Homeသတင်းမုဒုံမြို့နယ်မှ မူးယစ်ဆေးပြားများနှင့် သေနတ်ကျည်ဆံ ဖမ်းဆီးရမိ

မုဒုံမြို့နယ်မှ မူးယစ်ဆေးပြားများနှင့် သေနတ်ကျည်ဆံ ဖမ်းဆီးရမိ

-

မုဒုံမြို့နယ် တာပသွန်ကျေးရွာနေ ကျော်သူ(ခ) ကျော်နိုင်ဦး၏ နေအိမ်သို့ မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခွင့် ဝရမ်းဖြင့် အောက်တိုဘာ (၁၉)ရက်နေ့တွင် ဝင်ရောက်ရှာဖွေရာ စိတ်ကြွမူးယစ်ဆေးပြားများအပြင် သေနတ်ကျည်ဆံများပါ ဖမ်းဆီးရမိခဲ့ကြောင်း မုဒုံမြို့မရဲစခန်းမှ သတင်းရရှိသည်။

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲအုပ်စိုးသိန်းမြင့်က “ တရာခံကတော့ တာပသွန်ကျေးရွာကပါ။ ဖမ်းဆီးရမိတာကတော့ ဆေးပြား နှစ်ထောင်ကျော်နဲ့ လက်နက်ခဲယမ်းတွေပါ ရှာဖွေတွေ့ရှိခဲ့ပါတယ်” ဟု ပြောသည်။

မူးယစ်ဆေးဝါးနှင့် ကျည်ဆံများဖမ်းဆီးရမိသူ ကျော်သူ(ခ) ကျော်နိုင်ဦး(Aye Min Tun)
ယင်းသို့ ရှာဖွေရာတွင် ၄င်းဝတ်ဆင်ထားသောအင်္ကျီအိပ်ကပ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေး ၈၀ ပြား ၊ R စာတန်းပါ ပန်းရောင်စိတ်ကြွဆေး ၄၂ ပြား နေအိမ်ရှေ့ထောင့်ကြမ်းပြင်ပေါ်တွင် စိတ်ကြွဆေး ၁၅၂၇ ပြား ၊ R စာတန်းပါ ပန်းရောင်စိတ်ကြွဆေး ၈၈၀ ပြား ၊ R စာတန်းပါ အစိမ်းရောင် စိတ်ကြွဆေး ၂၄ ပြား စုစုပေါင်း ၂၄၃၁ ပြားနှင့် ငွေ ၆၀၂,၅၀ဝ ကျပ်ကိုလည်းကောင်း ၊ နေအိမ်ဘုရားစင်ပေါ်မှ အဝတ်အိတ်ဖြင့်ထည့်ထားသော M21,ကျည် ၅ တောင့် ၊ ကာဘိုင်ကျည် ၄ တောင့် ၊ AK 47 ကျည် (၃) တောင့် ၊ ပွိုင့် ၂၂ ကျည် (၂)တောင့်နှင့် ဆိုင်ကယ် W 100 ခဲမဲရောင်တစ်စီးတို့ကို သက်သေများရှေ့တွင် ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း မုဒုံမြို့မရဲစခန်း ဒုရဲမှူး ခင်မောင်ထွန်းမှ အောက်တိုဘာ ၂၁ ရက်နေ့တွင် မွန်သတင်းအေဂျင်စီကို အတည်ပြုပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားခံ ကျော်သူ (ခ) ကျော်နိုင်ဦးအား ဥပဒေလုပ်ထုံး ၊ လုပ်နည်းများအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ စက်တင်ဘာလကုန်ပိုင်းအထိ မူးယစ်ဆေးဝါးမှု ၂၀၃ မှုအနက် စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုမှာ အများဆုံးဖြစ်ပွားခဲ့ပြီး ကျား ၃၃၇ ဦး နှင့် မ ၂၄ ဦး တရားခံစုစုပေါင်း ၃၆၁ ဦး၊ အောက်တိုဘာလ (၁) ရက်နေ့အထိ ၉ လ အတွင်း စိတ်ကြွမူးယစ်ဆေးဝါးအများဆုံးဖမ်းမိရာတွင် ကာလတန်ဖိုးငွေကျပ် ၃၀,၄၁၀,ဝ၂၅ ဒသမ ၆ သန်းခန့် ရှိကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးမှသိရသည်။

အလားတူ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ မူးယစ်ဆေးဝါးမှု ၂၈၃ မှုအား မွန်ပြည်နယ်တွင် ဖော်ထုတ် အရေးယူနိုင်ခဲ့ပြီး တရားခံ ၄၂၅ ဦးတို့အား ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့ပြီးဖြစ်ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ပြည်နယ်လွှတ်တော်တို့ တင်ပြချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts