Homeသတင်းချေးငွေနှင့် နည်းပညာအားနည်းမှုကြောင့် မွန် SMEs လုပ်ငန်းရှင်များအခက်ကြုံ

ချေးငွေနှင့် နည်းပညာအားနည်းမှုကြောင့် မွန် SMEs လုပ်ငန်းရှင်များအခက်ကြုံ

-

မွန်ပြည်နယ် အသေးစားနှင့် အလတ်စား စက်မှုလက်မှု SMEs လုပ်ငန်းရှင်များအနေဖြင့် ဘဏ်ချေးငွေ မရရှိမှုနှင့် နည်းပညာအားနည်းမှုကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။

လုပ်ငန်းရှင်များ ချေးငွေရရှိနိုင်ရန် ဘဏ်အချို့နှင့် ချိတ်ဆက်ထားသော်လည်း လက်တွေ့အကော်အထည်ဖော်နိုင်ရန် အလှမ်းဝေးနေပြီး ယခုအခါ ပြည်တွင်းပို့ကုန်များကိုပါ ပြန်လည်တင်သွင်းနေရသည့်အခြေအနေသို့ ရောက်ရှိလာကြောင်း မော်လမြိုင်မြို့၌ ပဉ္စမ အကြိမ်မြောက်ဖွင့်လှစ်သင်ကြားလျက် ရှိသည့် International Market Analysis Tools Training သင်တန်းတက်ရောက်နေကြသည့် လုပ်ငန်းရှင်များက ပြောသည်။

ပဉ္စမကြိမ်မြောက် International Market Analysis Tools Training-မော်လမြိုင် (မင်းချမ်းညီ)
“ပြည်တွင်း SMEs ကတော့ အရင်းအနှီးချို့တဲ့နေတယ်။အရင်းအနှီးရရှိမှုကလည်း သက်ဆိုင်ရာတွေက ကူညီပေးသော်လည်း ချေးငွေတွေက ဘောင်မဝင်တာတွေများနေတယ်။သူဌေးပဲ ပိုက်ဆံချေးလို့ရတယ်။ ဆင်းရဲသားချေးလို့မရဘူး။ ဦးတို့ကတော့ အတတ်နိုင်ဆုံး လုပ်ငန်းရှင်တွေ ဘဏ်ချေးငွေရအောင် ပေါင်းစပ်ပေးချင်တယ်။ အရင်းနှီးနည်းနေတော့ အပြင်မှာ (၅) ကျပ်တိုး၊ (၁၀) တိုးနဲ့ ချေးတော့ သူတို့တွေလည်းဝန်ပိတာပေါ့။ လက်တွေ့မှာတော့ လုပ်ငန်းရှင်တွေက ပိုက်ဆံချေးခွင့် အလှမ်းဝေးနေတယ်” ဟု မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းထိန်က ဆိုသည်။

မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဥပဒေ၊နည်းဥပဒေများ ထုတ်ပြန်ပြီးနောက် ၄င်းဥပဒေများနှင့်အညီ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်ရပြီဆိုပါက SMEs အဖွဲ့ဝင်အဖြစ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ဝင်ရောက်မှသာ ချေးငွေများရရှိနိုင်မည်ဟု ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်မော်သက်က ဆိုသည်။

သို့ရာတွင် လက်ရှိလုပ်ထုံးလုပ်နည်းနှင့် နည်းဥပဒေအရ မွန်ပြည်နယ် SME အဖွဲ့ဝင်ဖြစ်ရန် ထောက်ခံချက်အမျိုးမျိုး လုပ်ငန်းစဉ်အဆင့်ဆင့် ရှိနေသဖြင့် လျောက်တင်လိုသူနည်းပါးကြာင်း၊ အဖွဲ့ဝင်အဖြစ် ပြန်လည်လျောက်တင်ရန် စိတ်ကုန်နေပြီ ဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

ထို့အတူ ယခင်ပြည်တွင်းပို့ကုန်ဖြစ်သည့် ဆန်စပါးသည်လည်း လုပ်ငန်းရှင်များကိုယ်တိုင် Export လုပ်နိုင်သည့် အရည်အသွေး Quality ကို မသိရှိထားခြင်းကြောင့် ပြည်ပမှ ပြန်လည်ဝယ်ယူနေရမှုများလည်း ကြုံတွေ့နေရပြီး ကမ္ဘာ့ဆန်တင်ပို့မှု စာရင်းတွင် အဆင့်(၁) မှ အဆင့် (၇) အထိ ကျဆင်းနေကြောင်း မွန်ပြည်နယ် စက်မှု ဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးနေလွင်ထွဋ်က ပြောသည်။

၄င်းက “ကျွန်တော်တို့ မြန်မာနိုင်ငံက အရင်တုန်းက ကမ္ဘာပေါ်မှာ ဆန်အများဆုံးတင်ပို့တဲ့နိုင်ငံဖြစ်ခဲ့တယ်။ အခုကတော့ ဆန်တင်ပို့မှု နည်းသွားတယ်။ ဆန်စပါးစိုက်တဲ့ တောင်သူတွေကိုယ်တိုင် ဘယ်လို Export လုပ်ရမလဲဆိုတာ မသိတာလည်း ဖြစ်နိုင်ပါတယ်။Export လုပ်ပြီဆိုတာနဲ့ ပွဲစားတွေကိုပဲ အားကိုးနေရတယ်။ ဈေးကွက်ဘယ်လိုရှိလဲ ဘယ်လို Export လုပ်ရမလဲဆိုတာ ပွဲစားတွေပဲ သိတယ်။ အဲ့ဒါကြောင့် ဈေးနှုန်းအရ တကယ်လုပ်တဲ့လူတွေက မရဘဲနဲ့ သူတို့ကိုမှီခိုနေရတဲ့အတွက် ဈေးကွက်မရတာတွေ၊ ဈေးနှုန်းနည်းတာတွေ၊ ဈေးကွက်အသတ်ခံရတာတွေ ကြုံကြရပါတယ်” ဟု ဆိုသည်။

၄င်းအပြင် ပြည်ပသို့ Export တင်ပို့ရာမှာ လမ်းခရီးကြန့်ကြာမှုများကြောင့် မူလအရည်အသွေး Quality လျော့ကျပြီး ပြည်ပနိုင်ငံများ၏ ယုံကြည်မှုလျော့ပါးစေသည့်အတွက် အစိုးရအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းများ ကူညီထောက်ပံ့ပေးရန် သင်တန်းတက်ရောက်နေကြသည့် လုပ်ငန်းရှင်များက တောင်းဆိုမှုများလည်း ရှိသည်။

“ကျွန်တော်တို့ ဆီမှာကလည်း ပစ္စည်းတွေကို Export တင်တဲ့အခါ ကွန်တိန်နာတွေကို စစ်ဆေးတာ ကြာမြင့်တာတို့ သင်္ဘောတင်ဖို့ရက်ကြာတာတွေ ဖြစ်မယ်၊ ဆိပ်ကမ်းမှာ ကွန်တိန်နာ ပေးမထုတ်သေးတာတွေရှိမယ်။ ကွာလတီကတော့ လျော့သွားတာပေါ့။ ကြားထဲမှာ အချိန်ကြာမြင့်တာကြောင့် အရည်အသွေးကျဆင်းတာတွေ သူတို့ အော်ဒါပေးတာနဲ့ အရည်အသွေးမတူတာတွေဖြစ်လာတဲ့အခါကျတော့ မြန်မာပြည်က Export ဈေးကွက်ကို သူတို့တွေ ယုံကြည်မှုနည်းနည်းတော့ လျော့လာတာပေါ့။ အစိုးရကလည်း ဒီလုပ်ငန်းရှင်တွေကို ထောက်ပံ့ပေးပြီးတော့ အခုလိုမျိုး Training သင်တန်းတွေခေါ်တယ်။ အခွင့်အရေးတွေပေးမယ်ဆိုရင်တော့ ပိုပြီးတိုးတက်လာမယ်လို့ မြင်ပါတယ်” ဟု Trade Market and Distribution မှ ကိုသက်မောင်မောင်ဝင်းက ပြောသည်။

ထို့အပြင် ရာဘာလုပ်ငန်းရှင်များအနေဖြင့်လည်း ရာဘာဈေးနှိမ်ရောင်းချနေရသည့်အတွက် ပြည်ပသို့ Export တင်ပို့နိုင်သည့် အရည်အသွေးရရှိအောင် သက်ဆိုင်ရာ လုပ်ငန်းရှင်များအား အသိပညာမျှဝေပေးခြင်းနှင့် နည်းပညာအကူအညီများပေးရန် လိုအပ်ကြောင်း ရာဘာလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ကျွန်မတို့ မွန်ပြည်နယ်မှာ ရာဘာနဲ့ ဆန်စပါးတွေ အများဆုံးထွက်ပါတယ်။ ရာဘာဆိုရင် အရည်နဲ့ အပြားတွေကို ရွာမှာရှိတဲ့ ပွဲရုံငယ်လေးတွေမှာပဲ ပေးနိုင်တယ်။သူတို့ပေးတဲ့ဈေးနဲ့ပဲ ရတယ်။ မြို့ကြီးတွေကို တက်မသွင်းနိုင်ဘူး။ ရွာမှာရှိတဲ့ ရာဘာပိုင်ရှင်တွေက ရာဘာခြစ်ပြီး ရောင်းပဲရောင်းတယ်။ကွာလတီတွေလည်း မပြောပြကြဘူး။ တကယ့် Export လုပ်နိုင်တဲ့ ကွာလတီကို မထုတ်နိုင်ကြဘူး။ တကယ်ရောင်းတဲ့အချိန်မှာ အမြတ်အစွန်းမထွက်တာတို့ ၊ ရှုံးတာတို့ရှိတယ်။ ရာဘာလည်း ကွာလတီ အပြည့်မရတဲ့အတွက် ဈေးနှိမ်ပြီးတော့ ရောင်းရတဲ့အဆင့်ဖြစ်လာတယ်” ဟု ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာက ရာဘာလုပ်ငန်းရှင် မဇီဇဝါက ဆိုသည်။

လက်ရှိတွင် မွန်ပြည်နယ် စက်မှုလက်မှု ကုန်သည်အသင်းကို အဖွဲ့ဝင်အသစ်များဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး SMEs လုပ်ငန်းရှင်များကို ဘဏ်ချေးငွေများရရှိအောင် သက်ဆိုင်ရာနှင့် ပေါင်းစပ်ဆောင်ရွက်ရန်ကြိုးစားနေကြောင်း သိရသည်။

သို့ရာတွင် မွန်ပြည်နယ် SMEs လုပ်ငန်းများ ထိုင်းနယ်စပ်နှင့်နီးစပ်သဖြင့် အခွင့်အလမ်းကောင်းများတွေ့မြင်နေရသော်လည်း အသက်မဝင်သေးကြောင်း လုပ်ငန်းရှင်များက ပြောသည်။

စက်မှုဝန်ကြီးဌာနအောက်တွင် အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနများကို ၂၀၁၄ ခုနှစ် မေလအတွင်း စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်မှ “အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” ကို၄င်း၊ မွန်ပြည်နယ်လွှတ်တော်မှ “မွန်ပြည်နယ်အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ” ဥပဒေကို၄င်း ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် တပြိုင်တည်းပြဌာန်းခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts