သြစတေးလျနိုင်ငံ ကင်ဘာရာမြို့တော်ရှိ သြစတေးလျအမျိုးသားတက္ကသိုလ်၌ ကျင်းပဆဲဖြစ်သည့် Mon Democracy and Peace Forum မှ မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်းပေါ် လျှောက်လှမ်းခြင်းကို ကြိုဆိုထောက်ခံကြောင်းယမန်နေ့အခမ်းအနားတက်ရောက်သူများ အဆိုပြုခဲ့သည်ဟု သိရသည်။
၄င်းအဆိုကို မနက်ဖန် ဖိုရမ်နောက်ဆုံးရက်တွင် အတည်ပြုမည်ဖြစ်ကြောင်း အခမ်းအနားမှူး ဗညားဟံသာက အစီအစဉ်ပြီးဆုံးချိန်တွင် ဖတ်ကြားခဲ့သည်။
ဗညားဟံသာက “နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေကို ပြန်လည်သုံးသပ်ရေးဆွဲပြီး ဥပဒေဘောင်အတွင်း မွန်အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းစေဖို့ NCA လမ်းကြောင်းပေါ်ကနေ လျှောက်လှမ်းသွားတဲ့နိုင်ငံရေးဖြစ်စဉ်ကို ဒီဖိုရမ်ကနေ ထောက်ခံတဲ့အမြင်သဘောထားရှိတယ်” ဟု ဆိုသည်။
ထို့အပြင် တစ်ခုတည်းသောမွန်အင်အားစုတစ်ရပ်ဖြစ်ပေါ်လာရေးအတွက် အမျိုးသားရေးတာဝန်ထမ်းဆောင်သူများနှင့် နိုင်ငံရေးသမားများအားလုံး ချစ်ကြည်ရင်းနှီးစွာဖြင့် အမြင်ချင်းဖလှယ်နိုင်ရေး အလေးအနက်ထား ဆောင်ရွက်သင့်ကြောင်း သဘောထားကိုလည်း အဆိုပြုခဲ့သည်ဟု သိရသည်။
အဆိုပါ ဖိုရမ်တက်ရောက်နေသော မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်အများစု အထူးသဖြင့် ရှေ့တန်းခရိုင်၊ တပ်ရင်းအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဗဟိုကော်မတီဝင်များအနေဖြင့် NCA လက်မှတ်ရေးထိုးလိုသည့်ဆန္ဒရှိကြောင်း ဆိုသည်။
နိုင်ဟံသာက “မွန်ပြည်သစ်ပါတီအနေနဲ့ NCA ထိုးမယ့်ကိစ္စကို မိမိတို့ရဲ့တပ်ပေါင်းစုဝင်အဖွဲ့တွေနဲ့လည်း တိုင်ပင်နေကြတယ်၊ မိမိတစ်ပါတီထဲ မထိုးသင့်ဘူးလို့မြင်တယ်၊ တပ်ပေါင်းစု(UNFC) ကိုလည်း ပစ်ပယ်လို့မကောင်းဘူး” ဟု ပြောသည်။
သို့ရာတွင် UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့အနေဖြင့် မကြာခင် တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက် နေ့စွဲဖြင့် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် သတင်းထုတ်ပြန်လိုက်သည်ကို သိရသည်။
မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန် ဦးဆောင်သော အဖွဲ့သည် နေပြည်တော်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား သီးခြားစီတွေ့ဆုံအပြီး NCA လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်ထုတ်ပြန်လိုက်သည့်အချိန်သည် သြစတေးလျနိုင်ငံတွင် အဆိုပါဖိုရမ်ကျင်းပနေသည့်အချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။
ဖိုရမ်ဦးဆောင်ကျင်းပသူ နိုင်သီရိမွန်ချမ်းက “ဒီနေ့ကျင်းပတဲ့ဖိုရမ်မှာ အချက်နှစ်ချက်ကိုအဓိကထား ဆွေးနွေးကြတယ်၊ တစ်အချက်က ပြည်တွင်းငြိမ်းချမ်းရေးပေါ့၊ မွန်ပြည်သစ်အနေနဲ့ NCA လမ်းကြောင်းကနေသွားမယ့်အနေအထားကို လက်ခံတဲ့လူ လက်မခံတဲ့လူတွေရှိကြတာပေါ့လေ။ ဒါပေမယ့် တက်ရောက်သူအားလုံးရဲ့အမြင်ကို စုစည်းလိုက်တဲ့အခါမှာတော့ ကာယကံရှင်ဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်တယ်လို့ဆိုကြတယ်၊ ပြီးတော့ အလေးအနက် သတိကြီးကြီးထားပြီး NCA အတိုင်းလိုက်ပါသွားဖို့ပေါ့” ဟု ပြောသည်။
ဇန်နဝါရီ ၂၂ မှ ၂၅ ရက်နေ့အထိ ကျင်းပသည့်အဆိုပါဖိုရမ်တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌနှင့် မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဌ နိုင်ဟံသာ၊ သြစတေးလျမွန်အသင်း ဦးဆောင်ဖွဲ့စည်းခဲ့သူ နိုင်မောင်သောင်း၊ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ မွန်တိုင်းရင်းသားအရေးကျွမ်းကျင်သူ Ashley South, မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ဒါရိုက်တာနှင့် မွန်သတင်းအေဂျင်စီအယ်ဒီတာချုပ် နိုင်ကဆော့မွန်၊ မွန်အမျိုးသမီးခေါင်းဆောင် မိကွန်းချမ်းနွန်နှင့် နယ်ပယ်အသီးသီးမှ တက်ကြွလှုပ်ရှားသူများ၊ သြစတေးလျမွန်အသင်း၊ ကနေဒါ၊ အမေရိကန်၊ မလေးရှား၊ စင်ကာပူနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်ပေါင်း ၂၀ဝ ဦးခန့် တက်ရောက်လျက်ရှိကြောင်း ဖိုရမ်ကျင်းပရေးအစီအစဉ်အရ သိရသည်။