spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းဖာလိန်ဒေသရှိ ဧက (၁၉၀) ကျော်ဒီရေတောကို တရားဝင်အသိအမှတ်မပြုသေး

    ဖာလိန်ဒေသရှိ ဧက (၁၉၀) ကျော်ဒီရေတောကို တရားဝင်အသိအမှတ်မပြုသေး

    -

    ရေးမြို့နယ်၊ ဖာလိန်ဒေသရှိ အံဒင်ကျေးရွာ၌ ဧက (၁၉၀) ကျော် စိုက်ပျိုးထားသော ဒီရေတောကို ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်အဖြစ် သက်ဆိုင်ရာမှ တရားဝင်အသိအမှတ်မပြုသေးကြောင်း အံဒင်ကျောင်းစာချဆရာတော် အရှင်နန္ဒက မွန်သတင်းအေဂျင်စီသို့ မိန့်ကြားသည်။

    ဖာလိန်ဒေသဒီရေတော အပင်ကြီးထွားမှုနှုန်း မှတ်တမ်းတင်စဉ်(လျးဖာလိန်)

    “ကိုယ့်ထူကိုယ်ထ စိုက်ပျိုးထားတဲ့ ဒီရေတောတွေကို မွန်ပြည်နယ်အစိုးရအနေနဲ့ ဒေသခံတွေရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အသိအမှတ်ပြုစေချင်တယ်” ဟု ဆရာတော်က ဆိုသည်။

    ယင်းကဲ့သို့ ဒီရေတော သဘာဝအလျောက် ပေါက်ရောက်နေသော နေရာကို ထပ်မံစိုက်ပျိုးရန်နှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောနေရာအဖြစ် ထိန်းသိမ်းသွားရန် ရေးမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စားရင်းအင်းဦးစီဌာနမှ မြေဧက (၁၉၀) ကျော် တိုင်းတာပေးခဲ့ပြီး ဒီရေတောစိုက်ပျိုးရာ မြေနေရာအဖြစ် မြေပုံထုတ်ပေးခဲ့ပြီး ဖြစ်သည်။

    သို့ရာတွင် ရေးမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ၄င်းဒီရေတောမြေအမှုတွဲကို မွန်ပြည်နယ်အစိုးရထံ တင်ပြထားခြင်း မရှိသောကြောင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တရားဝင်ခွင့်ပြုလက်မှတ်ကို ထုတ်ပေး၍မရသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    “မြေက ဘာမြေအမျိုးအစားလည်း မသိရသေးဘူး၊ မြေလွတ်မြေရိုင်းလည်းဖြစ်နိုင်တယ်၊ ဒေသခံတွေကို လက်မှတ်ထုတ်ပေးဖို့က မြို့နယ်မြေစာရင်းတိုင်းဦးစီးဌာနကနေ အမှုတွဲရောက်လာမှသာ ထုတ်ပေးလို့ရတယ်” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။
    အဆိုပါတရားဝင်ခွင့်ပြုလက်မှတ် မထုတ်ပေးသေးသော်လည်း မွန်ပြည်နယ်အစိုးရအနေဖြင့် ဒေသခံတို့ ဒီရေတော ထပ်မံစိုက်ပျိုးရန်အတွက် ဒီရေတောမျိုးစိတ်များကိုလည်း ရှာဖွေစုဆောင်းပေးထားသည်ဟု သူက ဆက်ပြောသည်။

    ဖာလိန်ဒေသ၊ အံဒင်ကျေးရွာ ဒီရေတောကို ရေးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ အံဒင်ကျေးရွာအုပ်စုမှ သံဃာတော်များ၊ ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသူ ကျောင်းသားများနှင့် ဒေသခံများစုပေါင်းစိုက်ပျိုးခဲ့ကြရာ၌ ၂၀၁၆ ခုနှစ်မှ ၂၀၁၇ နှစ်အထိ အပင်ပေါင်း တစ်သောင်းကျော်၊ မျိုးစိတ်ပေါင်း (၁၀) မျိုး ရရှိခဲ့ကြောင်း ၂၀၁၈ ခုနှစ် ဖာလိန်ဒေသခံများ၏ ဒီရေတော ပြန်လည်ထူထောင်ခြင်းအတွေ့အကြုံများ စာအုပ်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts