Homeသတင်းဟိုတယ်များ၌ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲ ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမည်ဟုဆို

ဟိုတယ်များ၌ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲ ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမည်ဟုဆို

-

မွန်ပြည်နယ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန အကြောင်းကြားစာ(Copy)

မော်လမြိုင်မြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်အနေဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ CSO အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်ဆိုပါက ၁၀ ရက်ကြိုတင်၍တင်ပြရန်နှင့် ခွင့်ပြုမိန့်ရရှိပြီးမှသာ ဆောင်ရွက်ပါရန် မွန်ပြည်နယ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပေးပို့သောစာအရ သိရသည်။

အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲသော်လည်းကောင်း၊ အစည်းအဝေးသော်လည်းကောင်း ပြုလုပ်မည်ဆိုပါက အဖွဲ့အစည်း၊ အကြောင်းအရာ၊ နေရာ၊ အချိန်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနထံ အကြောင်းကြားရမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

“၁၀ ရက်ကြိုတင်ပြီးတော့ ဆောင်ရွက်ပါလို့ညွှန်ကြားထားတာမဟုတ်ဘူး၊ လက်ရှိ ဒီပြည်နယ်ထဲမှာ CSO တွေအဖွဲ့အစည်းတွေ ဆောင်ရွက်တဲ့ကိစ္စတွေကို အစိုးရအဖွဲ့ကို အသိပေးတင်ပြဖို့ပဲ၊ ခွင့်ပြုချက်ရမှ ဆောင်ရွက်ဖို့ညွှန်ကြားတာ မဟုတ်ဘူး” ဟု ဦးမြင့်သန်းဝင်းက ဆိုသည်။

သို့ရာတွင် အရပ်အဖက်အဖွဲ့အစည်းများဘက်က ပြည်နယ်အစိုးရထံ တင်ပြရန် ပျက်ကွက်ပါက တစ်စုံတစ်အရာရေးယူခြင်းကို ညွှန်ကြားထားခြင်း မရှိဟု ဦးမြင့်သန်းဝင်းက ဆက်ပြောသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် အစည်းအဝေးတစ်ခုခုလုပ်ပြုလုပ်ရန် ပြည်နယ်အစိုးရရုံးထံ ကြိုတင်အကြောင်းကြားထားရမည်ဆိုပါက မိမိတို့အခက်တွေ့နိုင်ကြောင်း ငြိမ်းဖောင်ဒေးရှင်း မွန်ပြည်နယ်ရုံးခွဲတာဝန်ခံ နိုင်တင့်ခိုင်က ပြောသည်။

နိုင်တင့်ခိုင်က “အဲဒီစာအတိုင်းဆိုရင် ကျွန်တော်တို့မှာအခက်အခဲအများကြီးရှိနိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ စာတင်ပြီး ခွင့်ပြုချက်ရမှ လုပ်ရမယ်ဆို၊ ကျွန်တော်တို့ အစည်းအဝေးတစ်ခုခုလုပ်မယ်ဆို ပြည်သူတွေကို ကြိုတင်ဖိတ်ကြားထားရမယ်ဆိုတော့ဖိတ်ထားပြီးမှ ခွင့်ပြုမိန့်မရရင်အားလုံး အခက်တွေ့ကုန်မယ်ပေါ့” ဟု ဆိုသည်။

အလားတူ ယခု(မေလ) အတွင်း အရပ်အဖက်လူမှုအဖွဲ့အစည်းများမှ အလုပ်ရုံဆွေးနွေးပွဲကို လက်ခံထားသည့်အတွက် မိမိတို့အနေဖြင့် အခက်တွေ့နေကြောင်း မော်လမြိုင်မြို့ရှိ ရာမညဟိုတယ် မန်နေဂျာ မိခင်မာဦးက ပြောသည်။

“ဒီလမှာ အလုပ်ရုံဆွေးနွေးပွဲလုပ်ဖို့အတွက် ကျမတို့လက်ခံထားတာရှိတယ်၊ စရံငွေလည်း ယူထားပြီးပြီဆိုတော့ အခက်အခဲဖြစ်နေတယ်၊ CSO တွေ အစိုးရကနေ ခွင့်ပြုချက်ရမှသာ ကျမတို့က လုပ်ပေးလို့ရမယ်ဆိုတော့” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၂၃) ရက်နေ့က မွန်ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ်လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း အထက်ပါအကြောင်းကြားစာအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts