Homeသတင်းမော်လမြိုင်ဆေးရုံကြီးတွင် နှလုံးအထူးကုဌာနတစ်ခုဖွင့်လှစ်ရန်အဆို မွန်လွှတ်တော်အတည်ပြု

မော်လမြိုင်ဆေးရုံကြီးတွင် နှလုံးအထူးကုဌာနတစ်ခုဖွင့်လှစ်ရန်အဆို မွန်လွှတ်တော်အတည်ပြု

-

မော်လမြိုင်ဆေးရုံကြီးတွင် နှလုံးအထူးကုဋ္ဌာနတစ်ခု ဖွင့်လှစ်ဆောင်ရွက်ပေးရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း၏ တိုက်တွန်းကြောင်းအဆိုအား ကန့်ကွက်သူမရှိဘဲ ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးက အတည်ပြုလိုက်ကြောင်း သိရသည်။

ဒေါက်တာမင်းစိုးလင်းက “အဓိကဆိုလိုတာက နှလုံးကြပ်မတ်ကုသအဆောင်တစ်ခု သီးခြားရှိသင့်တယ်၊ ဘာကြောင့်ဆိုတော့ နှလုံးရောဂါဟာ အချိန်နဲ့အရမ်းစကားပြောရတယ်၊ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး နှလုံးအထူးကုနေတဲ့ဋ္ဌာန ရန်ကုန်တို့ကလည်း မိုင် ၂၀ဝ လောက် သွားနေရတယ်၊ ကျွန်တော်ဆေးကုသခဲ့တဲ့ အနှစ် ၃၀ သက်တမ်းတစ်လျှောက် အခုဆိုရင် ဆီးချို၊ နှလုံးရောဂါ ဖြစ်လာတဲ့နှုန်း အင်မတန် များလာတယ်” ဟု ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း(MNA)
နှလုံးသွေးကြောပိတ်နေသော လူနာတစ်ဦးကို ၁၂ နာရီအတွင်း သွေးကြောပြန်လည်ဖွင့်နိုင်လျှင် အသက်ပြန်ရှင်နိုင်မည် ဖြစ်ကြောင်း၊ သွေးကြောပြန်လည်ပွင့်လာရန်လည်း ကျွမ်းကျင်သည့် နှလုံးအထူးကုပါရဂူ၊ လက်ထောက်ဆရာဝန်၊ သူနာပြု စသည့် အနည်းဆုံးကျွမ်းကျင်ပုဂ္ဂိုလ် (၁၀) ဦးအထိလိုအပ်ပြီး ကုသမည့် စက်ကိရိယာများလည်း လိုအပ်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးမှ ထောက်ခံဆွေးနွေးသည်။

ယခင်အစိုးရသက်တမ်းမှာလည်း လွှတ်တော်တွင်ယခုကိစ္စကိုဆွေးနွေးခဲ့သော်လည်း ဆရာဝန်မရှိကြောင်း၊ သတ်မှတ်ထားရှိပေးမည့် အဆောင်မရှိကြောင်း စသည့် အကြောင်းအရင်းတို့နှင့်ပင် အတည်မပြုနိုင်ကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးမှ ထည့်သွင်းဆွေးနွေးသည်။

လက်ရှိတွင် ၂၀၁၆ -၁၇ ဘဏ္ဍာရေးနှစ်၏ ဘတ်ဂျက်ဖြင့်တည်ဆောက်ထားသော အဆောင်ရှိနေပြီး နှလုံးရောဂါကုသနေသည့် ဆရာဝန်ဦးရေ တိုးပွားလာနေသည့်အတွက် အစိုးရဘက်မှ လက်ခံအတည်ပြုပြီးလျှင် ချက်ချင်းလုပ်ဆောင်၍ ရသော အခြေအနေကောင်းဖြစ်နေကြောင်း ဒေါက်တာအောင်နိုင်ဦးမှ ဆက်လက်ဆွေးနွေးသည်။

မော်လမြိုင်မြို့တွင် နှလုံးအထူးကုဋ္ဌာနတစ်ခု ဖွင့်လှစ်နိုင်ခဲ့လျှင် အခြားနီးစပ်သော ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှလည်း ရန်ကုန်မြို့အထိ သွားရောက်ကုသရန် မလိုဘဲ အချိန်နှင့်ငွေကုန်အကုန်ကျသက်သာစွာဖြင့် ကုသနိုင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များမှ ထောက်ပြဆွေးနွေးသည်။

လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက “မော်လမြိုင်မြို့ ပြည်သ့ဆေးရုံကြီးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာန၏ လမ်းညွှန်မှု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးမှ ကြီးကြပ်မှုတို့ဖြင့် နှလုံးရောဂါအထူးကုဋ္ဌာနရရှိဖို့ အစဉ်ဆောင်ရွက်လျက်ရှိပါတယ်၊ နှလုံးကုသရန် လိုအပ်မည့် စက်ပစ္စည်းကိရိယာများပြည့်စုံရရှိစေရန်နှင့် ကုသမည့်ကျွမ်းကျင်ဆရာဝန်များ ခန့်အပ်နိုင်ရန် ၂၇ ရက် ၁၁ လ ၂၀၁၇ ရက်စွဲပါစာဖြင့် နေပြည်တော် ကုသရေးဦးစီးဋ္ဌာနကို ပို့ဆောင်တောင်းခံထားပြီးဖြစ်တယ်” ဟု ပြောသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ကျင်းပသော (၅) ရက်တွင် မေးခွန်းပေါင်း (၂၅) ခု၊အစီရင်ခံစာ ၂ စောင်မှ တစ်စောင်ကို အတည်ပြုခဲ့ပြီး ကျန်တစ်ခုကို တင်သွင်းဆဲ၊ တင်ပြသည့် အဆို (၂) ခုမှ တစ်ခုအား ကန့်ကွက်မဲနှင့် ရှူံးနိမ့်ပြီး ကျန်တစ်ခုအား အတည်ပြု၊ လွှတ်တော်မှ တင်သွင်းသော ဥပဒေတစ်ခုကိုလည်း ခဏတာ ဆိုင်းငံ့ခံရပြီး ယခုအစည်းအဝေးကို လာမည့် တနင်္လာနေ့၌ အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ဆက်လက်ကျင်းပမည် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts