Homeသတင်းDPN နှင့် PC တွေ့ဆုံမှု ရလဒ်ကောင်းရရှိဟု နှစ်ဘက်လုံးဆို

DPN နှင့် PC တွေ့ဆုံမှု ရလဒ်ကောင်းရရှိဟု နှစ်ဘက်လုံးဆို

-

UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကော်စီ ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ DPN နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် PC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Furama Hotel ၌ ဇွန် ၁၀ ရက်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးရာ ရလဒ်ကောင်းများ ရရှိခဲ့သည်ဟု နှစ်ဘက်လုံးထံမှ သိရသည်။

“ကျွန်တော်တို့ ညှိနှိုင်းခဲ့တာ ၅ ကြိမ်ရှိပါပြီ။ အဲဒီမှာလည်း သဘောထားကွဲလွဲမှုက အကြီးအကျယ်မရှိပါဘူး။ စကားလုံး အပြောင်းအလဲတွေပဲ ရှိပါတယ်။ အခု ဒီနေ့ညှိနှိုင်းတဲ့ အပေါ်မှာတော့ လာမယ့် ဆဌမအကြိမ် တကယ့်တရားဝင်တွေ့တဲ့အချိန်ကြရင် အဖြေကောင်းထွက်မယ်ဆိုတာကို ကျွန်တော်တို့ ဒီနေ့ သဘောတူညီချက်ရရှိခဲ့တဲ့အတွက် ဒါ အဖြေကောင်းတစ်ခုပါပဲ” ဟု ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦင်္းအောင်စိုးက ပြောသည်။

DPN နှင့် PC ခေါင်းဆာင်များသတင်းစာရှင်းလင်း(TZA)

UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကော်စီ ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ DPN နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် PC တို့သည် ၂၀၁၆ခုနှစ် ဇွန် ၃ရက် မှ ၂၀၁၇ခုနှစ် ဧပြီ ၂၈ ရက်အထိ တရားဝင်အစည်းအဝေး ၅ြ ကိမ် နှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲပြီး ဖြစ်သည်။

“ကျွန်တော်တို့ဘက်က သိလိုတဲ့အချက်တွေကိုလည်း မေးဖြစ်ကြပါတယ်။ ဒီနေ့တွေ့ဆုံမှုကတော့ နှစ်ဖက်စလုံး ပွင့်ပွင့်လင်းလင်းနဲ့ ရှေ့ဆက်သွားမယ့် ဖြစ်စဉ်တွေအတွက် နောက်ဆုံးတွေ့ဆုံတဲ့ တွေ့ဆုံပွဲရဲ့ ရလဒ်ကောင်းလို့ ပြောလို့ရပါတယ်” ဟု UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင် ခူဦးရယ်က ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေး မှ ရရှိလာသော ရလဒ်များကို PC မှ DPN သို့ ရှင်းလင်းတင်ပြခဲ့ပြီး DPN မှ တင်ပြထားသော အချက်၉ချက်ကိုလည်း ဆွေးနွေးခဲ့ကြရာ ရလဒ်ကောင်းများကို ရရှိခဲ့သည်၏ဟု နှစ်ဖက်ခေါင်းဆောင်များက ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခု ဆွေးနွေးပွဲသို့ PC မှ ဦးအောင်စိုး၊ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး နှင့် ဦးကျော်လင်းဦး၊ DPN မှ ခူဦးရယ်၊ ဒေါက်တာနိုင်ရွှေသိန်း၊ ဒူဝါဘောမ်ဝမ်လရော်၊ ဗိုလ်မှူးကြီးဆော်လမွန်၊ ဗိုလ်မှူးကြီးမင်းထွန်း၊ ဗိုလ်မှူးဟတ်ဟန်၊ ဦးထွန်းဇော်၊ နိုင်ဗညားမွန် နှင့် ဦးဆန်အောင် တို့ တက်ရောက်ခဲ့ကြသည်။

UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဒုတိယအကြိမ် ညီလာခံကို ဇွန် ၂၀ ရက်နေ့မှစတင်ကာ ၅ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး DPN နှင့် PC ၏ ဆဌမအကြိမ် အစည်းအဝေးကို ရန်ကုန်တွင် ဇူလိုင်လအတွင်း ပြုလုပ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ တွင် ANC ရခိုင်အမျိုးသားကောင်စီ၊ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ၊ NMSP မွန်ပြည်သစ်ပါတီ၊ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ LDU လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ကျန်ရှိနေပြီး KIO/KIA ကချင်လွတ်မြောက်ရေးအဖွဲ့ နှင့် WNO ‘ဝ’ အမျိုးသားအဖွဲ့အစည်း တို့ နှုတ်ထွက်စာ တင်ထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts