တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူများအပေါ် မတရားပြုလုပ်ခြင်းများအား တိုင်ကြားထားမှုများကို အစိုးရမှ အမြန်ဆုံးဖြေးရှင်းပေးရန် မော်လမြိုင်မြို့တွင် မေလ ၁၅ ရက်နေ့က ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီမှ ဆန္ဒပြပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
ယင်းဆန္ဒပြပွဲကို မော်လမြိုင်မြို့၊ သံလွင်ပန်းခြံမှ စတင်၍ လမ်းလျှောက်ကာ စစ်ကဲကုန်းရပ်ကွက် ညစျေးအထိ နံနက် (၈) နာရီမှ နေ့လည် (၁၂) နာရီအထိ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း တွေ့ရှိရသည်။
“လတ်တလောတရားဥပဒေစိုးမိုးရေေတွေ ရပ်ရွာအေးချမ်းသာယာရေးတွေကို ရရှိဖို့နှင့် ပြည်သူတွေ မတရားပြုလုပ်ခြင်းများကြုံတွေ့ေနရတာကို ကျွန်တော်တို့က ဦးဆောင်ပြီးတော့ တိုင်ကြားပေးခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိ၍ ဆန္ဒထုတ်ရတာပါ”ဟု ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းအေးက ပြောသည်။
ယင်းသို့ ဆန္ဒပြရာတွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ရေးမြို့နယ် ပင်လယ်ငါးဖမ်းလုပ်သားများ ဘဝလုံခြုံစေရန် ကြပ်မတ်ဆောင်ရွက်ပေးရေး၊ ရေးမြို့နယ် ပင်လယ်ငါးဖမ်းလုပ်ငန်းမှ လူကုန်ကူးလူပွဲစားအား ဖမ်းဆီးရေးနှင့် သထုံမြို့နယ် မရမ်းကုန်းကျေးရွာအိုးမဲ့အိမ်မဲ့များ အရေးတင်ပြမှုကို အလေးထား ဆောင်ရွက်ပေးရေး စသည့် ကြွေးကြော်သံ (၁၃) ချက်ဖြင့် တောင်းဆိုခဲ့သည်။
ရေးမြို့နယ် ပင်လယ်ငါးဖမ်းလုပ်သားများ အသတ်ခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်းနှင့် ပြည်တွင်းလူကုန်ကူးမှုများကို အရေးယူပေးရန် အကြိမ်ကြိမ်တင်ပြင်ခဲ့သော်လည်း အစိုးရက လုပ်ဆောင်ပေးခြင်း မရှိသည့်အတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ အတွင်းရေးမှူး ဒေါ်စန်းစန်းတင်က ပြောသည်။
“အဓိက ဘာကြောင့်လုပ်ရလဲဆိုတော့ ကျွန်မတို့တင်ပြထားတဲ့အချက်အလက် တွေနဲ့ပတ်သက်၍ တင်ပြမှုက အကြိမ်ဖန်များစွာဖြစ်နေတယ်၊ အကြိမ်ဖန်များစွာဖြစ်ပေမယ့် သက်ဆိုင်ရာဌာနက ဘာမှ မဆောင်ရွက်ခဲ့ဘူး” ဟု သူက ပြောသည်။
လှည့်လည်ဆန္ဒပြပွဲတွင် လူဦးရေ ၁၀၀ ကျော်လျာထားသော်လည်း တစ်ချို့ပါတီဝင်များက အခြေအနေအကြောင်းကြောင်းကြောင့် လူဦးရေ ၁၀ ဦးကျော်သာ လာရောက်ပူးပေါင်းနိုင်ခဲ့ေကြာင်း ၄င်းက ဆက်ပြောသည်။
ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ၏ အလားတူ ဆန္ဒပြပွဲကို မေလ ၁၄ ရက်နေ့က ကျိုက်ထိုမြို့တွင်ပြုလုပ်ခဲ့ပြီး မေလ ၁၆ ရက်နေ့တွင် ရေးမြို့နယ်၌ ဆက်လက်ဆန္ဒပြသွားမည်ဟု ဆိုသည်။