Homeသတင်းဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို မေလဒုတိယပတ်တွင် ကျင်းပရန်လျာထား

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို မေလဒုတိယပတ်တွင် ကျင်းပရန်လျာထား

-

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ Mon Political Conference ကို လာမည့်မေလ ၁၂ ရက်နေ့မှစတင်၍ မော်လမြိုင်မြို့တွင် ၃ ရက်ကြာ ကျင်းပရန်လျာထားပြီး မွန်အမျိုးသားကိုယ်စားပြုပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးအတည်ပြုမည်ဖြစ်ကြောင်း မွန်အမျိုးသားကိုယ်စားပြု ပါတီဖော်ဆောင်ရေးအဖွဲ့မှ နိုင်တလညီက ပြောသည်။

နိုင်တလညီက “ဒီနိုင်ငံရေးညီလာခံမှာ ပထမအချက်က မွန်အမျိုးသားကိုယ်စားပြုပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေး အတည်ပြုမယ်။ ဒုတိယအချက်က မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်သွားဖို့ ရှိတယ်” ဟု ပြောသည်။
ယခင်ညီလာခံတက်ရောက်ခဲ့သူများကို၄င်း မွန်အမျိုးသားရေးစိတ်ဝင်စားသူနှင့် ဖိတ်ကြားသင့်သူများကို၄င်း ဖိတ်ကြားသွားမည်ဟု သူကဆိုသည်။

ဇန်နဝါရီလက ကျင်းပသည့်မွန်နိုင်ငံရေးညီလာခံ(MNA)

“ကျင်းပရေးကော်မတီက လုပ်ငန်းစဉ်အရ ဖိတ်ကြားသွားဖို့ ရှိတယ်။ တက်တာ မတက်တာက သက်ဆိုင်ရာ ပါတီတွေရဲ့ အပိုင်းဖြစ်တယ်” ဟု နိုင်ငံရေးပါတီတို့၏ပါဝင်မှုနှင့်ပတ်သက်ပြီး နိုင်တလညီက ဆက်ပြောသည်။

သို့ရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သည့် မွန်နိုင်ငံရေးညီလာခံကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP တက်ရောက်ခြင်းမရှိသည့်အပြင် ညီလာခံဆုံးဖြတ်ချက်ကိုလည်း အသိမှတ်မပြုကြောင်း ထုတ်ပြန်ခဲ့ပြီး မွန်အမျိုးသားပါတီ MNP ကလည်း နှစ်ပါတီပူးပေါင်းရေးကိုသာ အာရုံစိုက်နေသည်ဟု အကြောင်းပြကာ မွန်အမျိုးသားကိုယ်စားပြုပါတီဖော်ဆောင်ရေးအဖွဲ့ကို လက်ခံတွေ့ဆုံခြင်း မရှိခဲ့ပါ။

နိုင်ငံရေးပါတီနှင့် ပါတီပြင်ပနိုင်ငံရေးအုပ်စုများအကြား အားပြိုင်မှုသဖွယ် ဖြစ်ပေါ်နေသော နိုင်ငံရေးအခင်း အကျင်းကို ကျော်လွှားပြီး အမျိုးသားနိုင်ငံရေးအသွင်ဖြင့် ပူးပေါင်းလုပ်ဆောင်သွားသင့်ကြောင်း စံပြ လူထုအခြေပြု လူမှုအဖွဲ့မှာ ဒါရိုက်တာ နိုင်ဝင်းဇော်က ပြောသည်။

“အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးကို ကျွန်တော်တို့ ခွဲပြီး မြင်ဖိုု့လိုမယ်။ ပါတီနိုင်ငံရေးနဲ့ သွားလို့တော့ မရတာ မဟုတ်ဘူး။ ရပါတယ်။ ဒါပေမဲ့ ကဏ္ဍငယ်အနေနဲ့ပဲ ထားရမယ်။ အမျိုးသားနိုင်ငံရေးကို ကဏ္ဍအကြီးကြီးမှာ ထားရမယ်။ မွန်အမျိုးသားရေးကို အဓိကထားရမယ်” ဟု သူက ဆိုသည်။

မွန်နိုင်ငံရေးညီလာခံကို ပြီးခဲ့သော ဇန်နဝါရီလ ၁၃ ရက်နေ့က ကျင်းပခဲ့ပြီး ၆ လအတွင်း မွန်အမျိုးသားကိုယ်စားပြုပါတီတစ်ရပ် ဖြစ်ပေါ်လာရေး အကောင်အထည်ဖော်ဆောင်သွားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

အဆိုပါညီလာခံတွင် မွန်လူထုလူတန်းစားအလွှာအသီးသီးမှကိုယ်စားပြုသည့် သံဃာတော်များ၊ စာပေယဉ်ကျေးမှုအဖွဲ့၊ ရာမညအင်အားစုအဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့များ၊ နိုင်ငံရေးသမားများ၊ နယ်စပ်နှင့် နိုင်ငံရပ်ခြားရောက်သူများအဖွဲ့၊ အနုပညာအဖွဲ့နှင့် ဖိတ်ကြားထိုက်သူပညာရှင်များ စုစုပေါင်း (၈၀ဝ) ကျော် တက်ရောက်ကြောင်း တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts