Homeသတင်းမွန်ပြည်သစ်ပါတီ ပြည်နယ်အဆင့် JMC-S မဖွဲ့စည်းနိုင်သေး

မွန်ပြည်သစ်ပါတီ ပြည်နယ်အဆင့် JMC-S မဖွဲ့စည်းနိုင်သေး

-

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် NCA တွင် မွန်ပြည်သစ်ပါတီ NMSP ပါဝင်လက်မှတ် ရေးထိုးခဲ့သည်မှာ ၂ လခွဲနီးပါးရှိပြီဖြစ်သော်လည်း ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S မဖွဲ့စည်းနိုင်သေးကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ ပြောသည်။

“ JMC-S အတွက် မွန်၊ ကရင်၊ တနင်္သာရီ ၃ နေရာတောင်းဆိုထားတယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီမှာ မွန်တိုင်းရင်းသားတွေအများကြီးရှိနေသလို ကျနော်တို့တပ်ဖွဲ့တွေ တော်တော်များ အခြေစိုက်လှုပ်ရှားနေကြတယ်၊ မွန်ပြည်နယ်တစ်နေရာပဲ ပေးမယ်ဆိုတော့ ဒါကို ကျနော်တို့လက်မခံနိုင်ပါဘူး” ဟု နိုင်ဟံသာက ဆိုသည်။

Caption-NCA လက်မှတ်ရေးထိုးပြီး လုပ်ငန်းစဉ်များ(Peace & NCA)

နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ ၁၉၉၅ အပစ်ရပ်သဘောတူညီချက်နှင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် ဆက်လက်ချုပ်ဆိုသော Bilateral သဘောတူညီချက်အရ အစိုးရခွင့်ပြုသည့် မွန်ပြည်သစ်တပ်ဖွဲ့အခြေစိုက်ခွင့်ရရှိနေရာများမှာ ကရင်ပြည်နယ်တွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အမှတ်(၁) တပ်ရင်း ကြာအင်းဆိပ်ကြီးမြို့နယ်(အင်းခွ)၊ အမှတ် ၄ တပ်ရင်း ကော့ကရိတ်မြို့နယ်(မင်းရွာအနီး)၊ အမှတ်(၅) တပ်ရင်း ဘုရားသုံးဆူမြို့အနီး (ဗလဲ့ဒွန်ဖိုက်စခန်း)၊ တနင်္သာရီတိုင်းတွင် အမှတ် ၂ တပ်ရင်း ရေဖြူမြို့နယ်တို့ဖြစ်ပြီး အမှတ် ၆ တပ်ရင်းသည်လည်း မြိတ်မြို့အရှေ့ဘက်-ထိုင်းနယ်စပ် ပရာချွတ်ခရိုင်အနီး၌ အခြေစိုက်လှုပ်ရှားလျက်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

“ JMC ဆိုတာ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်တာဖြစ်တယ်၊ မွန်ပြည်သစ်ပါတီလှုပ်ရှားတဲ့နယ်မြေဖြစ်တဲ့ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ မွန်အများကြီးရှိတဲ့အတွက် JMC-S တနင်္သာရီတိုင်းမှာလည်း ပါဝင်ဖို့လိုသလို ကရင်ပြည်နယ် JMC-S မှာလည်း မွန်ပြည်သစ်ပါဝင်ဖို့လိုတယ်၊ ဒါမှသာ မွန်ပြည်သစ်ပါတီကနေ အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ပတ်သက်ပြီးတော့ မွန်လူထုကို အကူအညီထောက်ပံ့ အကာအကွယ်ပေးနိုင်မှာဖြစ်တယ်” ဟု မွန်အမျိုးသားပါတီ MNP ဗဟိုအလုပ်အမှုဆောင် နိုင်စံလှိုင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း JMC-S တွင် ပါဝင်ခွင့်မရရှိသဖြင့် မွန်ပြည်နယ် JMC-S ၌ပါဝင်ရန် မွန်ပြည်သစ်ပါတီငြင်းပယ်ထားပြီး အစိုးရ ငြိမ်းချမ်းရေးကော်မရှင်သို့ ဆက်လက်တင်ပြထားသည်ဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဌက ဆိုသည်။

သို့ရာတွင် တပ်မတော်နှင့် NCA လက်မှတ်ထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပေါ်နေသည့် အဖုအထစ်များမျာကို လက်ရှိမြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ကြားဝင်ဖြေရှင်းပေးခြင်း မတွေ့မိကြောင်း၊ ထို့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စေရန် တပ်မတော်အနေဖြင့် NLD အစိုးရအား အမှတ်(ခရိုက်ဒစ်) မပေးလိုဟု သုံးသပ်မိကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု့ဒ် သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းက ဆိုသည်။

NCA လက်မှတ်ရေးထိုးပြီးသည့် ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် JMC-S ကရင်၊ မွန်၊ တနင်္သာရီနှင့် ပဲခူးတိုင်းတို့တွင် ၄ နေရာပါဝင်ဖွဲ့စည်းထားပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts