Homeသတင်းအစိုးရအဖွဲ့၏အစီရင်ခံစာ တိကျစွာရေးသားဖော်ပြရန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသတိပေး

အစိုးရအဖွဲ့၏အစီရင်ခံစာ တိကျစွာရေးသားဖော်ပြရန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသတိပေး

-

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လဖြစ်သည့် အောက်တိုဘာလမှ မတ်လအထိ အစီရင်ခံစာကို ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ရာ မြေပြင်အခြေအနေနှင့် ကွဲလွဲနေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်မှုများကို တွေ့ရှိရခြင်းကြောင့် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက တိကျစွာရေးသားဖော်ပြရန် သတိပေးပြောကြားလိုက်သည်။

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ “ကျွန်မအနေနဲ့ကတော့ နောင်ဆိုရင် အစိုးရအဖွဲ့ရဲ့ အစီရင်ခံစာကို ဒီထက်ပိုပြီးတော့ မြေပြင်အခြေအနေနဲ့ ကိုက်ညီပြီးတော့ မြေပြင်အခြေအနေပေါ်မှာ အမှန်တကယ်ဖြစ်ပေါ်နေတဲ့အထောက်အထားတွေ ကိစ္စရပ်တွေ အားလုံးကို တိတိကျကျ အစီရင်ခံစာမှာ မမှားယွင်းပဲနဲ့ မချွင်းမချန်ပဲနဲ့ တင်ပြရမယ်”ဟု ပြောသည်။

မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(မွန်လွှတ်တော်)
ဇွန်လ ၁၄ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(ပဉ္စမနေ့) တွင် ဝန်ကြီးချုပ်ဒေါက်တာအေးဇံ ဦးဆောင်သော မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစီရင်ခံစာတင်ပြခဲ့ရာတွင် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးထောက်ပြဝေဖန် အကြံပေးခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ခုနှစ် ဒုတိယခြောက်လပတ်အစီရင်ခံစာတွင် လယ်ယာကဏ္ဍ၌ မိုးစပါးစိုက် တစ်ဧကကို ၆၆ တင်း ထွက်ရှိသည်ဟု ဖော်ပြထားပြီး အမှန်တကယ်အထွက်နှုန်းမှာ တစ်ဧက တင်း ၃၀ နှင့် တင်း ၅၀ သာဖြစ်နေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ထောက်ပြခဲ့သည်။

မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက “ဒီကိစ္စက တကယ်တမ်းကျတော့ ကိန်းဂဏန်းက မှားယွင်းချွတ်ချော်၊ ဒီလိုမျိုး ပြည်နယ်တစ်ခုလုံးရဲ့ လယ်ယာကဏ္ဍကြီးအောက်မှာ သွားတယ်၊ လယ်ယာကဏ္ဍကြီးသုံးခု ကျွန်တော်တို့ပြန်ပေါင်းလိုက်ရင် ကိန်းဂဏန်းက လွဲပြီ၊ ကိန်းဂဏန်းလွဲတာနဲ့ ပြည်နယ်တစ်ခုလုံး GDP အကုန်လွဲမယ့်အနေအထားမျိုး ရှိနေတယ်”ဟု ပြောသည်။

ထို့ပြင် သထုံမြို့နယ်ရှိ လယ်ကွက်များတွင် အုတ်ဖိုလုပ်ငန်းများဆက်လက်မလုပ်ဆောင်ရန် ရပ်ဆိုင်းခဲ့သော်လည်း အုတ်ဖုတ်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေခြင်း၊ လွှတ်တော်မှ အတည်ပြုထားသည့်ကတိကဝတ်များကို ထည့်သွင်းရေးသားထားခြင်းမရှိကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဆွေးနွေးထောက်ပြခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက “ဒါတွေအားလုံးက အားနည်းမှုလား မှားယွင်းမှုလားဆိုတာ ကျွန်တော်တို့ ပြန်စစ်ဆေးရမယ်။ အချို့စာရိုက်တဲ့အခါ ကိန်းဂဏန်းတွေ တစ်ခါတစ်လေ သုညတစ်လုံးပိုသွားတာတို့ လျော့သွားတာတို့ ဒါတွေကလည်း တော်တော်အန္တရာယ်များတယ်။ ဒါတွေကိုလည်း ကိန်းဂဏန်းတွေကိုလည်း ပြန်စိစစ်ပေးဖို့ရှိပါတယ်”ဟု ပြောသည်။

အလားတူ ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးလက်ထက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လပတ်အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထားသည့် အချက်အလက်အများစု လွဲချော်မှုရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များမှ သုံးသပ်ထားသဖြင့် ၄င်းအစီရင်ခံစာကို စီစစ်ပြင်ဆင်ရေးဆွဲပြီး ပြန်လည်တင်ပြပေးရန် ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပသည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်ကို တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts