ်သား ၃ ယောက် အလယ်ဆိပ်သင်းချိုင်းကို ထမ်းချလာတယ်၊ အုပ်ချုပ်ရေးမှူး ဦးသောင်းစိန်က ဘုန်းတော်ကြီး ၃ ပါးပင့်လာတယ်၊ ဆရာတော်ရယ်၊ တပ်ရင်းမှူး ၂ ယောက်ရှေ့မှာ ဦးသောင်းစိန်က အလောင်းကိုမြေမြှုပ်မလား၊ မီးသဂြိုလ်မလားလို့ ကျနော့်ကိုမေးတယ်၊ ကျနော်က ဒီအလောင်းဟာ သူ့မှာညီအစ်ကိုယ်မောင်နှမတွေ ရှိပါသေးတယ်၊ ကျနော့်သမီး ဖုန်းဆက် အကြောင်းကြားထားတယ်၊ သူတို့ ညီအစ်ကိုယ်မောင်နှမတွေလာနေပြီ၊ ကျနော်မြှုပ်ခွင့်မပြုနိုင်ဘူး၊ သူတို့မောင်နှမရောက်တဲ့အထိ စောင့်နေပါလို့ ပြောလိုက်တယ်” ဟု နိုင်ချမ်းအေးက ပြောပါသည်။

    ကာယကံရှင်သဂြိုလ်ခွင့်မပြုသဖြင့် ဆရာတော်ဘုန်းကြီးများ လှည့်ပြန်သွားပြီးနောက် ၁၅ မိနစ်ခန့်ကြာသောအခါ လမိုင်းမြို့ရဲစခန်းမှ မြို့နယ်မှူး စခန်းမှူးနှင့်အဖွဲ့ရောက်ရှိလာပြီး အလောင်းကို ဓါတ်ပုံရိုက်၍ လွှဲအပ်ယူလိုက်သည်ဟု ဆိုသည်။

    ဒီရေအတက်အကျစောင့်ဆိုင်းနေရသဖြင့် မေလ ၁၇ ရက်နေ့ ညသန်းခေါင်ကျော်အချိန်ခန့်တွင် ကုလားဂုတ်ကျွန်းမှ ကိုတင်စိုးမြင့် အလောင်းကိုဖောင်ပေါ်တင်ပြီး လှေ ၄ စီးဖြင့် ဆွဲလာခဲ့ရာ ကော့ဒွတ်ရွာဓမင်းဆိပ်မှတဆင့် နိဗ္ဗာန်ယာဉ်ဖြင့် နံနက် ၄ နာရီခွဲအချိန်တွင် လမိုင်းပြည်သူ့ဆေးရုံသို့ ရောက်ရှိလာသည်။

    ထိုနောက် အထက်ပါဖြစ်စဉ်အား မိခင်ဆွေတင့်၊ မိခင်သီတာ၊ နိုင်ချမ်းအေးနှင့် မိကြူကြူလှိုင်တို့ကို လမိုင်းရဲစခန်းမှူး မေးမြန်းစစ်ဆေးပြီးနောက် အမှုဖွင့်ခြင်းနှင့် အလောင်းကို ညနေ ၄ နာရီခန့်တွင် လမိုင်းမြို့သုဿာန်၌ မီးသဂြိုလ်လိုက်သည်ဟု မိခင်သီတာက ပြောသည်။

    မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုး (ဦးစီး) ရဲမှုးမြင့်ဝင်းက “ပြစ်မှုကျူးလွန်သူက ဗိုလ်ကြီး အောင်ကိုကိုမင်းလို့ သိရပါတယ်၊ သေဆုံးသူ(ကိုတင်စိုးမြင့်) ရဲ့ဇနီး မိခင်ဆွေတင့် အသက် ၃၆ နှစ် (ဘ) ဦးချမ်းအေးက ၁၈ ရက် ၅ လ ၂၀၁၈ ရက်နေ့မှာ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ လမိုင်းမြို့ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” ဟု မွန်သတင်းအေဂျင်စီနှင့် မေးမြန်းချက်တွင် ပြောဆိုထားပါသည်။

    အစ်မဖြစ်သူ မိခင်ဆွေတင့်မှာ လင်ယောက်ျားအသတ်ခံလိုက်ရအတွက် ဆောက်တည်မရဖြစ်ကာ အိပ်ယာထဲဘုန်းဘုန်းလဲနေရသည့်အဖြစ်၊ ကျန်ရစ်သူ ၈ တန်းအရွယ်သမီး၊ ၄ တန်းကျောင်းသား၊ ၄ နှစ်အရွယ်သားငယ် စုစုပေါင်း သားသမီး ၃ ဦးတို့ ကျောင်းဆက်ထားနိုင်ရေး ရင်လေးစရာဖြစ်ကာ မိဘများနေထိုင်ရာ သံဖြူဇရပ်မြို့ မွန်ဓမ္မာရုံသို့ ပြောင်းရွှေ့လာပြီဟု မိခင်သီတာက ဆိုပါသည်။

    “အပြစ်မဲ့ရွာသားတစ်ယောက်အပေါ် ဒီလောက်အထိ ရက်စက်စွာသတ်ဖြတ်တဲ့လုပ်ပိုင်ခွင့် သူတို့ကို ပေးထားသလား၊ ဒီလိုလုပ်ရပ်မျိုး ကျမတသက်တာ တခါမှလည်း မကြားမိခဲ့ဘူး၊ ဒီလောက်အထိ လက်ရဲဇက်ရဲသတ်ဖြတ်ရက်တာကို သူတို့ဥပဒေက ခွင့်ပြုပေးထားသလားပေါ့” ဟု မိခင်သီတာက မေးခွန်းထုတ်လိုက်သည်။

    ပြစ်မှုကျူးလွန်သူ ဗိုလ်ကြီးကို သက်ဆိုင်ရာတပ်မတော်တပ်ရင်းသို့ လွဲပြောင်းပေးအပ်ခဲ့ပြီီးနောက် ခမရ ၅၈၆ တပ်ရင်းတွင် သက်ဆိုင်ရာမှစစ်ဆေးမှုများပြုလုပ်နေသည်ဟုလည်း လမိုင်းရဲစခန်း၌ ဆေးစာသွားရောက်ယူစဉ် စခန်းမှူးက ပြောကြားခဲ့ကြောင်း၊ ပြစ်ဒဏ်ချမှတ်သည့်အခါ သွားရောက်နားထောင်ခွင့်ရှိသည်ဟု ဆိုကြောင်း အသတ်ခံရသူ(ကိုတင်စိုးမြင့်) ၏ဇနီး မိခင်ဆွေတင့်က ပြောသည်။

    မိခင်ဆွေတင့်က “ အခုကိစ္စကို လူသတ်မှုပုဒ်မတစ်ခုသက်သက်ပဲ တရားစွဲဆိုထားတာ လွဲမှားနေတယ်လို့ ကျမပြောချင်တယ်၊ ရွာလူကြီးအိမ်ကနေ စစ်သားတွေခေါ်ထုတ်သွားကတည်းက ထိုးကြိတ်တယ်၊ ကြိုးချည်ပြီး ရိုက်နှက်ထားတာ အလောင်းမှာ ခြေလက်တွေကျိုးပဲ့တဲ့ ဒဏ်ရာတွေ့ရတယ်၊ နှိပ်စက်ညှင်းပမ်းပြီး မသေမချင်း သေနတ်နဲ့ပစ်သတ်တာ ဖြစ်တယ်၊ လူသတ်တာလောက်ပဲ မဟုတ်ဘူး၊ လူသတ်မှုသက်သက်နဲ့ပဲ တရားစွဲဆိုထားတာက မမှန်ကန်ဘူး” ဟု ဆိုသည်။

    အဆိုပါ မိမိတို့မိသားစုဝင် ကိုတင်စိုးမြင့် ပစ်သတ်ခံ သေဆုံးမှုနှင့်ပတ်သက်၍ မည်ကဲ့သို့ အရေးယူထားသည်ကို တပ်မတော်ဘက်မှသော်လည်းကောင်း၊ ရဲတပ်ဖွဲ့မှသော်လည်းကောင်း ယနေ့(ဇွန်လ ၂၀) အထိ အသိပေးအကြောင်းကြားခြင်းမရှိသဖြင့် မည်ကဲ့သို့ တရားစီရင်နေသည်ကို နိုင်ချမ်းအေးတို့ မိသားစု နားစွင့်နေကြဆဲဖြစ်သည်။

    “ဒီနေ့ အထိ လမိုင်းရဲစခန်းရော သက်ဆိုင်ရာတပ်ရင်းကရော ဘယ်လိုအပြစ်ပေး အရေးယူထားတာကို ကျနော်တို့ဆီ အကြောင်းကြားလာတာ မရှိသေးဘူး၊ ဘာမှလည်း မသိရဘူး” ဟု နိုင်ချမ်းအေးက ပြောသည်။

    စာကြွင်း
    ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ချုပ်ဆိုသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် NCA ပါ အချက်အလက်များ အခန်း (၃) အပိုဒ် (၉) အရပ်သားများကို အကာအကွယ်ပေးခြင်း ခေါင်းစဉ်အောက်မှ စာပိုဒ်ခွဲ (ခ) အရ “ပြည်သူလူထုအား လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိပါးစေသည့်လုပ်ရပ်၊ အကြမ်းဖက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ လူသားမဆန်စွာ ပြုမူဆက်ဆံခြင်း၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဖျောက်ဖျက်ခြင်း မပြုလုပ်ရ” ဟု အတိအလင်းဖော်ပြပါရှိသဖြင့် အထက်ပါ ကိုတင်စိုးမြင့် အသတ်ခံရသည့်ဖြစ်စဉ်ကို တရားစီရင်သည့်အခါ အထက်ပါ NCA စာချုပ်နှင့် မည်ကဲ့သို့ အကြုံးဝင်သည်ကို စောင့်စားအကဲခတ်ကြပါကုန်။

    ညွှန်း-
    -သတင်းမှတ်တမ်းများ
    -ကာယကံရှင်များ၏ အသံဖိုင်များ
    -NCA စာချုပ်

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts