Homeသတင်းဝါရင့်မွန်နိုင်ငံရေးခေါင်းဆောင်နိုင်ငွေသိမ်း ရန်ကုန်ဆေးရုံကြီးအရေးပေါ်ကုသ

ဝါရင့်မွန်နိုင်ငံရေးခေါင်းဆောင်နိုင်ငွေသိမ်း ရန်ကုန်ဆေးရုံကြီးအရေးပေါ်ကုသ

-

အသက် ၉၄ နှစ်ရှိ ဝါရင့်မွန်နိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်း ကျန်းမာရေးအခြေအနေစိုးရိမ်ရသဖြင့် ဇွန်လ ၂၃ ရက် ည ၁၁ နာရီတွင် ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ကုသနေရကြောင်း သိရသည်။

“ည ၇ နာရီမှာ သွေးတိုးပြီးမူးဝေတော့ ရပ်ကွက်ဆရာဝန်ခေါ်ပြီး ဆေးထိုးတယ်၊ နောက်ပိုင်း ခဏခဏ အရမ်းအန်တာ သွေးပါလာတယ် သတိလစ်တယ်၊ ဒါကြောင့် ဆေးရုံကြီးကို အရေးပေါ် ပို့လိုက်ရတာ” ဟု အနီးကပ်ပြုစုနေသူ မင်းခိုင်စွမ်းက ပြောသည်။

နိုင်ငွေသိမ်း ရန်ကုန်ဆေးရုံအရေးပေါ်ဌာနရောက်ရှိလာစဉ်(မင်းခိုင်စွမ်း)
ယနေ့နံနက်ပိုင်းတွင် လူနာသတိပြန်လည်လာသော်လည်း အခြေအနေကောင်းသည်မဆိုနိုင်ကြောင်း မင်းခိုင်စွမ်းက ဆိုသည်။

“ရုတ်တရက်သွေးတိုးပြီး အစာအိမ် သွေးယိုစိမ့်တာလို့ ဆရာဝန်ပြောတယ်” ဟု မင်းခိုင်စွမ်းက ဆက်ပြောသည်။

သို့ရာတွင် လူနာအနေဖြင့် လောလောဆယ် စိုးရိမ်ရသည့်အနေအထားမှ အခြေအနေတိုးတက်လာကြောင်း၊ မွန်အမျိုးသားပါတီမှလည်း လူနာ၏အခြေအနေကို အချိန်မပြတ်စောင့်ကြည့်နေကြောင်း မွန်အမျိုးသားပါတီ MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။

နိုင်လယီတမက “ဒီမနက်ပိုင်း သတိပြန်လည်လာပြီဆိုတဲ့အတွက် တိုးတက်လာတဲ့အနေအထားလို့ ပြောလို့ရပါတယ်၊ ကျနော်တို့ဆီက EC တစ်ဦးလည်း ဥက္ကဌကြီး(နိုင်ငွေသိမ်း) မှာ အနီးကပ်ရောက်နေတယ်” ဟု ဆိုသည်။

သားတစ်ဦးသာထွန်းကားပြီး ဇနီးသည်ကွယ်လွန်ခဲ့သည်မှာ အနှစ် ၃၀ ခန့်ကျော်ပြီဖြစ်သည့်အတွက် နိုင်ငွေသိမ်းသည် မူလနေအိမ် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ၁၂ တန်း- တိုက်အမှတ်၂၁၁ အခန်း ၁၇ တပည့်များနှင့်အတူ နေထိုင်လျက်ရှိသည်။

မိမိအသက်ကြီးနေပြီဖြစ်သည့်အတွက် မွန်အမျိုးသားပါတီဥက္ကဌအဖြစ်မှ နုတ်ထွက်ပြီး သာမန်ပါတီဝင်အဖြစ်သာ နေထိုင်လိုကြောင်း ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ပါတီခေါင်းဆောင်များထံ စာရေးသားပေးပို့ခဲ့သော်လည်း တရားဝင်ပြန်တမ်းထုတ်ပြန်ခဲ့ခြင်း မတွေ့ရပေ။

မွန်အမျိုးသားပါတီ(ယခင် မွန်ဒီမိုကရေစီပါတီ) မဖွဲ့စည်းမီ ယခင် ၁၉၈၈ ခုနှစ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ဖွဲ့စည်းခဲ့စဉ်က နိုင်ငွေသိမ်း ဒုဥက္ကဌ(၁) တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

နိုင်ငွေသိမ်းသည် ၁၉၄၅ ခုနှစ်များမှစတင်၍ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ မွန်လက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း(၁၉၄၈-၅၈) တွင် ပါဝင်ထမ်းဆောင်ခဲ့သူ ဝါရင့်မွန်အမျိုးသားခေါင်း ဆောင်တစ်ဦးဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts